ရေတံခွန်ချောင်း (ပထမပိုင်း)
ရေတံခွန်ချောင်း (ပထမပိုင်း)
ဒီနှစ်တော့ မိုးကောင်းသားဗျ။
မိုးကောင်းတော့ နှမ်းအောင်တာပေါ့ဗျာ။
ဒါပေမဲ့ မိုးအကောင်းလွန်သွားရင်လည်း
နှမ်းပျက်ရောဗျို့။
ခုအချိန်အထိတော့ မဆိုးဘူး ပြောရမှာပဲ ။ လိုသလောက်မိုးပဲ
ရွာလို့ဗျ။အောက်ပြည်အောက်ရွာမှာတော့ ဒီအချိန်ဆိုရင်
မိုးတွေ တအုံးအုံးချနေလောက်ပြီဗျ။ ဝါဆို ဝါခေါင်
ရေတွေကြီးလို့ ဆိုတာ အောက်ပြည်အောက်ရွာအတွက်
ရေးဖွဲ့တဲ့ ကဗျာပေါ့ဗျာ။ ကျုပ်တို့အညာမှာတော့
မိုးက ခပ်ဖွဲဖွဲပါပဲ။ ဒါပေမဲ့ တာတေက ဝါဆို ဝါခေါင်
ရေကြီးချိန်မှာ သပြေသီးမှည့်တွေ ကောက်ခဲ့ဖူးသားဗျ။
ချင်းတွင်းမြစ်ရဲ့ လက်တက်ချောင်းခွဲတစ်တစ်ခုပေါ့ဗျာ။
ရေတံခွန်ချောင်းတဲ့ဗျ ။ ကျုပ်တို့ ထနောင်းကုန်းနဲ့တော့
အတော်လေး လှမ်းသားဗျ။ ချောင်းကမ်းနံဘေးမှာ
ရွာတည်တဲ့နေရာလေဗျာ။ ရေတံခွန်ချောင်းက
ဘယ်ကစပြီး စီးလာတယ်တော့ မပြောတတ်ဘူးဗျ။
ချင်းတွင်းမြစ်နဲ့ မပေါင်းခင်အထိဆိုရင် ချောင်းကမ်းပါး
တစ်လျှောက် တည်ထားတဲ့ ရွာပေါင်း ဘယ်လောက်တောင်
ရှိတယ် ဆိုတာလည်း ကျုပ်မသိဘူးဗျ။ ကျုပ်သိသလောက်
ပြောရရင်တော့ ချောင်းရဲ့ ဟိုဘက်ကမ်းမှာ ဝဲပြန်ရွာ
ရေကမြောင်းရွာ အင်တောရွာ ဆင်အောင်းရွာ ဆင်မောင်းရွာ
ဆိုတာတွေ ရှိတယ်ဗျ။ ချောင်းဒီဘက်ကမ်းမှာတော့
စံပေါက်ရွာ လက်တက်ခွဲရွာ ဒေါင်းရေကျော်ရွာ
ဆင်မသားမွေးရွာ ချင်းစုရွာတွေ ရှိတယ်ဗျ။
ကျုပ်ရောက်ဖူးတာက 'လက်တက်ခွဲရွာ'လေရွာ။
ဘိုးလူပေ ခေါ်လို့ ကျုပ်လိုက်သွားတာ။ ရေတံခွန်ချောင်းကနေ
ထပ်ပြီး ခွဲထားတဲ့ ချောင်းလက်တက်ကလေးမှာ တည်ထားတဲ့
ရွာကလေးမို့လို့ လက်တက်ခွဲလို့ ခေါ်တာဗျ။
အိမ်ခြေနှစ်ရာကျော်လောက်တော့ ရှိတယ်။
တစ်ရွာလုံး လယ်လုပ်ကြတယ် ။
စပါးအဓိက စိုက်ကြတာပေါ့ဗျာ။
သီးထပ် သီးညှပ်တွေလည်း အနည်းအကျဉ်းတော့
စိုက်ကြတယ် ။ မတ်ပဲတို့ ပဲတီစိမ်းတို့ ပဲကြီးတို့ပေါ့ဗျာ။
တစ်ချို့ဘက်မှာတော့ ဆီးပင်တွေ စိုက်ကြတယ်ဗျ။
လူတစ်ရပ်လောက်မြင့်တဲ့ ဆီးပင်တွေ ရာချီအောင်
စိုက်တာပေါ့ဗျာ။ ဘိုးလူပေနဲ့ ကျုပ်လိုက်သွားတုန်းက
မိုးကောင်းတယ်။ လယ်ကွင်းတွေထဲမှာ ရေမှဖွေးလို့ဗျ။
စပါးတွေ စိုက်နေကြတာ။ ကောက်စိုက်သမတွေဆိုတာ
