“ ချောင်းဘေးနားက သရဲမ ”
“ ချောင်းဘေးနားက သရဲမ ”
ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် )
( စ - ဆုံး )
မှောင်နက်မဲမဲ လူသူကင်းမဲ့ပြီး ပုရစ်တွန်သံတွေကလွဲရင်
တိတ်ဆိတ်တဲ့ညချမ်းလေး…ရာသီဥတုက မိုးအကုန်ကာလလေး
ချောင်းအစပ်တစ်နေရာမှာ ငါးမျှားနေရင်း လူနှစ်ယောက်အမှောင်ထဲမှာ
“ ကျော်လွင် မင်း ၀ိုင်းတင် ကို တကယ်ကြွေနေတာလား ”
“ ကိုခိုင်ကြီး တို့ကတော့ မေးပဲမေးနိုင်လွန်းတယ်…
တကယ်ကြွေတာပါဆို..ဒီနေတင်ပြောပြောနေရာ အခါတစ်ရာမကတော့ဘူး… ၊
ဒီထက်အော်လိုက်ရင်လည်း ငါးတွေလန့်ပြီး ပြေးကုန်မှာသေချာတယ် ”
“ မင့် ဟာက ..ဟိုကလေးမက မင်းမျက်နာတောင်အဖက်လုပ်ပြီး
သေသေခြာခြာကြည့်ဖူးလို့လားဟ သောက်ရူး ”
“ ဟေ့လူ ဟေ့လူ..မူးနေလည်းအေးဆေးနေဗျာ…
ကျုပ်မှာ အသားလေးမသိမသာမဲတာလေးကလွဲ အပြစ်ပြောစရာဘာမှမရှိပါဘူး…၊
တင့်တောင်းတင့်တယ်ဆိုတာထက် သူ့တစ်ယောက်စာတော့ ကောင်းကောင်းရှာကျွေးနိုင်ပါတယ် ၊
သူလေးက ကျွန်တော့်ကို တည့်တည့်မကြည့်ဘူးဆိုတာကလည်း ကျွန်တော့်ကို
ရှက်လို့နေမှာပေါ့….ဟီးဟီး…ဘာပဲဖြစ်ဖြစ် တစ်နေ့နေ့တော့
နှလုံးသားချင်း နီးလာမှာပေါ့ဗျာ… ”
ပြောပြောဆိုဆိုနဲ့ ကျော်လွင်ဆိုသူက ဖွာလက်စ
စီးကရက်တစ်လိပ်ကို မီးမသတ်ဘဲ ချောင်းစပ်နားက အမှောင်တစ်နေရာမှာရှိတဲ့
မလှမ်းမကမ်းခြုံတစ်ခုထဲ ပစ်ထည့်လိုက်တယ်…
“ ဟေ့ကောင် ကျော်လွင်…မင်းဟာလေ…
တစ်ရွာလုံးကို မီးရှို့မယ့်ကောင်…ဆေးလိပ်ကို မီမသတ်ဘဲလွင့်ပစ်မှတော့
မီးတွေလောင်ကုန်မှာပေါ့ဟ..လခွမ်းပဲကွာ… ”
ကိုခိုင်ကြီးက ဆူငေါက်နေတုန်းမှာ
ကျော်လွင် လွင့်ပစ်လိုက်တဲ့ ဆေးလိပ်ရှိနေတဲ့ ခြုံထဲကနေ
မီးခိုးငွေ့တွေ ထွက်လာတာကို တွေ့လိုက်တယ်…. ၊
မီးမငြိမ်းပဲ ပစ်လိုက်တာမို့ ၊ ဘေးနားက လောင်စာတွေနဲ့တွေ့ပြီး
မီးစွဲစပြုနေပြီလေ… ၊ ကျော်လွင်က မီးပြေးငြိမ်းဖို့ ထလိုက်တဲ့အချိန်မှာတော့
ခုနက မီးဖိုးတွေက ချက်ချင်း ပျောက်သွားပြန်တယ်…. ၊
“ ဆေးလိပ်မီးက ဘေးနားက သစ်ရွက်အစိုတွေနဲ့တွေ့ပြီး
ငြိမ်းသွားပြီမှတ်တယ်ဗျ… ”
