ကန်​​တော်​က​ဝေမ အပိုင်း(၂)






ကန်တော်ကဝေမ (အပိုင်း၂)

ကျုပ်ကတော့ လွှတ်ကို သိချင်နေတာဗျို့။

"ကျုပ်တွေးတာသာ မှန်လို့ကတော့ ကန်တော်ကဝေမဟာ
သက်တမ်းသုံးရာလောက်တော့ အနည်းဆုံးပဲကွဲ့"

"ဟင် ဟုတ်လား ဆရာကြီး"

"အဲဒီကန်တော်အောက်မှာ ကျောက်မိကျောင်းရုပ်
ရှိလိမ့်မယ်။ဒီကဝေမက သူ့အသက်ကို
အဲဒီကျောက်မိချောင်းထဲမှာ ထားတာဖြစ်လိမ့်မယ်။
ဒီကျောက်မိချောင်းက အနှစ်တစ်ရာမှာ တစ်ခါ
အသက်ဝင်တာကွဲ့။အဲဒီအချိန်မှာ အပျိုစင်
တစ်ယောက်ကို ရေစတေးရတယ် "

"ဗျာ ရေစတေးတယ်ဆိုတာ ဘာလဲ ဆရာကြီး"

ကျုပ်က ဆရာကြီးရဲ့စကားကို နားမလည်လို့ မေးလိုက်တယ်ဗျ။

"ရေစတေးတယ်ဆိုတာ အရှင်လတ်လတ်
ရေထဲသတ်တာပေါ့ကွဲ့"

"ဟင် ဟုတ်လား "

"အေး အဲဒါလည်း တနင်္ဂနွေသမီး အပျိုစင်ကို စတေးရတာကွဲ့။
အဲဒီအချိန်မှာ မှော်နဲ့ စီရင်ထားတဲ့ ကျောက်မိချောင်းက
အသက်ဝင်လာပြီး တနင်္ဂနွေသမီးရဲ့ ဝိညာဉ်ကို
စုတ်ယူသွားရောကွ။ လူကောင်က
နည်းနည်းမှ စားတာမဟုတ်ဘူး။
ရေထဲမှာ အလောင်းက ဒီအတိုင်း ပေါ်လာတာ။
အဲဒီလို တစ်ခါလုပ်တိုင်း အဲဒီကဝေမက အနှစ်တစ်ရာ
အသက်ထပ်ရှည်သွားရောဟေ့"

"ဟာ …ဆရာကြီး ဒါတွေကို သိတယ်နော်"

လို့ ကျုပ် ပြောတော့ ဆရာကြီးက ခေါင်းညိတ်ပြီး…

"ကျုပ် လန်ဒန်မှာနေတုန်းက ကျုပ်ကို အထက်လမ်းမှော်ပညာတွေ
ထပ်သင်ပေးတဲ့ မစ္စတာ ကမ်ဘယ်လာ ဆိုတဲ့ လူမည်းကြီး
တစ်ယောက် ပြောပြဖူးတယ်ကွ။ မစၥတာ ကမ္ဘယ္လာ
ကိုယ်တိုင် ကြုံခဲ့ဖူးတဲ့ လူဖြူကဝေမတစ်ယောက်ဆိုရင်
တောင်ကြားက ရေကန်ကြီး တစ်ခုမှာ ကျောက်မိချောင်းကြီး
တစ်ကောင် ဖန်ဆင်းပြီး သူ့အသက်ကို အဲဒီမှာ
ထားတာဆိုပဲ။ သူ့ကို ဘယ်သူသတ်လို့မှ
မသေဘူးတဲ့ဟေ့။အသက်လည်း
ငါးရာလောက်ရှိပြီတဲ့ကွ"

"ဒါဆိုရင် ဒီကန်တော်ကဝေမကို လွယ်လွယ်နဲ့
လုပ်လို့ရပါ့မလား ဆရာ"

"အင်း နည်းလမ်းတော့ ရှာရမှာပေါ့ နွံဖရယ် ။
အသက်ဝှက်နိုင်တဲ့ အဆင့်ဆိုတာ နည်းနည်းနှောနှော
ပညာတော့ မဟုတ်ဘူးကွဲ့။ ကျုပ် တစ်ခုတော့
စီရင်ရမှာပေါ့လေ"

"ဘာများလဲ ဆရာကြီးရဲ့ "

ကျုပ်ကလည်း သိချင်မိပြီဆိုရင် လွှတ်သိချင်တဲ့ကောင်ဗျ။

"မောင်တာတေ ရေမုဆိုးကြီးတွေ မိချောင်းဖမ်းတဲ့အခါ
သုံးတဲ့ သနွပ်ဆိုတာ ကြားဖူးလား "

