ကန်တော်ကဝေမ အပိုင်း(၅) ဇာတ်သိမ်း
ကန်တော်ကဝေမ(အပိုင်း၅)
ဆရာနွံဖက ပါးစပ်က မန္တန်တွေ ရွတ်နေပြီဗျို့။
သန်းခေါင်းကျော်အောင် စောင့်နေပုံပဲဗျို့။
"ဝုန်း" "ဖျန်း"
အလို ရေထဲကနေ ခေါင်းကြီး ထိုးထွက်လာပြီး
အမြီးမည်းမည်းကြီးနဲ့ ရေကို ဖျန်းကနဲရိုက်ပြီး
ပြန်ငုပ်သွားတာဗျို့။ ဆရာနွံဖက လကို တစ်ချက်
မော့ကြည့်တယ်ဗျာ။
"ဝုန်း"
ဟော ပေါ်လာပြန်ပြီဗျ။ ဟုတ်တယ်ဗျို့။
သန်းခေါင်ကျော်သွားလို့ ထင်တယ်။ လှုပ်ရှားတာ
စောစောကလောက် မကြမ်းတော့ဘူးဗျ။
တာတေကတော့ လက်ထဲက ငွေသနွပ်ကြီးကိုသာ
ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတယ်ဗျို့။
"တာတေ အချိန်ကျပြီ ။ ငါ အရင်သွားမယ်
ငါနဲ့ ဒီကောင်နဲ့ သေသေချာချာ ခွဲနော်။
ငါက အဖြူ။ ဟိုကောင်က အမည်း။
မမှားစေနဲ့ ကြားလား"
ဆရာနွံဖ ဘာကိုပြောပါလိမ့်လို့ ကျုပ်စဉ်းစာနေတုန်းမှာ
"ဝုန်း"
ဆရာနွံဖ ရေထဲကို ခုန်ချသွားတယ်ဗျ။
"ဝုန်း ""ဖျန်း"
ဟာ ရေထဲက လှိုင်းလုံးကြီးထပြီး ခေါင်းကြီး
ပေါ်လာပြီ။ ရေကို အမြီးကြီးနဲ့ ရိုက်လိုက်တယ်ဗျ။
ဟင် ဒါ မိချောင်းဖြူကြီးပါလား။
သြော် ဒီလိုကိုး။ဒီတော့မှ တာတေ ဆိုတဲ့ကောင်က
သဘောပေါက်သွားတာဗျို့။ ဆရာနွံဖက ရုပ်ပြောင်းရုပ်လွှဲ
မှော်ပညာနဲ့ မိချောင်းဖြူကြီးအသွင်ယူပြီး
တိုက်ခိုက်မှာကိုး။ ကဲ ကျုပ်အလှည့်ပေါ့ဗျာ။
ကျုပ် ငွေသနွပ်ကို လက်ထဲမှာ တင်းတင်းဆုပ်ပြီး
ရေထဲကို ခုန်ချလိုက်ပြီဗျို့။
"တာတေတဲ့ဟေ့"
"ဝုန်း"
ရေထဲရောက်ရောက်ချင်းတော့
တာတေ့ ဘာကိုမှမမြင်ရဘူးဗျို့။
ခဏပဲ။ ခဏကလေးပဲ။ လရောင်ကြောင့်လား။
တာတေ သောက်ထားတဲ့ အင်းတွေရဲ့ အစွမ်းလားတော့
မသိဘူးဗျ။ ရေအောက်ကို တာတေ မြင်နေရတယ်ဗျ။
ဟာ လှိုင်းလုံးကြီးတွေ တာတေ့ကို ပြေးဆောင့်ပြီဗျို့။
ကျုပ်ဖြင့် နောက်ကို တစ်လံလောက်တောင်
လွင့်ထွက်သွားတာဗျ။
ဟာ မိချောင်းကြီးနှစ်ကောင် လုံးထွေးနေတာဗျို့။
တစ်ကောင်က အမည်းကြီးဗျို့။ တစ်ကောင်က
ဖြူဖြူကြီးဗျ။ အမည်းကြီးက
ကျောက်မိချောင်းကြီးပေါ့ဗျာ။
အဖြူကြီးက ကျုပ်ဆရာ နွံဖပေါ့။
"ဝုန်း ဝုန်း ဝုန်း"