သူထပ်ပြီးအဆူခံရမှာစိုးလို့ သေချာအောင် ဆေးလိပ်အနားသွားကြည့်တော့လည်း
မကုန်သေးတဲ့ဆေးလိပ်တစ်ပိုင်းစာနဲ့ ဆေးလိပ်ဖင်ဆီခံအဖြူရောင်လေးက
မြက်အစိုတွေပေါ်မှာ မီးငြိမ်းနှင့်နေပြီ ၊ အဲ့ဒါနဲ့ ကျော်လွင်လည်း ပြန်လှည့်လာပြီး
ငါးမျှားနေတဲ့နေရာမှာပဲ ဆက်ထိုင်ပြီး ဆက်မျှားနေလိုက်တယ် ၊
မကြာပါဘူး..သူတို့နှစ်ယောက် စကားတစ်ပြောပြောလုပ်နေတုန်းမှာပဲ
ခုနက ဆေးလိပ်ပစ်လိုက်တဲ့ ခြုံထဲကနေ လူတစ်ယောက် ဖြတ်ပြေးနေသလို
လှစ်ခနဲလှစ်ခနဲ … တစ်ခုခု လှုပ်ရှားနေတာကို သတိထားမိလိုက်ကြတယ်… ၊
လပြည့်ညမဟုတ်ပေမယ့် ခြုံထဲမှာ ခြုံတိုးသံနဲ့ သစ်ရွက်ချင်း တိုက်မိသံကြားရတဲ့အထိ ၊
ထူးဆန်းတာက သူတို့ လှည့်ကြည့်လိုက်ရင် ငြိမ်သွားပြန်တယ် ၊ သူတို့မကြည့်တော့ရင်
လှုပ်နေပြန်ရော… ၊ တိုက်ဆိုင်လွန်းနေတော့ လန့်သွားပေမယ့် ပြန်စဉ်းစားမိကြရင်း
“ သြော်…ဟော..ဟော… ခြုံထဲမှာ
ကြွက်တွေ အကောင်တွေ နေမှာပါလေ….. ” လို့တွေးလိုက်ကြတုန်း ၊
ဆက်တိုက်ကို တိုးဝှေ့သံကြားရလိုက် ၊ ကြည့်လိုက်ရင် ငြိမ်သွားလိုက်ဖြစ်နေပြန်တော့ ၊
မသင်္ကာတော့တာနဲ့ ကိုခိုင်ကြီးက ကျော်လွင်ကို ကြည့်ခိုင်းပြန်တော့
ကျော်လွင်လည်း တုတ်တစ်ချောင်းကိုကိုင်ပြီး ခြုံထဲကို
ဟိုထိုး ဒီထိုးလုပ်ကြည့်ပြန်တယ်… ခြုံထဲမှာ ဘာမှရှိမနေဘူး… ၊
ထူးဆန်းတာတစ်ခုက ကျော်လွင်ပစ်ထားတဲ့ သောက်ပြီးသား
မီးငြိမ်းဆဲ ဆေးလိပ်လေးတော့ ပျောက်နေတယ် ၊ ဒါကလည်း
အရေးကြီးတဲ့ကိစ္စမှမဟုတ်ဘဲလေ…. ကျော်လွင်တို့လည်း အမှုမဲ့အမှတ်မဲ့
ထားလိုက်ရင်း ငါးဆက်မျှားနေတုန်း ….
သူတို့အနောက်ဘက်ကနေ တစ်စုံတစ်ယောက် စိုက်ကြည့်နေသလို ခံစားလိုက်ရတယ်
အဲ့ဒီ့ ခံစားချက်ကို တူတူပြိုင်တူ ခံစားမိကြတာမို့ တစ်ယောက်မျက်နာတစ်ယောက်ကြည့်ပြီး
ပြိုင်တူ အနောက်လှည့်ကြည့်လိုက်တော့ သူတို့အနောက်နားမှာ
စီးကရက်အတိုအဖြူရောင်လေးကို ရဲခနဲ့ ရဲခနဲ့ ဖွာနေတဲ့ ဂေါ်ရခါးလူမျိုးပုံစံ
ဆံပင်ဖျားလျားကြီးနဲ့ အဘွားအိုကြီးတစ်ယောက်ကို တွေ့လိုက်ကြရတယ် ၊
စီးကရက်ကလည်း ကျော်လွင်ပစ်လိုက်တဲ့ စီးကရက်အတိုလေး….
