ကန်​​တော်​က​ဝေမ အပိုင်း(၄)






ကန်တော်ကဝေမ (အပိုင်း၎)

ဆရာနွံဖက ကျုပ်ကို ကြည့်ပြီး…

" အေး မြို့ထဲဆိုပါတော့ကွာ။ဒါပေမဲ့ သွားတာက
မြို့ဦးကို သွားတာကွ။ဒီမြို့ရဲ့ သက်ဆိုင်ရာ
နတ်ကြီးတွေကို အကျိုးအကြောင်းပြောပြရတာ။
မနက်ဖြန်မှာ ဒီကဝေမကို ရှင်းပစ်မယ့်အကြောင်း
အကြောင်းကြားတာပေါ့ကွာ"

"သြော် အဲဒီလို လုပ်ရတာလား"

"တောထဲ တောင်ထဲတော့ မလိုဘူးပေါ့ကွာ။
ဒီလို့ မြို့ကြီးပြကြီးတွေကြတော့ မြို့စောင့်နတ်ကို
အကြောင်းကြားရတယ်ကွ"

"ကျုပ်ဖြင့် မနက်ဖြန်ညကို မြန်မြန်ရောက်ချင်နေပါပြီဗျာ"

"အေး ဒီနေ့ပြီးရင် မနက်ဖြန်ရောက်မှာပဲပေါ့ကွာ
တာတေရာ။သြော် ဒါနဲ့ မောင်တာတေက
အညာကဆိုတော့ ရေတွေဘာတွေ
ကျွမ်းကျင်ရဲ့လား"

"ဟာ ဆရာနွံဖ ။ တာတေက အညာသားပေမယ်
ပင်လယ်မှာလည်း နေခဲ့ဖူးတာဗျ။ ရေကူးလည်းကျွမ်းတယ်။
ရေငုပ်လည်း ကျွမ်းတယ်ဗျ။ ရေအောက်မှာ ပုဇွန်
စမ်းနေကြလေ ဆရာ နွံဖရဲ့"

"ဒါဆို နေရာကျတာပေါ့ကွာ ။ မနက်ဖြန်ညမှာ
မောင်တာတေ ရေထဲဆင်းရမှာကွ။ ဟိုဟာကြီးလေကွာ။
ဆရာကြီး လုပ်လာတဲ့ ငွေသနွပ်ကြီးနဲ့ မင်း
အလုပ်လုပ်ရလိမ့်မယ်"

"ဟင် ဟုတ်လား  ဆရာနွံဖ ။ အို တွေ့ကြသေးတာပေါ့ဗျာ။
တာတေက အဲဒီလိုပွဲမျိုးကို သိပ်တွေ့ချင်နေတာဗျ"

ကျုပ်နဲ့ ဆရာနွံဖ ပြောနေတာကို ဆရာကြီးက
ကြားသွားပြီး …

"မောင်တာတေရဲ့ သတ္တိကိုတော့ ဆရာကြီး
ယုံပြီးသားပါကွယ် ။ ဒါပေမဲ့ ဒီတစ်ခါတော့
တော်တော်ကို သတိထားရမယ်ကွဲ့ မောင်တာတေရဲ့"

"ဟုတ်ကဲ့ပါ ဆရာကြီး"

"ကဲ နွံဖ မောင်တာတေကို အခုနတ်ကြီးလေးပါးအင်းတိုက်ထား။
ညရောက်ရင် ကဝေသိုက်ဖျက်အင်းတော်ကြီး တိုက်လိုက်။
မောင်တာတေလည်း ဒီနေ့ တစ်နေ့လုံး ပုတီးစိပ်နေကွဲ့
ကြားလား"

"ဟုတ်ကဲ့ပါ ဆရာကြီး"

ဆရာကြီးရဲ့ မျက်နှာရိပ် မျက်နှာကဲကို ကြည့်ရတာ
တော်တော်ကို ဂရုတစိုက်လုပ်ရမယ့်ပုံပဲ။
တာတေလည်း သေသေချာချာ လုပ်ရမယ် ထင်တယ်ဗျို့။

