ကန်​​တော်​က​ဝေမ အပိုင်း(၁)






ကန်တော်ကဝေမ (အပိုင်း၁)

ဆရာကြီး ဦးမင်းအောင်ရဲ့ ကဝေတိုက်ပွဲတွေက
ဆက်နေတာဗျ။ တာတေတောင် ရွာပြန်မရောက်တာ
ဆရာကြီးဆီ ရောက်တော့မှပဲ
လောကကြီးမှာ မှော်ပညာဆိုတာ တကယ်ရှိမှန်း
သိလာတာဗျ။ ပြီးတော့ အလင်းမှော်ပညာသည်နှင့်
အမှောင်မှော်ပညာသည်တွေ
အကြောင်းကိုလည်းသိလာတာဗျို့။

လူတွေ ပြောပြောနေတဲ့ အထက်လမ်းနဲ့
အောက်လမ်းဆိုတာ ကိုယ်တွေ့ကြုံတော့မှပဲ
တာတေ ယုံတော့တာဗျ ။ တာတေတို့
မြင်ဖူးတဲ့ အထက်လမ်းဆရာ ဆိုတာက
သက်သက်လွတ်ကလေးစား သီလကလေး
ဆောက်တည်။ ပုတီးကြီးတစ်ကုံး
တဂျောက်ဂျောက် စိပ်နေတဲ့ သူတွေကိုးဗျ။

သူတို့တွေက စုန်းပြုစားတာတို့ ပယောဂကပ်တာတို့ကို
မေတ္တာစကားလေး ပြောဆိုပြီး ပညာစွန့်ခိုင်း။
ရေတစ်ခွက်လောက်တိုက်ပြီး သစ္စာဆိုခိုင်းကြတာ။

ဆရာကြီး ဦးမင်းအောင်တို့လို ကဝေတွေ
သတင်းနားစွင့် ။ တိတိကျကျ ကြားပြီဆိုရင်
မိမိရရလိုက်ပြီး  သူသေ ကိုယ်သေ တိုက်ကြ
ခိုက်ကြ လက်စအပြီးတုံးပစ်ကြတဲ့ တကယ့်
အလင်းမှော်ပညာရှင်ကြီးမျိုးကို တာတေ
အခုမှ တွေ့ဖူး ကြုံဖူးတာဗျ။

ဒီတော့မှလည်း အမှောင်တိုက် အမိုက်တိုက်ထဲမှာ
အသက်ရာနဲ့ချီပြီး ရှည်ကြာတဲ့ အောက်လမ်း
မှော်ပညာသည်ကြီးတွေကို တာတေ တွေ့ဖူး
ကြုံဖူးတာပါ။ အခုမှပဲ ဒီလူ့လောကကြီးမှာ
အင်မတန်ကြောက်စရာကောင်းတဲ့
အောက်လမ်းမှော်ပညာဆိုတာ
တကယ်ရှိနေတာပါလားလို့ သိလာတာဗျ။

အခုလည်း ကြည့်လေ။

ကျုပ်ရယ် ဆရာနွံဖရယ် ဆရာကြီးရဲ့ဗဟန်းက
ခြံဝင်းကြီးထဲက ကံကော်ပင်ကြီးနှစ်ပင်အောက်က
အုတ်ထိုင်ခုံကလေးမှာ ထိုင်နေကြတာဗျ။
လေကလေးတဖြူးဖြူးနဲ့ ဆရာတပည့်နှစ်ယောက်
စကားပြောနေကြတာပေါ့ဗျာ။

"ဆရာနွံဖ ဆေးကြိတ်တောင်မှာ ဂူအောင်းကဝေကြီးကို
နှိမ်နင်းတုန်းက ကျားကြီးတစ်ကောင်လို ဖန်ဆင်းလိုက်တာ
ဘယ်လို ပညာမျိုးလဲဆရာ"

"တာတေ အဲဒါ မှော်ပညာတွေထဲက
ရုပ်ပြောင်းရုပ်လွှဲအတတ်လို့ခေါ်တယ်ကွ"