ဘာပြောကောင်းမလဲ နှစ်ယောက်သား စည်းဝါးညီညီ
အော်လို့…ဆိုင်ကယ်လည်းပစ်ခဲ့ရင်း လူပဲ အလွတ်ပြေးလာခဲ့ကြတာ
ရွာရောက်တော့ မနည်းနှာနှပ်ယူလိုက်ရသေးတယ် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လင်ရောင်ခြည်နဲ့အတူ ရောင်နီဦးမှာ
ရွာငယ်လေးအတွင်း သတင်းတစ်ခု ပျံ့နှံ့လို့နေဆဲ့….
ရွာထန်းတောထဲမှာလည်း ကာလသားတွေစုပြီး
ညက ကျော်လွင်တို့ကြုံခဲ့တဲ့ အကြောင်းကိုပဲ
ဆွေးနွေးနေကြပုံရတယ် …
“ ဟေ့ယောင် မင်းတို့ ဟိုကောင်တွေ တူဝရီးအကြောင်း
ကြားပြီးပြီလား ”
“ ဘယ်သူတွေလည်းကွ ”
“ ကျော်လွင် နဲ့ သူ့ဦးလေး ခိုင်ကြီး လေ..
မနေ့ညက ဟိုနေရာမှာ မူးမူးရူးရူးနဲ့ ငါးသွားမျှားတာ
ဂေါ်ရခါး သရဲမကြီး ခြောက်လွှတ်လိုက်လို့ ဆိုင်ကယ်တောင်
မယူခဲ့ဘဲ ခွေးပြေးဝက်ပြေး ပြန်ပြေးလာကြရတယ်ဆိုပဲ… ”
“ ဟားဟား အဲ့လောက်တောင်ပဲလားကွ… ”
“ ဟုတ်ပါတယ်ဆို.. အဲ့ဒါကြောင့် မနက်အစောလေးတင်
သူတို့အဖေတွေနဲ့သူတို့အမျိုးအဆွေတွေ ငါးယောက်ဆယ်ယောက်စုပြီး
ဆိုင်ကယ်တွေ ၊ ငါးမျှားတံတွေ ပြန်သွားယူခဲ့ရတာပေါ့ ”
“ အလကားကောင်တွေပါကွာ
ဆန်ကုန်မြေလေးကောင်တွေ တစ်ခါတည်းသေသွားရမှာ
အဲ့ဒါမှ ငါနဲ့အတူ ၀ိုင်းတင်ကိုလုမယ့် ပြိုင်ဘက်တစ်ယောက်လျော့သွားမှာ ဟားဟား ”
“ ဟားဟား ”
“ ဒါနဲ့ နေပါဦး အဲ့ဒီ့ ဂေါ်ရခါး သရဲမကြီးက
ပုံပြင်မဟုတ်ဘဲ တကယ်ကြီးရှိနေတာလားကွ…
ဒါမှမဟုတ်…. ”
“ ဟေ့ယောင် ပေါက်ကရတွေ လျှောက်မပြောနဲ့
သရဲဆိုတာ တကယ်မရှိဘူး ကလေးတွေကို ခြောက်ဖို့လူကြီးတွေ
ထွင်ထားတဲ့ ဗီလိန်ဇာတ်ကောင်တွေပါပဲကွာ…. ”
“ မဟုတ်သေးဘူးနော်… ငါတို့ဘုရားဟောထဲမှာ… ”
“ နေစမ်းပါ ထွန်းမြိုင်ရာ…တရားဟောမယ်ဆိုလည်း
လက်ထဲက ထန်းရည်ခွက်လေးတော့ ချပြီးမှဟောစမ်းပါကွာ…
မင်းကြည့်ရတာ အဆင်မပြေလွန်းလို့ပါ…ဟား…. ”
အငြင်းပွားစရာလေးတွေပြီးဆုံးလို့ ညနေစောင်းအချိန်လေး
ဆိုင်ကယ်ကိုယ်စီနဲ့ အိမ်ပြန်လမ်းခွဲကြတဲ့အခါ ဆိုင်ကယ်တစ်စီးတည်းစီးကြတဲ့
အိမန်နီးချင်း ကာလသားနှစ်ယောက်ကတော့ သူတို့စကားဝိုင်းလေးကို
လမ်းအထိ သယ်လာတုန်းပဲ…