တာတေ နတ်ကြီးလေးပါးအင်းသောက်ပြီး
တစ်နေကုန် ပုတီးစိပ်နေတယ်ဗျ။ ဆရာကြီးနဲ့
ဆရာနွံဖလည်း ထမင်းစားချိန်က လွဲရင်
ဘုရားခန်းက မထွက်ဘဲ ပုတီးစိပ်နေကြတယ်

ညရောက်တော့ တာတေ့ကို အင်းတစ်ချပ်တိုက်တယ်
လူခြေတိတ်ချိန်ရောက်တော့
တာတေကျောင်းကြီးပေါ်ကနေပြီး ကန်ထဲကို
ကြည့်တယ်။ဒီည လပိုသာတယ်ဗျို့။
ကန်ကြီးတစ်ခုလုံး လင်းနေတော့တာဗျ။
ညသန်းခေါင်ကျော်တော့ မနေ့ကလိုပဲဗျို့။

ကန်လယ်မှာ လှိုင်းဂယက်တွေထလာပြီး
ဖြူဖြူကြီး ပေါ်လာတယ်။ ပြီးတော့
ရေပေါ်မှာ လမ်းလျှောက်ပြီး သွားလာနေလေရဲ့။
တာတေလည်း တံခါးအကွယ်ကနေ သေသေချာချာ
ကြည့်တယ်။ ဆရာနွံဖကတော့ ပုတီးစိပ်နေတော့
ခေါ်မပြတော့ပါဘူး။

ဟာ တာတေ ကြည့်နေတုန်းမှာ အဲဒီဖြူဖြူကြီးက
အလင်းရောင်တွေ ထွက်လာတယ်ဗျို့။
အဲဒီအလင်းတန်းတွေက ကန်ကြီးတစ်ခုလုံးကို
ဖြန့်ထွက်ပြီး မိုးလိုက်သလိုပဲဗျ။

ဒါကဝေစက်ပဲ ထင်တယ်လို့ တာတေ တွေးမိတယ်ဗျ။
ဘာပဲဖြစ်ဖြစ် မနက်ကျရင်တော့ ဆရာကြီးကို
ဒီအကြောင်းပြန်ပြောရတော့မှာပဲ။ကဝေမ
ဘာလုပ်တယ်ဆိုတာ ဆရာကြီးမှ သိမှာမို့လား။

တာတေ မအိပ်ဘဲကို စောင့်ကြည့်နေတာဗျို့။
ဟော သုံးနာရီလောက်အထိ ကဝေမက သူ့စက်တွေကို
ကန်ပေါ်မှာ ဖြန့်နေတာဗျ။ နောက်မှ ပျောက်သွားတာ။

မနက်ရောက်တော့ ညက တာတေ တွေ့ခဲ့တာကို
ဆရာကြီးနဲ့ ဆရာနွံဖကို ပြောပြတော့ ဆရာကြီးက
ခေါင်းတညိတ်ညိတ်လုပ်ပြီး စဉ်းစားတယ်ဗျ။

"အင်း ဒါဆိုရင် ဒီညတော့ သေချာပြီဟေ့။
နွံဖရေ အဆင်သင့်သာ ပြင်ကြပေတော့"

"ဟုတ်ကဲ့ ဆရာ ။ အဆင်သင့်ဖြစ်ပါပြီ"