"ဆရာနွံဖ အဲဒီပညာတွေ တတ်ထားတာ ကြာပြီလားဗျ"

"အင်း မင်းတို့ရွာ မရောက်ခင်ကတည်းက
တတ်ပြီးသားပါကွာ"

"ဒါဆိုရင် သစ်စုန်းပင်လိုက်တုန်းက ဆရာနွံဖ
မဖဲဝါကို သာသာကလေးနိုင်တာပေါ့ ဟုတ်လား"

"နိုင်ပါတယ် မောင်တာတေ"

"ဟင် ဒါဆိုရင် ဆရာနွံဖ အဲဒီတုန်းက ဘာဖြစ်လို့
ထွက်ပြေးတာတုံး"

"ဟာ မောင်တာတေကလည်း
အထက်လမ်းမှော်ပညာရှင်ဆိုတာ ကိုယ်နိုင်တိုင်း
အနိုင်မယူရဘူးကွ ။ သစ်စုန်းပင်ဆိုတာ
မဖဲဝါတို့ ပိုင်နက်မှာ ပေါက်တာလေ။
ကျုပ်က အဲဒီသစ်စုန်းပင်ကို ဝင်လုယူတာ
မဟုတ်လား။ ရအောင်ယူပြီး လွတ်အောင်ပြေးရတာပေါ့
မောင်တာတေရဲ့။ အဲဒီလို မဟုတ်ဘဲ
ကျုပ်တတ်ထားတဲ့ ပညာတွေနဲ့ မဖဲဝါကို
ဒုက္ခပေးလိုက်ရင် ကျုပ်က လက်နက်အားကိုးနဲ့
မတရားအနိုင်ကျင့်တဲ့ ဓါးမြဖြစ်သွားမှာပေါ့"

(တာတေနဲ့ ဆရာနွံဖတို့ သစ်စုန်းပင်လိုက်တာကို
ဖတ်ချင်ရင်တော့ 'ကိုယ်တွေ့မဖဲဝါ 'မှာ ဖတ်ရှုနိုင်ပါတယ်)

"သြော် ဒီလိုလား"

ကျုပ်က ဒီတော့မှ နားလည်တာဗျ။
အင်း ပြောရရင်တော့ ကျုပ် မသိတာက
ခပ်များများရယ်ဗျို့။
ကျုပ်နဲ့ ဆရာနွံဖ စကားပြောနေတုန်းမှာပဲ
ခြံတံခါးတွန်းဖွင့်ပြီး ဆရာကြီး ဝင်လာတယ်ဗျ။

"ဟာ ဆရာကြီးတောင် ပြန်လာမှကိုး"

ဆရာနွံဖက ဆရာကြီးလက်ထဲကအိတ်ကို
ပျာပျာသလဲ ထပြီး ယူတယ်ဗျ။ ကျုပ်ကတော့
ဆရာကြီးလက်ထဲက ထီးကောက်ကြီးကို
ဆီးယူတယ် ။

"အေးကွ နွံဖရ ။ နေသိပ်မပူခင်ဘဲ
စောစောပြန်ခဲ့ရတယ်"

"ဆရာကြီး အပြင်သွားတာ ကျနော်ဖြင့်
သိတောင် မသိလိုက်ဘူးဗျ။ မောင်အေးပြောမှသိတာ"

"အေး ဟုတ်တယ် ။ မင်းနဲ့ မောင်တာတေတို့
အိပ်ကောင်းနေတာနဲ့ ကျုပ်မပြောတော့တာ။
ဒီလိုကွ နွံဖရဲ့ ။ ဗားကရာတိုက်က ဆရာတော်က
ကျုပ်ကို ခေါ်ခိုင်းလို့ လိုက်သွားရတာ"

"သြော် ဟုတ်လား ဆရာ"