“ ထွန်းမြိုင် မင်းက ဘုရားဟောတယ်ဘုရားဟောတယ်သာပြောနေတယ်
မင်းရော အပြင်မှာ သရဲမြင်ဖူးလို့လား ”
“ ဟေ့ယောင် သူရ မင်းများသွားပြီ မင်းဗုဒ္ဓဘာသာမဟုတ်ဘူးလား ”
“ မဟုတ်ဘူးလေ…ငါ ဗုဒ္ဓဘာသာပါကွာ….ဒါပေမယ့် ငါကလက်တွေ့သမား
မင်းကိုငါမေးတာရှင်းရှင်းလေး ဟိုတူဝရီးတွေက သရဲတွေ့လာတယ်ဆိုတာ
မင်းယုံတယ်ပေါ့…. ”
“ ဟုတ်တယ် ငါယုံတယ် သူရ ”
“ အေး..ငါမယုံဘူးကွာ… ”
“ သူရ မင်းပြောချင်တာက…. ”
“ ဟုတ်တယ် ထွန်းမြိုင် ဒီကောင်တွေ မူးမူးရူးရူးနဲ့ မြင်ချင်ရာ
မြင်လာတဲ့ကောင်တွေ..ငါမယုံဘူး… ”
“ မဟုတ်သေးဘူးနော်…လူကြီးတွေပြောကြတာလည်း
ဟိုးတုန်းက အဲ့နေရာမှာ ဂေါ်ရခါးအဘွားကြီးတစ်ယောက် သူ့ခြံကိုစောင့်ရင်း
တဲလေးနဲ့နေတာတဲ့…နောက် အဲ့နေရာမှာပဲ ဆွဲကြိုးချပြီး ဆုံးသွားတာ…
လူတွေ သိတော့ အလောင်က ပုတ်တောင်ပုတ်နေပြီဆိုပဲ… ၊
နောက်ပိုင်း ခြောက်တာ လန့်တာတွေရှိတယ်လို့ကြားတယ်လေ ၊
ဒီအကြောင်းကို ငါရောမင်းရော တစ်ရွာလုံးပါ သိထားပြီးသားမဟုတ်လား ”
“ ဒါတွေက လူကြီးတွေရဲ့ ဇာတ်ညွှန်းတွေပါကွာ…
အဓိက က အဲ့နေရာကလူပြတ်တယ် ၊
ချောင်းဘေးနားလည်းဖြစ်နေတော့ ငါတို့ မှောင်ရိပ်ခိုပြီး
မဟုတ်တာတွေ လုပ်မှာစိုးလို့ ဇာတ်လမ်းထွင်ပြီး ချောက်ထားတဲ့သဘောပဲ
နပ်စမ်းပါ ထွန်းမြိုင်ရာ မင်းက တစ်ခါတစ်လေ ရှေးရိုးအရမ်းစွဲတယ် ”
ထန်းရည်ကြောင့် ရီဝေေ၀လေးဖြစ်နေရာကနေ အိမ်ရောက်လာတော့
သူရက ဆိုင်ကယ်ကို ထိုးရပ်လိုက်ပြီးနောက် အိမ်ထဲပြေးဝင်သွားတယ်
ပြန်ထွက်လာတော့ သူကလက်ထဲမှာ ငါးမျှားတံ နှစ်ချောင်းနဲ့အတူ
ငါးစာ ၊ ပလိုင်း ၊ ငါးသယ်မယ့် ရေပုံးအသေးလေးတွေကအစ ပါလာတယ်
“ ဒါ..ဒါ..တွေ မင်းဘာလုပ်မလို့လဲ… ”
“ ငါတို့ ဒီညနေစောင်း ညအထိ သရဲခြောက်တယ်ဆိုတဲ့နေရာမှာ
ငါးသွားမျှားကြမယ်လေ ”
“ ဟာ…မင်းဟာကလည်း ဖြစ်မှဖြစ်ပါ့မလားကွာ…
မနေ့ကမှ နှစ်ယောက်ပြန်ပြေး..ပြေး… ”
ထွန်းမြိုင်စကားမဆုံးခင်မှာပဲ စိတ်မြန်လက်မြန်ရှိတဲ့ သူရက
စိတ်မရှည်တော့တဲ့ ပုံနဲ့ ဆိုင်ကယ်ကို လီဘာပုတ်လိုက်ရင်း
“ ကဲ ရောင်းရင်း … မင်းလိုက်မှာလားမလိုက်ဘူးလား