"ဟာ ကြားဖူးရုံတင် ဘယ်ကမလဲ ဆရာကြီးရဲ့။ကျုပ်
သေသေချာချာကို ကိုင်ဖူးတာဗျ။ ကျုပ်ပင်လယ်ဘက်ကို
လိုက်သွားဖူးတယ် ။ အဲဒီမှာ ဦးမိုးလိုခေါ်တဲ့ မုဆိုးကြီးအိမ်မှာ
တွေ့ခဲ့တာဗျ။ မိချောင်းထိုးတဲ့ သနွပ်ဆိုလို့ ကျုပ်
သေသေချာချာ ကိုင်ကြည့်ခဲ့တာ"

"ဟုတ်ပြီ မောင်တာတေရေ ။ အဲဒီသနွပ်ကို ကျုပ်တို့
လုပ်ကြရလိမ့်မယ် ။ ရိုးရိုးသံနဲ့တော့ လုပ်လို့မရဘူးကွဲ့။
ငွေနဲ့ လုပ်ရမှာ။ငွေတောင် ရိုးရိုးငွေ မဟုတ်ဘူးကွ။
ဘုရားအမြဲ ဆွမ်းတော် ရေတော် ပန်းတော်ကပ်တဲ့
ငွေလင်ဗန်းတို့ ငွေရေဖလားတို့ ငွေညောင်ရေအိုးတို့ကို
အရည်ကျိုပြီး သနွပ်လှံသွားလုပ်ရမှာ"

"ဟာ လွယ်ပါ့မလား ဆရာ"

ဆရာနွံဖက ဝင်ပြီး မေးတယ်ဗျ။

"လွယ်ပါတယ် နွံဖရဲ့။ ကျုပ်မှာ အဲဒီပစ္စည်းတွေ
စုထားတာ အများကြီး ရှိတယ်ကွဲ့။ ပန်းပဲ ဆရာနဲ့
ပန်းထိမ်ဆရာပေါင်းပြီး လုပ်ခိုင်းရမှာပဲ"

တစ်ပတ်လောက်ကြာတော့ ဆရာကြီး လုပ်ခိုင်းထားတဲ့
သနွပ် ရပြီဗျို့။ အောင်မယ် တော်တော်လေး လေးသားဗျ။
သနွပ်ထိပ်က လှံသွားကလည်း ချွန်မြနေတာဗျို့။
အရိုးနောက်မှာ ကွင်းတစ်ခု ပါတယ်ဗျ။
အဲဒီမှာ ကြိုးတပ်ရမှာလေ ။မိကျောင်းကို ထိုးပြီးရင်
အဲဒီကြိုးကနေ သနွပ်ကို ပြန်ဆွဲယူရတာဗျ။
ငွေသနပ်ကို ဆရာကြီးက သေသေချာချာ စီရင်တယ်ဗျ။
မန္တန်တွေ ရွတ်တယ် ။ သက်ဆိုင်ရာ အစောင့်အရှောက်တွေကို
အပ်တယ် ။

ကျုပ်တို့သုံးယောက် အဲဒီမြို့ကို ရောက်တော့
ကန်တော်ကို လိုက်ပို့မယ် မြင်းလှည်းတောင်
ခေါ်လို့မရလို့ မြင်းလှည်းတော်တော် ရှာယူရတယ်ဗျ။

နောက်တော့ အသက်ကြီးကြီး မြင်းလှည်းသမား
တစ်ယောက်က သူလိုက်ပို့မယ်လို့ ပြောသဗျ။
ဒါနဲ့ တာတေတို့ ကန်တော်ကျောင်းက ဘုန်းကြီးဥာဏဆီကို
ရောက်ခဲ့ကြတယ်။ ဘုန်းကြီးဥာဏက သက်တော်ငါးဆယ်
ကျော်ကျော်ပဲ ရှိသေးတာပါ။ ကျုပ်တို့ကိုတွေ့တော့
ဘုန်းကြီးက လွှတ်ဝမ်းသာသွားတာဗျို့။

"ဟာ ဒကာကြီးတို့ ရောက်လာပြီလား ။
လာကြ လာကြ ။ ဘုန်းကြီးက ဒကာကြီးတို့ကို
နေ့တိုင်းကို မျှော်နေတာဗျ"