ဟာ တိုက်ပွဲကတော့ တော်တော်ကို ပြင်းထန်နေပြီဗျို့။
ကျုပ်လည်း ငွေသနွပ်ကို သေသေချာချာကိုင်ပြီး
အနားတိုးသွားလိုက်တယ်ဗျ။
"ဝုန်း ဖျန်း အား"
"ဝုန်းဆိုတာက မိချောင်းကြီးနှစ်ကောင် လူးလိုက်တဲ့
အသံဗျ။ ဖျန်းဆိုတာက အမည်းကောင်ကြီးရဲ့ အမြီးနဲ့
ကျုပ်ကို ရိုက်မိတာဗျို့။ အားဆိုတာက ရေထဲမှာ
ကျုပ်လန့်အော်လိုက်တာ။ ဒါပေမဲ့ ရိုက်မိတဲ့အရှိန်နဲ့
ကျုပ်က ရေပေါ်ကို တစ်လံလောက် မြောက်တက်
သွားတာလေ ။ ဒီတော့ ကျုပ်အော်လိုက်တဲ့
အသံကြီးက လေထဲမှာ လွင့်ထွက်သွားတာပေါ့ဗျာ။
ကျုပ်ရေထဲကို ပြန်အကျမှာ ရေထဲကို ချက်ချင်း
ငုပ်ပြီး မိချောင်းကြီးတွေကို လိုက်ရှာတာပေါ့ဗျာ။
ဟာ တွေ့ပြီဗျို့။ ကန်အောက်ခြေက နွံထဲမှာ
နှစ်ကောင်သား လုံးနေတာဗျို့။ အမည်းကောင်ကြီးက
အပေါ်ရောက်လာလိုက် ။ အဖြူကြီးက
အပေါ်ရောက်လာလိုက်နဲ့။ ကျုပ်အသက်ကို
နာနာအောင့်ပြီး အနားကို ကပ်လာခဲ့တာပေါ့ဗျာ။
စောစောက ရေပေါ်ကို မြောက်အတက်မှာ
ကျုပ်က အသက်ကို တစ်ဝကြီး ရှုလာတာဗျို့။
ဟော အမည်းကြီးက အပေါ်ကနေပြီး
အဖြူကောင်ကြီးကို ဖိကိုက်နေတာဗျ။
တွေ့ကြသေးတာပေါ့ဗျာ။ငါ့ဆရာနွံဖကို
ကိုက်တဲ့ကောင် ။ ကျုပ်ဆရာနွံဖ ခံနေရတာ
တွေ့တော့ ကျုပ်သွေးကို ချက်ချင်းဆူပွက်သွားပြီး
ငွေသနွပ်ကို လက်နဲ့စုံကိုင်ပြီး မိချောင်းမည်းကြီးရဲ့
လက်ပြင်ကနေ အားကိုစိုက်ထည့်လိုက်တာဗျို့
"ကဲကွာ ကဲ သေပေတော့ "
အသားထဲကို စိုက်ဝင်သွားတဲ့ သနွပ်ပင်ကြီးကို
ကျုပ်အားနဲ့ ထပ်ဖိပြီး သွင်းလိုက်တာဗျို့။
"ဝုန်း"
မိချောင်းကြီး ချက်ချင်းကို ထွန့်ထွန့်လူးသွားတာဗျို့။
မိချောင်းဖြူကြီးက ချက်ချင်းရုန်းထွက်ပြီး
အမည်းကောင်ကြီးကို ကိုက်တော့တာပဲဗျ
အမည်းကောင်ကြီးက ကန်ထဲမှာ လှည့်ပတ်ပြေးတာပေါ့ဗျာ။
ကျုပ်လည်း ထပ်ပြီး အသက်မအောင့်နိုင်တော့တာနဲ့
ရေပေါ်ကို ပေါ်ခဲ့ရတာပေါ့ဗျာ။ ဒါပေမဲ့ သနွပ်ကြိုးက
ကျုပ်ခါးမှာ ချည်ထားတာဆိုတော့ ကျုပ်က
ရေပေါ်ပြီး အသက်ရှုလိုက် ။ အောက်က မိချောင်းကြီးက
ဆွဲတော့ ရေထဲပြန်ပြုတ်လိုက် ဖြစ်နေရောဗျို့။