မလိုက်လည်းဖြစ်တယ်နော်..သူရတို့ကတစ်ယောက်တည်းလည်း
သွေးရဲပြီးသား… ”
သူငယ်ချင်းဖြစ်သူကို စိတ်ပူတတ်တဲ့ ထွန်းမြိုင် လည်း
ရွေးစရာလမ်းမရှိတဲ့အဆုံး ဆိုင်ကယ်အနောက်ဘက်ကခွထိုင်လိုက်တယ် ၊
“ အေးအေး..လိုက်မယ်ကွာ ”
မိနစ်ပိုင်းလောက် မောင်ပြီးနောက် သူတို့သွားလိုတဲ့နေရာလေးကို
ရောက်လာခဲ့ကြတယ် ၊ နေလုံးကြီးတောင် ပြိုဆင်းစပြုနေပြီ….၊
နှစ်ယောက်သားရောက်ပြီဆိုတာနဲ့ ဆိုင်ကယ်လေးလမ်းဘေးချရပ် ၊
ဆိုင်ကယ်နဲ့မလှမ်းမကမ်းက ချောင်းစပ်လေးနားမှာ ငါးမျှားပစ္စည်းအစုံအလင်နဲ့
ငါးလေးအေးအေးဆေးဆေး ထိုင်မျှားနေလိုက်ကြတယ် ၊
ခနလောက်ကြာတော့ သူရက တစ်ခုခုကိုသတိရသွားပြီး
“ ထွန်းမြိုင် မင်းထန်းရည်ဆိုင်က ငါသယ်လာတဲ့
ငါးကြော်လေး ဆိုင်ကယ်မှာ အိတ်နဲ့ ချိတ်ထားတာ မင်းသယ်လာသေးလား ” လို့မေးလိုက်တော့
ထွန်းမြိုင်ကချက်ချင်းပြန်ဖြေတယ်
“ မယူဘူးလေ..ငါမင်းနဲ့အတူတူ
ဒီမှာထိုင်နေတာပဲကို… ဒါနဲ့မင်းအိမ်မှများ…အင်း
မင်းအိမ်မှာလည်း ထားခဲ့တာ ငါမတွေ့ဘူး…ငါသတိထားမိတာတော့
ဒီနေရာအထိ မင်းမယူလာဘူး… အိမ်မှာလည်းမထားခဲ့ဘူး.. ၊
သေချာတာက ဆိုင်ကယ်မှာ ချိတ်လျက်ရှိနေမှာပဲ မင်းတစ်ချက်
သွားစစ်ကြည့်ဦး ”
သူရလည်း မလင်းတလင်းအချိန်လေးမှာ ဆိုင်ကယ်ဆီကို
ဦးတည်သွားရင်း သူ့ ငါးကင်အထုတ်လေးကိုလိုက်ရှာတော့တယ် ၊
ငါးကင်အထုတ်လေးက ပျောက်ခြင်းမလှပျောက်သွားခဲ့ပြီ… ၊
ရှာမတွေ့တဲ့အဆုံးနေရာကိုပြန်လာရင်း
“ ထွန်းမြိုင် မင်းငါ့ငါးကင်အထုတ်လေး
ဝှက်ထားသေးလား ”
“ ကြံကြီးစီရာကွာ မင်းဟာဝှက်ပြီး ငါက ဘာလုပ်ရမှာလဲ ”
“ အေးဟုတ်သားပဲ မင်းက ငါးမှမကြိုက်တာ…
ဒါဆို လမ်းမှာ ကျကျန်ခဲ့တာ နေမှာပါလေကွာ…ထားလိုက်တော့ ”
သူရစိတ်ထဲမှာ မတင်မကျဖြစ်တယ်ဆိုပေမယ့်
မေ့ထားလိုက်တော့တယ် ၊
တစ်ချိန်တည်းမှာပဲ ထွန်းမြိုင်က ထအော်ပြန်တယ်
“ ဟေ့ယောင် မင်းခြေတွေလက်တွေအငြိမ်နေစမ်း သူရ
ဒီမှာ ငါ ငါးတစ်ကောင်မှ မမိသေးဘူး ”
သူရကလည်း ဒေါပွသွားပြီး
“ ငါက မင်းကို ဘာလုပ်နေလို့လာအော်နေတာလဲကွ ”