"မောင်တာတေကတော့ မင်းရဲ့သတ္တိကို
အစွမ်းကုန်အောင် ပြရမယ့် ညပဲကွဲ့။
မင်းနဲ့ မင်းဆရာနွံဖက ကန်ထဲကို
ဆင်းကြရလိမ့်မယ့် ။ နှစ်တစ်ရာပြည့်တဲ့ညမှာ
အသက်ဝင်လာမယ့် ကျောက်မိချောင်းကြီးကို
မင်းတို့ဆရာတပည့်က ဆင်းပြီး ကိစ္စတုံးကြပေတော့။
ကျုပ်ကတော့ ကန်တော်ကဝေမ ခေါ်လာမယ့်
ကလေးမလေးကို လမ်းကနေ ဖြတ်ပြီး
တားမယ်။ ပြီးရင် ကန်တော်ကဝေမနဲ့
ပညာချင်းပြိုင်ကြရမှာပေါ့ကွယ်။
သတိတော့ထား နွံဖရေ။ ကျောက်မိချောင်းက
ဝိညာဉ်စားမယ်အချိန်မှာ မစားရရင်
ဒေါသူပုန်ထတော့မှာကွဲ့။ မင်းဒို့နှစ်ယောက်
တစ်ချက်မှ သတိမလစ်စေနဲ့ဟေ့"

"စိတ်ချပါ ဆရာကြီး"

လို့ ကျုပ်က ပြောလိုက်တယ်ဗျ။
စောင့်နေလို့ ကြာတာလားတော့ မသိဘူးဗျို့။
အဲဒီနေ့က တော်တော်နဲ့ကို မိုးမချုပ်ဘူးလို့
ကျုပ်က ထင်နေတာ။ ဒါပေမဲ့ သဘာဝတရားကတော့
ပုံမှန်ပါပဲဗျာ။ ခါတိုင်းလို နေဝင်သွားပြီးတဲ့နောက်မှာ
ခါတိုင်းလိုပဲ မိုးချုပ်သွားတာပါပဲ။

ကျုပ်တို့ ဆရာတပည့်သုံးယောက် ညစာတောင်
မစားကြဘူးဗျို့။ ဗိုက်ထဲမှာ အစာတွေရှိနေရင်
လှုပ်ရှားရမှာ ခက်မှစိုးလို့ပေါ့ဗျာ။

ကျုပ်တို့ ကန်ရိပ်ကို နင်းမိတော့ ညဆယ်နာရီလောက်ရှိပြီဗျ။
ဆရာတပည့်တွေ အင်းဝခေတ်ကတည်းက ရှိနေခဲ့တဲ့
သဘာဝ ရေကန်ကြီးကို ငေးကြည့်နေကြတာဗျို့။
ကန်တစ်ဖက်ကဖြတ်ပြီး တိုက်လာတဲ့ လေအေးကလေးက
ကျုပ်တို့ကို စိမ့်ကနဲ ဖြစ်သွားစေတယ်ဗျ။

ဒါက ကျုပ်ထင်တာနော်။ ဆရာကြီးကတော့
အတွေ့အကြုံတွေ များနေပြီဆိုတော့ ချက်ချင်းကို
ပြောတာဗျ။

"သတိထားတော့ဟေ့ ။ ဒီလေအေးက သာမန်မဟုတ်ဘူးကွ။
အအေးဓါတ်က များလွန်းနေတယ်"

ဟုတ်ပါဗျာ။ ဆရာကြီးစကား ဆုံးရုံပဲရှိသေးတယ်
ကန်ရေပြင်တွေ ဂယက်ထလာရောဗျို့။ ပထမတော့
ဂယက်က ခပ်သေးသေးပဲဗျ။ ကြည့်ရင်း ကြည့်ရင်းနဲ့
ဂယက်တွေ ကြီးကြီးလာတာ။

"ဖျန်း"

ဟာ ဘာကြီးတုံးဟ။ မည်းမည်းကြီးပါလား။
ကန်လယ်မှာ ရေဂယက်ကြီးထပြီး ပေါ်လာတာဗျ။
ရေကို ဖျန်းကနဲ ရိုက်ချလိုက်တာ။

"နွံဖ ကျောက်မိချောင်းတော့ အသက်ဝင်နေပြီကွ။
ဝိညာဉ်ကို စုတ်ယူဖို့ တောင့်တနေပြီ ။ ဒါဟာ
နှစ်တစ်ရာပြည့်တဲ့အချိန်ပဲကွ။ သန်းခေါင်မကျော်မချင်း
မင်းတို့ မဆင်းနဲ့။ သန်းခေါင်ကျော်လို့မှ သူတောင့်တဲ့ဝိညာဉ်
မစုတ်ယူရရင် ဒီကောင် အားအင်ချိနဲ့လာလိမ့်မယ်
အဲဒီအချိန်ဟာ မင်းတို့အတွက် အချိန်ကောင်းပဲကွ"