မိချောင်းမည်းကြီးက ကန်ကိုပတ်ပြီး ကူပြေးနေသေးတာဗျ။
ခဏကြာတော့မှ ငြိမ်သွားတယ်။ မိချောင်းဖြူကြီးကလည်း
တောက်လျှောက်ကို လိုက်ကိုက်နေတာဗျို့။
ဟော ငြိမ်သွားပြီ။ ငြိမ်သွားပြီ။ ဟာ မိချောင်းကြီးက
ကျောက်ရုပ်ကြီး ဖြစ်သွားပြီဗျို့။ ကျုပ်ရဲ့ ငွေသနွပ်ကြီးလည်း
ကျွတ်ထွက်သွားပြီဗျ။ ကျုပ်က ကြိုးကနေကိုင်ပြီး
ငွေသနွပ်ကို ပြန်ဆွဲယူထားလိုက်တယ်။
ကျုပ်လက်ထဲကို သနွပ်ပြန်ရောက်ပြီ။
ဟာ ကွဲသွားပြီဗျို့။ ကျောက်မိချောင်းကြီးက
အက်ကြောင်းကြီးတွေပေါ်လာပြီး ကွဲထွက်သွားပြီဗျို့။
ဟင် မိကျောင်းဖြူကြီး ချက်ချင်းရေပေါ်ကို
ထိုးတက်သွားပြီဗျ။ ကျုပ်လည်း ရေပေါ်ကို
ပေါ်ပြီး ကန်စပ်ကို ကူးရတာပေါ့ဗျာ။
ကန်စပ်ကို တက်လိုက်တော့ သစ်ပင်တစ်ပင်မှာ
မှီပြီး ထိုင်နေဆဲ ဆရာနွံဖကို တွေ့လိုက်ရတယ်။
တော်ပါသေးရဲ့ဗျာ။
"တာတေရေ မင်းရဲ့ သတ္တိကတော့ ပြိုင်စံရှားပါပဲကွာ"
လို့ ဆရာနွံဖက ဆီးပြီး ပြောတယ်ဗျ။
"ကဲ တာတေ မင်းခါးမှာ ချည်ထားတဲ့
သနွပ်ကြိုး ဖြုတ်လိုက်ကွ ။ဆရာကြီးနောက်ကို
လိုက်ကြဦးစို့ရဲ့"
ကျုပ်လည်း ခါးကသနွပ်ကြိုးကို ဖြုတ်တယ်
သနွပ်ကိုတော့ လက်က ကိုင်လာတယ်ဗျ။
လိုရမယ်ရပေါ့ဗျာ။ ဆရာတပည့်နှစ်ယောက်လုံး
ကတော့ ရေအရွှဲသားနဲ့ပေါ့ဗျာ။
ဟော တွေ့ပြီဗျို့။ ကန်ရဲ့အရှေ့ဘက်မှာ
ကဝေမကြီးနဲ့ ဆရာကြီးနဲ့ အပြင်းအထန်ကို
တိုက်နေကြတာဗျို့။
"ဟဲ့အကောင် ဆရာစုတ် ။ နင့်လူတွေ ငါ့ရဲ့မိချောင်းကို
ကိစ္စတုံးလိုက်ကြပြီမို့လား အေး နင့်ငါ ကိစ္စတုံးပြီသာ
မှတ်တော့ ဆရာစုတ်"
"ငါက နင့်အသက် နင့်ကိုယ်ထဲဝင်လာအောင်
တမင်စောင့်နေတာဟေ့ ကဝေမရဲ့။ ဒါမှ နင့်ကို
ငါ ကိစ္စတုံးလို့ရမှာ"
"သြော် ဒီလိုလား ။ ရော့ ဟောဒီကဝေစက်က
ငါ့ကိုယ်ပိုင်စက်ဟေ့ ရော့"
ကဝေမကြီးက မျက်လုံးကရော ပါးစပ်ကပါ
တဝင်းဝင်းနဲ့ စက်တွေ ထုတ်လွှတ်လိုက်တာဗျို့။
ဆရာကြီးက လက်ဝါးကို ဖြန့်ကာ လိုက်ပြီး
ပြန်တွန်းပေးလိုက်တော့ ကဝေမကြီးရဲ့စက်တွေက
ရှေ့ဆက်မတိုးနိုင်ဘဲ ကဝေမကြီးပါ
ဖင်ထိုင်ရက်လဲကျသွားရောဗျို့။
ကဝေမကြီးကား လဲနေရာကနေ ပြန်ထမယ်အလုပ်မှာ