“ မင်း ငါ ငါးမျှားနေတဲ့နေရာကို ခဲနဲ့လာလာပစ်နေတာလေ
မင်းခဲနဲ့ပစ်နေတော့ ငါ့ ငါးမျှားချိတ်ကို ဘယ်ငါးကလာဟက်ပါတော့မလဲကွ… ”
ထွန်းမြိုင်စကားဆုံးတော့ သူရက မထီမဲ့မြင်ပုံစံနဲ့ရယ်ရင်း
“ မင်းငါ့ကိုနောက်နေတာလား ငါ့လက်ထဲမှာ ခဲတစ်လုံးမှတောင်
မရှိဘူး ”
အမှန်ပဲ သူရလက်ထဲမှာ သူ့ငါးမျှားတံကိုပဲ လက်နှစ်ဖက်လုံးနဲ့
ကိုင်ထားလျက်သားကြီး… ၊ ဒါဆို ထွန်းမြိုင်ငါးမျှားတဲ့နေရာကို
ဗွက်ထအောင် ခဲနဲ့ပေါက်နေတာ ဘယ်သူလဲ…. ၊ ဘာပဲဖြစ်ဖြစ်
အဆုံးထိကို ထွန်းမြိုင် ဆက်မတွေးမိအောင် အတွေးတွေရပ်ပစ်လိုက်တော့တယ် ၊
ကျောရိုးထဲမှာတော့ တစ်စုံတစ်ရာအေးစက်မှုကိုခံစားသိနေဆဲပဲ ၊ သူရကတော့
အမှုကိုမထားတဲ့ပုံပဲ…. ၊ တစ်ချိန်တည်းမှာပဲ သူရထိုင်နေရာကနေ ဆက်ခနဲ့
အနောက်ကနေ တစ်ယောက်ယောက်တွန်းလိုက်တဲ့ အရှိန်ကြောင့် တလိမ့်ကောက်ကွေးနဲ့
ချောင်းထဲ ပြုတ်ကျသွားပါလေရော… ၊
“ ၀ုန်း… ”
“ ဟာ..သူရ မင်းမူးနေတာလားကွာ ”
ပြောပြောဆိုဆိုနဲ့ ထွန်းမြိုင်လည်း သူ့ ငါးမျှားတံကို သူရဆီ ထိုးပေးရင်
လှမ်းကယ်လိုက်တယ် ၊ လူတစ်ရပ်စာလောက်ပဲနက်တဲ့ ချောင်းရေထဲမှာ တ၀ုန်းဝုန်း ရုန်းကန်နေတဲ့ပုံနဲ့
နစ်သွားလိုက် ပြန်ပေါ်လာလိုက်နဲ့ နောက်ဆုံး သူရတစ်ယောက် ထွန်းမြိုင်ရဲ့ ငါးမျှားတံကို ကိုင်မိပြီး
အားယူဆုပ်ကိုင်ထားတုန်း ထွန်းမြိုင်က ဆွဲတင်လိုက်တယ် ၊ ကမ်းပေါ်ရောက်တော့
သူရ သတိလစ်သွားခဲ့တယ် ၊ အချိန်က ည ၉နာရီတိတိရှိနေပြီ ၊
ထွန်းမြိုင်လည်း ရွှံ့တွေ ၊ ဗွက်တွေ ၊ ဗလပွနဲ့ တစက်ယကိုလုံးရေတွေရွှဲနေတဲ့
သူငယ်ချင်းသူရကို သတိရအောင်အစွမ်းကုန်ကြိုးစားပေးရင်း ကိုယ်တိုင်လည်း
ဘာလုပ်ရမယ်မသိလောက်အောင် ပြာနေမိတယ် ၊ ထွန်းမြိုင်မှာလည်း
တစ်ယောက်တည်း ဟိုကြည့်လိုက်ဒီကြည့်လိုက်…သူ့ရှေ့မှာ သတိလစ်ပြီး
သေမှန်းမသိရှင်မှန်းမသိ ဆန့်ဆန့်ကြီးဖြစ်လို့ ဖြူပတ်ဖြူရော်ရုပ်နဲ့ သူငယ်ချင်း
သူရကို ကြည့်လိုက်နဲ့ ကျောမလုံသလို ချောက်ချားနေမိတယ် ၊
သူရကို ဆိုင်ကယ်ပေါ်တင်ပြီး ရွာကိုပြန်ဖို့လည်းအဆင်မပြေ ၊