ကျုပ်တို့လည်း ဘုန်းကြီးကို ဝတ်ပြုပြီး ပြောင်လက်နေတဲ့
ကြမ်းပြင်မှာပဲ ထိုင်လိုက်ကြတယ်။ ဆရာကြီးပြောတဲ့
အတိုင်းပါပဲဗျာ။ဘုန်းကြီးကျောင်းဝင်းက အတော်ကို
ကျယ်တာဗျ။အထဲမှာလည်း သီးပင်စားပင်တွေနဲ့
ကျောင်းဝင်းကြီးတစ်ခုလုံး စိမ်းစိုအေးမြနေတာပါဗျာ။

"ဒီကျောင်းမှာက သံဃာခုနှစ်ပါးနဲ့ ကိုရင်ဆယ်ပါး ရှိတယ်
ဒကာကြီးရဲ့။ ကျောင်းသားကလေး ငါးယောက်လည်း ရှိတယ်။
သံဃာတစ်ချို့နဲ့ ကိုရင်တွေက
ဟိုအနောက်ဘက်က ကျောင်းကြီးမှာ သီတင်းသုံးတယ်။
ဘုန်းကြီးနဲ့ သံဃာသုံးပါးပဲ ဒီကျောင်းမှာ သီတင်းသုံးတာ။
ဒကာကြီးတို့က ဟောဒီကျောင်းကြီးအပေါ်ထပ်မှာ
လွတ်လွတ်လပ်လပ် တည်းခိုနေထိုင်ကြ။
စားဖို့သောက်ဖို့ အားလုံး ပြည့်စုံပါတယ်။
ဒကာကြီးတို့ ဆောင်ရွက်မယ့် ကိစ္စကိုသာ
အေးအေးဆေးဆေး လုပ်ကြပေတော့"

"မှန်ပါ့ဘုရား အခုရက်မှာ ဘာထူးခြားသေးတုံးဘုရား"

လို့ ဆရာကြီးက ဘုန်းကြီးဦးဥာဏကို
လျှောက်တယ်ဗျ။

"ဟာ ထူးပါပြီလား ဒကာကြီးရာ။ ဒီကဝေမက
မိန်းမချောပုံစံပြောင်းပြီး မြို့ထဲမှာ သွားလာနေဆိုပဲဗျ။
ပြီးတော့ ကလေးမလေးတွေကိုတွေ့ရင် ရောနှောပြောဆိုပြီး
ဘာနေ့သမီးလေး နာမည်ဘယ်လိုခေါ်လဲနဲ့ မေးဆိုပဲဗျ"

"ဟာ "

ကျုပ်ပါးစပ်က အသံထွက်တောင်သွားတယ်ဗျို့။
ဘုန်းကြီးကတောင် တာတေကို လှမ်းကြည့်သဗျ။

"မှန်ပါ့ဘုရား ။ဒီကဝေမဟာ ကိစ္စတစ်ခုကို
ဆောင်ရွက်ဖို့ ဒီကန်တောင်ကို ရောက်နေတာပါဘုရား။
အရှင်ဘုရားဆီက ကြားရတဲ့ သတင်းအရဆိုရင်တော့
သူ့ကိစ္စဆောင်ရွက်ဖို့ သိပ်မကြာတော့ဘူးထင်တယ်ဘုရား။
သြော် ဒါထက် ဒီကန်တော်လို့ခေါ်တဲ့ ကန်ကြီးဟာ
ဘယ်တုန်းကတည်းက ရှိတာလဲဘုရား"

"ဟာ ဒကာကြီးနှယ် ဒီမြို့က မြို့ဟောင်းကြီးလေ။
အင်းဝခေတ်လောက်ကတည်းက တည်တဲ့မြို့ဗျ။
ရှေးဘုရင်တွေလက်ထက်တော်က မြို့စားကြီးတွေ
ခန့်အပ်ပြီး အုပ်ချုပ်တဲ့မြို့ဗျ။ ဒီရေကန်ကြီးက
မြို့မတည်ခင်ကတည်းက ရှိတဲ့သဘာဝကန်ကြီး
ဒကာကြီးရဲ့။တောင်ကျရေ အမြဲဝင်နေတာ။
စမ်းပေါက်တွေနဲ့ ဆက်နေတာလို့ ပြောကြတယ်
ဘယ်တော့မှ ရေမခန်းဘူးဗျ။ ပြီးတော့
မိုးဘယ်လောက်ကြီးကြီး ရေလျှံတယ်ဆိုတာလည်း
မရှိဘူးဗျ။ အင်မတန်ထူးတဲ့ ကန်ကြီးဗျ။
ဒါကြောင့်လည်း ရှေးဘုရင်တွေ လက်ထက်တော်
ကတည်းက ဒီကန်ကို ကန်တော်လို့ ခေါ်ကြတာပေါ့"