ဆရာကြီးက ရှေ့ကို ပြေးဝင်သွားပြီး သူ့လက်ထဲက
ဆေးတောင့်နဲ့ တအားပေါက်ချလိုက်တယ်ဗျို့။
"ဝုန်း ဝုန်း"
ဟာ မီးတောက်ကြီးပါ ထသွားတာဗျို့။
ကဝေမကြီးလည်းမီးတောက်ထဲမှာ လှိမ့်နေရောဗျာ။
"အဲဒါ မီးမှော်လို့ခေါ်တယ် ကဝေမရေ
နင်က ရေထဲက လာတဲ့ ပညာသည်ဆိုတော့
နင့်ကို မီးမှော်နဲ့ တိုက်လိုက်တာလေ။
မီးများ မီးနိုင် ရေများ ရေနိုင်တဲ့။
ကဲ နင်ရအောင် ငြိမ်းပေးတော့"
ကဝေမကြီးက လက်ကြီးတွေ ကွေးကောက်ပြီး
ပါးစပ်ကြီးဟပြီး ရေတွေ မှုတ်ထုတ်တယ်ဗျ။
ဒါပေမဲ့ သူ့ပါးစပ်က ထွက်လာတဲ့ ရေက
မီးတောက်ကြီးကို လုံးဝမငြှိမ်းနိုင်တော့ဘူးဗျို့
မီးတောက်ကြီးက ကြီးသတဲ့ ကြီးလာပြီး။
"အား"
ကဝေမကြီး အသံနက်ကြီးနဲ့ အော်လိုက်တာ
အနီးနားက ကျီးကန်းတွေတောင် လန့်ပျံကုန်ကြတာဗျို့။
"အား အား အား အား အား"
ကျီးပျိုတဲ့အသံတွေက ပတ်ဝန်းကျင်တစ်ခုလုံး
ဆူညံသွားတော့တယ်ဗျာ။
"ဟင် ဟိုမှာ မိန်းခလေးတစ်ယောက်
လဲနေပါလား ဆရာနွံဖ"
"ဟေ ဟုတ်သားပဲကွ အသာကြည့်နေ တာတေ"
နောက်ဆုံးတော့ မီးတောက်ကြီးက ကန်တော်ကဝေမကြီးကို
ပြာဖြစ်အောင် လောင်မြိုက်သွားတော့တာပေါ့ဗျာ
"ဟင် ဟိုကလေးမလေး ထလာပြီဗျ"
ကျုပ် ကြည့်နေတုန်းမှာပဲ လမ်းဘေးမှာ လဲနေတဲ့
မိန်းခလေးက သတိရသွားပြီး ငုတ်တုတ်ကလေး
ထထိုင်တယ်ဗျ။ပြီးတော့ ဟိုကြည့် သည်ကြည့်
လုပ်နေတယ်။
"နွံဖနဲ့ မောင်တာတေ လာကြကွဲ့။ ဒီကလေးမကို
ကျောင်းကိုခေါ်ခဲ့။ ဘုန်းကြီးဦးဥာဏဆီ အပ်လိုက်ကြ"
ကျုပ်တို့ ကျောင်းပြန်ရောက်တော့ ဘုန်းကြီးဦးဥာဏနဲ့
ဦးပဉ္ဇင်းတွေက ကျုပ်တို့ကို ဆီးကြိုနေကြတာဗျ။
သူတို့တွေ ကန်ထဲက တိုက်ပွဲကို လရောင်အောက်မှာ
မြင်နေရတာဆိုပဲ။
ဆရာကြီးရဲ့ တိုက်ပွဲကိုတော့ မမြင်ရပေမယ့်
ပြောဆိုကြိမ်းဝါးသံတွေကို အတိုင်းသား
ကြားနေကြရတယ်တဲ့ဗျ။
နောက်တစ်နေ့ရောက်တော့ ကဝေမကြီးစက်လွှတ်ပြီး
ခေါ်လိုက်တဲ့ ကလေးမကလေးကို သူ့အိမ်ပြန်ပို့ပေးကြတယ်
ကန်တော်ကဝေမကြီး မရှိတော့တဲ့အကြောင်းကိုတော့
ဘုန်းကြီးဦးဥာဏက ပြောပြလေရဲ့။
ကျုပ်တို့ ဆရာတပည့်တွေကတော့
ရန်ကုန်ကို ပြန်ခဲ့ကြတာပေါ့ဗျာ။



Comments
Post a Comment