ရွာကိုသူပြန်သွားပြီးအကူအညီသွားတောင်းတုန်း ၊ ဒီလိုနေရာမှာ
သူရကိုထားခဲ့ဖို့ကလည်းမဖြစ်နဲ့…. ၊ နောက် ည ၁၂နာရီတိတိမှာ
သူရတစ်ယောက် မျက်လုံးပွင့် ဆက်ခနဲ ထထိုင်လာပြီး
အရှေ့တည့်တည့်ကြီးကို မျက်တောင်မခတ်ပဲစိုက်ကြည့်နေပါလေရော.. ၊
မထင်မှတ်ထားတဲ့ သူငယ်ချင်းရဲ့အပြုအမူကြောင့် ထွန်းမြိုင်တစ်ယောက်
သွေးပျက်သွားရင် ကြောက်ကန်ကန်ပြီး သူရကို ပါးတွေလည်ထွက်သွားအောင်
အားရပါးရ ငါးချက် ခြောက်ချက်လောက် ဆင့်ဆင့်ရိုက်လိုက်တယ် ၊
“ ဖြောင်း…ဖြောင်း…ဖြောင်း…ဖြောင်း...ဖြောင်း..သူရ…သူရ…ဖြောင်း ”
ခဏနေတော့ သူရ သတိဝင်လာတယ် မျက်တောင်တွေလည်းခတ် ကိုယ်လက်လည်း
လှုပ်ရှားလာပြီးတော့ တစ်ကိုယ်လုံး တဆက်ဆက်တုန်ယင်နေရင်း ထအော်တယ်
“ ငါ့အနားမကပ်နဲ့ ငါ့အနားမကပ်ပါနဲ့ ကြောက်လို့ပါ … ၊
ငါဒီမှာမနေဘူး… ၊ ဒါငါ့နေရာမဟုတ်ဘူး… ၊ ငါအနားမလာနဲ့သွားသွား… ”
“ သူရ…သတိထားဦးလေ..သူငယ်ချင်း..ဟေ့ယောင်သူရ… ”
“ ဟင်…. ထွန်းမြိုင်…ထွန်းမြိုင် ငါတို့ပြေးကြရအောင် ငါ့ကို ခုနက အနောက်ကနေ
လည်ပင်းကြိုးတန်းလန်း… မျက်လုံးအဖြူရောင်… ပြူးကျယ်ကျယ်ကြီးနဲ့
ဂေါ်ရခါးအဘွားကြီးက ရေထဲကန်ချပြီး သူကိုယ်တိုင်လည်း ရေထဲဆင်းလာတယ်
ပြီးတော့ ငါ့ကို ရေအောက်ကနေ ဆွဲနှစ်ပါလေရော… ၊ ဆွဲနှစ်နေရင်းနဲ့
ငါ့ကိုစကားပြောတယ်….ဒီမှာ နေပါလားတဲ့….ငါးတွေအမြဲတမ်းမျှားရမယ်လေတဲ့…
ငါလည်း မနေဘူးဆိုပြီး အသည်းအသန် ထွက်ပြေးလာတာ ရေထဲကနေ ကုန်းပေါ်ရောက်တဲ့အထိ
သူငါ့နောက်ကိုပြေးလိုက်နေတုန်း…ငါလည်း ကုန်းပေါ်မှာပတ်ပြေးနေတာ နောက်ဆုံး
ဘယ်ကနေဘယ်လို ဒီကိုပြန်ရောက်နေမှန်းမသိဘူး… ငါတို့ပြေးရအောင် ..ပြေးရအောင်လုပ်ဟ… ”
“ မင်းက ပတ်မပြေးပါဘူး…ဒီမှာ သတိလစ်နေတာလေ… ”
“ အာ…..ဒါတွေနောက်ထားစမ်းပါကွာ…မြန်မြန်ပြေးရအောင်….ဆိုင်ကယ်…ဆိုင်ကယ် ”
သူတို့နှစ်ယောက်သား ပစ္စည်းတွေအကုန်ထားရစ်ခဲ့ပြီး ဆိုင်ကယ်ဆီကို
အားကိုးတကြီးပြေးသွားရင်း ဆိုင်ကယ် စက်နှိုးဖို့ကြိုးစားကြတယ်… ၊ အလာတုန်းကလည်း အကောင်း