"အေးကွ ဗားကရာတောရလေကွာ။
စမ်းချောင်းကကျောင်းတိုက်ကြီးပေါ့။
အဲဒီရောက်တော့ အညာက ဘုန်းကြီးတစ်ပါး
ရောက်နေတာတွေ့တယ်။ အဲဒီဘုန်းကြီးရဲ့ဘွဲ့က
ဦးဥာဏတဲ့ကွ။သူတို့မြို့မှာ ရေကန်ကြီးတစ်ကန်
ရှိတယ်တဲ့ ။ အဲဒီကန်ကြီးကို ကန်တော်လို့
ခေါ်တယ်ဆိုပဲ။ အဲဒီဘုန်းကြီးရဲ့ကျောင်းက
ကန်တောင်ဘက်မှာ ရှိတာတဲ့။ သူကျောင်းကိုတော့
မြို့သူမြို့သားတွေက ကန်တော်ကျောင်းလို့
ခေါ်ကြတယ်တဲ့။သူကျောင်းကြီးက
ကျောင်းဝင်းကလည်း အကျယ်ကြီးဆိုပဲ။
ကျောင်းဝင်းထဲမှာ သရက် ။ မရမ်း။
မာလကာ ။ သြဇာ ။သစ်တို။ သစ်သီးစုံလို့ ဆိုပဲ။
ဒကာ ဒကာမတွေကလည်း အမြဲမပြတ်သွားလာ
ဝင်ထွက်နေကြတာတဲ့။ အခုနောက်ပိုင်းတော့
မြို့ထဲကလူတွေဟာ ကန်တော်ဘက်ကိုရော
ဘုန်းကြီးရဲ့ ကန်တော်ကျောင်းဘက်ကိုရော
အလာအသွား သိပ်မလုပ်ကြဘူးတဲ့ကွ"

"ဟင် ဘာဖြစ်လို့လဲ ဆရာ"

"အေး ဒီလိုကွ နွံဖရဲ့ ။ အဲဒီကန်တော်ထဲမှာ
ကန်တော်ကဝေမဆိုတာ ရောက်လာတယ်ဆိုပဲ"

"ဗျာ …ကန်တော်ကဝေမ ဟုတ်လားဆရာ"

"အေး ဟုတ်တယ် နွံဖ။ဒီကဝေမ ရောက်လာတာ
သိပ်မကြာသေးဘူးတဲ့ကွ။တစ်ခါတလေဆိုရင်
အဲဒီကဝေမက ရေပေါ်မှာ လမ်းလျှောက်နေတာတဲ့ကွ။
လူတော်တော်များများကို မြင်ဖူးတာဆိုပဲ။
အခုကြွလာတဲ့ ဘုန်းကြီးဦးဥာဏ ဆိုတာ
မကြာ မကြာ မြင်ရတယ်ဆိုပဲ။

တစ်ခါတလေကျတော့ ဝံပုလွေလိုလို
ခွေးအလိုလို အကောင်ကြီးတစ်ကောင်
ကန်ထဲကို ခုန်ချသွားတာ တွေ့တဲ့လူက
တွေ့သတဲ့။ တစ်ခါတလေကျတော့လည်း
ချောချောလှလှ မိန်းခလေး တစ်ယောက်ပုံစံနဲ့
ကဝေမက မြို့ထဲလျှောက်သွားနေတယ်ဆိုပဲ။

လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတော့
ညသန်းခေါင်လောက်ကြီးမှာ ဆံပင်ဖားလျားကြီးချပြီး
ထဘီပေါင်လယ်လောက်နဲ့ မြို့ထဲမှာ ပြေးသွားတာ
တွေ့သတဲ့။ တစ်ချို့လူတွေက လိုက်ကြည့်ကြတယ်
ဆိုပဲ။ အဲဒီဆံပင်ဖားလျားကြီးက ကန်ထဲကို
ခုန်ချသွားတာ တွေ့တယ်တဲ့။ လိုက်ကြည့်တဲ့
လူတွေက အရိပ်အခြေ စောင့်ကြည့်နေတုန်းမှာ
ကန်လယ်မှာ 'ဝုန်း'ကနဲ မြည်သွားပြီး
မိချောင်းကြီးတစ်ကောင်ပေါ်လာတယ်တဲ့ကွ။
လူတွေလည်း စွတ်ပြေးကြတာပေါ့။