"ဟုတ်ကဲ့ပါ ဆရာ"

ဆရာနွံဖက ဆရာကြီးကို ရိုရိုသေသေ ပြောတယ်ဗျ။
ပြီးတော့ သူလွယ်ထားတဲ့ ဆေးလွယ်အိတ်ကို ဖြုတ်ယူပြီး
ဆရာကြီးကို အပ်လိုက်တယ်။ ပြီးတော့ ကျုပ်ဘက်ကို
လှည့်ပြီး …

"ရော့ တာတေ မင်းကိုင်ရမယ့် ငွေသနွပ် အပေါ်က
ပတ်ထားတဲ့ စက္ကူတွေ ခွာလိုက်တော့ "

ကျုပ်လည်း ဆရာနွံဖပေးတဲ့ ငွေသနွပ်ကို ရိုရိုသေသေ
လှမ်းယူလိုက်တယ် ။ ပြီးတော့ အပေါ်ကနေ
လူမမြင်အောင် ပတ်ထားတဲ့ စက္ကူတွေကို
ခွာလိုက်တယ် ။ လရောင်အောက်မှာ
ဝင်းလက်နေတဲ့ ငွေသနွပ်ကြီး ပေါ်လာတယ်။

ဆရာကြီးကိုယ်တိုင် သေသေချာချာ စီရင်ထားတဲ့
ငွေသနွပ်ဗျာ။ ကျုပ်က သနွပ်ကို လက်ထဲမှာ
ဆကြည့်လိုက်တယ်။ အပေါ်က အင်္ကျီတွေကို
ဆရာနွံဖပါ ချွတ်ပစ်လိုက်ကြတယ်။

ပုဆိုးတွေကို ခါးတောင်းမြှောက်အောင်
ကျိုက်လိုက်ကြတယ်ဗျ။ ကျုပ်က သနွပ်ကြိုးကို
ကျုပ်ခါးမှာ ချည်လိုက်တယ်။ လက်ထဲက
သနွပ်လွတ်ကျသွားရင် ပြန်ဆွဲယူလို့ရအောင်ပေါ့ဗျာ။

"ဟော ရေထဲက ဖြူဖြူကြီး တက်လာပြီ ဆရာကြီး"

"အေး ဟုတ်တယ် နွံဖ ။ အဲဒါ ကန်တော်ကဝေမပဲကွ
စိတ်ချ ဒီကောင်မကြီးကို ကျုပ်တာဝန်သာထား"

"ဟော ကဝေမက ရေပေါ်မှာ ပြေးနေပြီဗျို့"

"အသာငြိမ်နေ မောင်တာတေ ။ ဒီကဝေမရဲ့
နောက်ကို ကျုပ် လိုက်သွားမယ် "

ပြောပြောဆိုဆို ဆရာကြီးက ကန်တော်ကဝေမ
ထွက်သွားတဲ့ဘက်ကို ဆေးလွယ်အိတ်တစ်လုံး
လွယ်ပြီး လိုက်သွားလေရဲ့။ကျုပ်နဲ့ ဆရာနွံဖပဲ
ကျန်နေတာဗျို့။မကြာခင်မှာပဲ။ လ,မွန်းတည့်ပြီးဗျ။

"ဝုန်း"

ဟာ ရေထဲက လှိုင်းလုံးကြီး ထသွားတာဗျို့။
ဟာ မိချောင်းကြီးပါလား။ နည်းတဲ့ကောင်ကြီးမှ
မဟုတ်တာ။ ခေါင်းတိုကြီးဗျ။ ခေါင်းကကို
တင်းတောင်းလောက် ရှိမလားပဲဗျ။

Comments

Popular Posts