တစ်ခါမှမပျက်ဖူးတဲ့ ဆိုင်ကယ်က အခု စက်တောင်နှိုးမရဖြစ်နေပါရောလား… ၊ တစ်ချိန်တည်းမှာပဲ
သူတို့အနောက်ဘက်က ခြုံတောထဲမှာ တောတိုးသံလိုလိုကြားနေရတယ်…
အသံက သူတို့နားကို တဖြည်းဖြည်းနီးနီးလာသလိုမျိုး…. ၊ ဆိုင်ကယ်ကလည်း
စက်နှိုးမရ….. ၊ အဲ့ဒီ့အချိန်မှာ လမ်းမတစ်နေရာကနေလည်း သူတို့ဘက်ကိုဦးတည်လာနေတဲ့
ဖြတ်သွားဖြတ်လာ ဆိုင်ကယ်စက်သံတွေကြားလိုက်ရပြန်တယ် ၊ ဆိုင်ကယ်သံတွေကြားရတော့
မှောင်ကြီးမဲကြီးထဲမှာ နှစ်ယောက်သားအားတက်သွားပြီး ၊ အသံကုန်အော်ရင်း
အကူအညီတောင်းနေမိတယ်… ၊ အနောက်ကအသံကလည်းနီးနီးလို့လာနေပြီ…. ၊
မကြာခင်မှာပဲ…သူတို့တွေအော်ဟစ်အကူအညီတောင်းသံတွေကို သူတို့အနားကဖြတ်သွားမယ့်
ဆိုင်ကယ်တွေက ကြားလိုက်ပြီးတော့ ဆိုင်ကယ်ရပ်ပေးဖို့ ရောက်လာကြတယ်… ၊
အကူအညီပေးမယ့်ဆိုင်ကယ်တွေ မရောက်ခင်မှာပဲ
ထွန်းမြိုင်နဲ့သူရတို့အနောက်ဘက် ခြုံထဲကနေ အရိုးအပြိုင်ပြိုင်းနဲ့
လက်ကြီးထွက်လာပြီး သူတို့နှစ်ယောက်ရဲ့ပုခုံးကနေ ကိုင်ပြီး ခြုံထဲကို
တရွတ်တိုက်ဆွဲသွားတော့တယ်…. ၊ အော်ဟစ်သံကတော့ ဆူညံတုန်းပဲ…
အကူအညီပေးဖို့အတွက် ရောက်လာတဲ့ ဆိုင်ကယ်တွေလည်း သူတို့နေရာကို
ရောက်ရော…. ထွန်းမြိုင်နဲ့သူရတို့နှစ်ယောက်က ပျောက်နေခဲ့ပြီ… ၊
ခြုံကြားထဲမှာ ထိုးရပ်ထားတဲ့ သူရတို့ ဆိုင်ကယ်လေးကိုလည်း သူတို့မတွေ့သွားခဲ့ကြဘူးလေ ။
“ ခုနက ဒီနားမှာ အသံကြားလိုက်တယ်နော်… ”
ဖြတ်သွားဖြတ်လာ ဆိုင်ကယ်သုံးစီးခေါင်းချင်းဆိုင်နေရင်း….
“ ဟုတ်တယ် ငါတို့လည်းကြားလို့မောင်းလာလိုက်တာလေ … ”
“ ထူးဆန်းတယ် အခု ဘယ်သူမှလည်းမတွေ့ဘူး… ”
“ ဟေ့ယောင်တွေ လစ်ဟ…ဒီနေရာက ကြာကြာနေလို့မကောင်းဘူး ”
“ ငါတို့ကို လည်ပင်းကြိုးတန်းလန်းနဲ့ ဂေါ်ရခါးသရဲမကြီး
ခြောက်လန့်နေပြီထင်တယ် ပြေးကြဟေ….. ”
ဆိုင်ကယ်သုံးစီးလည်း မိုင်ကုန်မောင်းထွက်သွားကြတော့တယ်….
ကယ်သူမယ့်တွေအဖို့တော့ ၊ ချောင်းရေစီးသံလေးကတောင် နှုတ်ဆိတ်လို့…. ။
#END
ကြိုးစားပါဦးမည် …
~ မိုးစွေ ~
စာပြီးချိန် - 17.3.2019 ( 1 : 11 Am )
Credit

Comments
Post a Comment