"သြော် ဒါဆိုရင် ဒီကန်ရဲ့ သက်တမ်းက
ကြာပြီပဲ။ ဒါထက် ဒီမြို့မှာ ဒီကန်အောက်ကို
ရေတွေ ဘာတွေ ငုပ်ဖူးတဲ့သူ ရှိသလားဘုရား"

"ဟာ ဒကာကြီးနှယ် ဘယ်မှာလာပြီး ရေငုပ်ရဲပါ့မလဲဗျာ။
ဒီကန်ထဲမှာ ဥစ္စာစောင့်သိုက် ရှိသလို မိချောင်းကြီး
ရှိသလိုကို ယုံနေကြတာဗျ။ ရေဆင်းကူးဝံ့တဲ့သူတောင်
မရှိဘူး ဒကာကြီးရဲ့"

"အရှင်ဘုရားမိန့်တဲ့ အထဲမှာ မိချောင်းဆိုတာ
ပါသွားသလားဘုရား"

"ဟုတ်တယ် ဒကာကြီးရေ ဒီလို ဒီလို တစ်ခါက
ဒီမြို့မှာ ခပ်ပေပေ ခပ်ရွတ်ရွတ် လူတစ်ယောက်ရှိတယ်။
သူက မြင်းလှည်းသမားဗျ။ ပြီးတော့ ဒီလူက
အောက်ပြည်က ပြောင်းလာတာဗျ။သူပြောတော့
ပင်လယ်မှာနေခဲ့တာ ရေငုပ်သိပ်ကျွမ်းတယ်ဆိုပဲ။

ဒါနဲ့ တစ်နေ့တော့ မြင်းလှည်းဂိတ်မှာ အလောင်းအစား
လုပ်ကြသတဲ့ဗျို့။ ဒီလူက ရေအောက်မှာ
ငါးမိနစ် ငုပ်နိုင်တယ်ဆိုပဲ ။ အဲဒါကို ကျန်တဲ့လူတွေက
မယုံဘူးဗျ။ ဒါနဲ့ အလောင်းအစား လုပ်ကြတာပေါ့ဗျာ။

ဟောဒီကျောင်းရှေ့မှာ မြင်းလှည်းတွေမှာ
တန်းစီးပြီးရပ်ထားတာဗျို့။ လူတွေမှ လိုက်လာပြီး
ကြည့်ကြတာ မနည်းဘူးဗျ။ အဲဒီလူက အင်္ကျီချွတ်ပြီး
ခါးတောင်းကလေးမြှောက်အောင်ကြိုက်
ရေထဲ ဝုန်းကနဲခုန်ချ ။ ကုန်းပေါ်က လူတွေက
နာရီမှတ်ပေါ့ဗျာ "

"ဟ သူနိုင်ရောလားဘုရား"

ဆရာနွံဖက ဝင်ပြီးမေးတယ်ဗျ။ ဘုန်းကြီးဦးဥာဏက
ပြုံးပြုံးကြီးလုပ်ပြီး ပြောတယ်ဗျ။

"ဘယ်လာနိုင်မတုံး ဒကာကြီးရာ။ ရေထဲဆင်းရုံ
ရှိသေးတယ်ဗျ။ ရေအောက်မှာ ဝုန်း ဝုန်း ဝုန်း နဲ့
ကြားတာဗျ။ ခဏနေတော့ ဒီလူ မောကြီးပန်းကြီးနဲ့
ကုန်းပေါ်ကို ရေကူးပြီး တက်လာတာ မောပြီး
ဟောဟဲ လိုက်နေတာဗျို့။ဘာတုံး ဘာတွေ့လို့တုံးလို့
ဝိုင်းမေးတော့ မိချောင်းကြီး ။မိချောင်းကြီးလို့
နှစ်ခွန်းအော်ပြီး သတိလစ်သွားလိုက်တာ
ပြန်ကို လည်မလာတော့ဘူးဗျို့"

"ဟာ သေရောလားဘုရား"

"သေပါရောလား ဒကာရဲ့"

"ဟင် ကုန်းပေါ်ကလူကရော အဲဒီမိချောင်းကို
တွေ့လိုက်ရသလား ဘုရား"

"ဘယ်သူမှ မတွေ့ပါဘူးဗျာ အဲဒီကတည်းက ကန်ထဲမှာ
မိချောင်းရှိတယ်ဆိုတဲ့ သတင်းကကျော်ထွက်သွားပြီး
ရေစပ်ကိုတောင် မဆင်းဝံ့ကြတော့ဘူးဗျို့"

Comments

Popular Posts