အခုတော့ အဲဒီသတင်းတွေ သူတို့ တစ်မြို့လုံး
ပျံ့နေပြီ။ လူတွေဆိုတာ ကျီးလန့်စာစား
ဖြစ်နေကြတယ်ဆိုပဲ။ မိန်းမချောချောတွေ့လည်း
ဒါ ကန်တော်ကဝေမများလား ။ရုပ်ဆိုဆိုးမိန်းမကြီး
တွေ့လည်း ဒါကဝေမလား။ နောက်ဆုံး
ကုန်ကုန်ပြောမယ်ကွာ။ ခွေးကြီးကြီးတစ်ကောင်
တွေ့ရင်တောင် ဒါ ကန်တော်ကဝေမလားလို့
တထိပ်ထိပ် တလန့်လန့် ဖြစ်နေကြသတဲ့ဟေ့။

အဲဒီကန်တော်ဘက်တော့ လူတွေ ခြေဦးတောင်
မလှည့်ကြတော့ဘူးဆိုပဲ။ ကန်တော်တစ်ဝိုက်မှာ
တိတ်ဆိတ်ခြောက်ကပ်နေတာတဲ့ဟေ့။
ဦးဥာဏကျောင်းကိုလည်း လူတွေ အဝင်အထွက်
မရှိကြတော့ဘူးတဲ့"

"ဟာ တော်တော်ကို ဆိုးပါလား ဆရာ"

"အေး အဲဒါ ငါစဉ်းစားနေတာ နွံဖရဲ့ ။
ဒီကဝေမဟာ ဘယ်ကရောက်လာတာလဲ။
ပြီးတော့ ဒီမြို့မှာ ဘာလာလုပ်တာလဲ
ဆိုတာပေါ့ကွာ"

"ပညာအဆင့်တော့ တော်တော်မြင့်ပုံပဲ  ဆရာကြီးရဲ့။
ရေပေါ်တောင် လမ်းလျှောက်နိုင်တယ်ဆိုတော့ "

ကျုပ်ကလည်း ကျုပ်တွေးမိတာကလေးကို
ဝင်ပြောလိုက်တာပေါ့ဗျာ။

"မောင်တာတေရဲ့။ ကဝေတော်တော်များများဟာ
ပညာအမြင့်စခန်းရောက်လာရင် ရေပေါ်မှာ
လျှောက်နိုင်ကြတယ်ကွဲ့"

"ဟာ ဟုတ်လား ဆရာကြီး"

"ကျုပ်စိတ်ထင် ပြောရရင်တော့ ဒီကဝေမဟာ
ဒီမြို့မှာ ကြာကြာတော့နေမယ် မထင်ဘူးကွဲ့။
ကိစ္စတစ်ခုခု ရှိလို့သာ လာနေတာဖြစ်မယ်။
အဲဒီကိစ္စက ဘာများဖြစ်နိုင်မလဲဆိုတာ
ကျုပ်တွေးနေတာ"

ဆရာကြီးရော ဆရာနွံဖပါ ငြိမ်သွားကြတယ်ဗျ။
ဆရာကြီးက ကျုပ်နဲ့ ဆရာနွံဖ ထိုင်နေတဲ့ အုတ်ခုံကလေးနဲ့
မျက်နှာချင်းဆိုင်က အုတ်ခုံကလေးမှာ ထိုင်နေတယ်။
တော်တော်ကလေးကြာအောင်ကို ငြိမ်နေတာဗျို့။

"ဟာ ကျုပ်တွေးမိပြီ နွံဖရေ။ ကျုပ်တွေးမိပြီ"

ဆရာနွံဖရော ကျုပ်ပါ ဆရာကြီးကို ငေးကြည့်နေကြတာဗျို့။
ကျုပ်တို့နှစ်ယောက်စလုံး ဆရာကြီး ဘာများပြောမှာလဲဆိုတာ
စောင့်နေကြတာဗျ။

Comments

Popular Posts