သီချင်းတွေ တကြော်ကြော်ဆိုလို့ဗျ။ကျုပ်က ထနောင်းကုန်းက
ကိုဆိတ်ဖွားနဲ့ အင်းကြီးတွေထဲလည်း လိုက်ဖူးတယ်။
ကျုပ်က အညာသားဆိုပေမယ့် လှေလည်း
ကောင်းကောင်းလှော်တတ်သဗျ။
ကျုပ်နဲ့ ဘိုးလူပေ ပြန်တော့ လက်တက်ခွဲက လူတွေ
ကျုပ်ကို ထနောင်းကုန်းအထိ လိုက်ပို့ကြတာဗျ။
အဲဒီဘက်က လူတွေလည်း တော်တော်တော့
ခင်တတ်သားဗျ။ ကျုပ်က လှည်းကောက်ရင်း
ဟိုတွေး ဒီတွေး တွေးနေတာဗျို့။
မြေဆီထည့်တဲ့ ပလတ်စတစ်အိတ်အထူကြီးတွေကို
အဘက ထပ်ထပ်ပြီးတော့ ကြိုးနဲ့ စည်းထားတာဗျ။
အဲဒီအိတ်အလိပ်ကြီးကို လှည်းပေါ်တင်လိုက်တယ်။
နွားမောင်းဖို့ နတံယူလိုက်တယ်။ကျုပ်တို့အညာမှာ
နွားမောင်းတံ နတံဆိုတာ နှင်တံကို ပြောတာဗျ။
နှစ်တောင်လောက်ရှိတဲ့ ဝါးတုတ်ပေါ့။ ထိပ်မှာ
သံချောင်းသေးသေး တိုတိုလေး မြှုပ်ထားတယ်။
နွားတွေ ဖြောင့်ဖြောင့်မသွားတဲ့အခါတို့ လှည်းမရုန်းတဲ့
အခါဆိုရင် တင်ပါးကို နတံက သံချွန်လေးနဲ့
ထိုးပေးရတာပေါ့ဗျာ။
"တာတေရေ အဆင်သင့် ဖြစ်ပလားဟေ့"
"အေး အဆင့်သင့်ပဲဟေ့ ။ မင်းကိုစောင့်နေတာ"
ကျုပ်နဲ့ တိုးလှ ဒီနေ့ တောင်ရွာစုဘက် သွားပြီး
မြေလိုက်ဂူကြီးတွေထဲမှာ လင်းနို့ချေး သွားကျုံးမလို့ဗျ။
လင်းနို့ချေးဆိုတာ ကျုပ်တို့ယာခင်းတွေအတွက်
အကောင်းဆုံး သဘာဝ မြေသြဇာပဲလေဗျာ။
ယာတွေထဲမှာ တစ်နှစ်တစ်ခါ လင်းနို့ချေး ပက်ပေးနိုင်ရင်
နှမ်းတွေ ပဲတွေ လွှတ်ကောင်းတာဗျ။
ကျုပ်ပြောခဲ့ပါရောလားဗျာ ။ ကျုပ်တို့ တောင်သူအလုပ်က
ထိုင်နေရင်သာဗျ။လုပ်မယ်ဆိုရင် လုပ်စရာတွေချည်းပဲ။
တောင်စုရွာက မြေလိုဏ်ဂူကြီးတွေက သဘာဝအတိုင်းကို
ဖြစ်နေဗျ။ဂူပေါက်တစ်ခုဆိုရင် လင်းနို့ချေးက တင်းနဲ့ကို
ချီပြီးရတာ။ အဲဒီဘက်မှာ မြေလိုဏ်ဂူကြီးတွေဆိုတာ
အပေါက်သုံးလေးဆယ် ရှိတာဗျ။
ကျုပ်နဲ့ တိုးလှ တစ်ယောက်ကို လင်းနို့ချေး ရှစ်အိတ်စီလောက်
ရကြတာဗျ။ ဒါလောက်ဆိုရင်
တော်တော်ကို အဆင်ပြေသွားပြီလေဗျာ။
မြေလိုဏ်ဂူကြီးတွေထဲဝင်ပြီး လင်းနို့ချေး ကျုံးတယ်ဆိုတာလည်း
ကျုံးနေကျလူမှ ခံနိုင်တာဗျ။ လင်းနို့ချေးနံ့ဟာ လိုဏ်ခေါင်းထဲမှာ
လှောင်ပြီးနေတော့ အသက်ရှုရတာ အားကြီးခက်တာဗျို့။
လင်းနို့ချေးမှာ ယမ်းဓါတ်အပြည့်ပါတာဆိုတော့
လိုဏ်ခေါင်းကြီးထဲမှာ ယမ်းနံ့တွေ မွှန်ထူနေတာ။
တိုးလှနဲ့ ကျုပ်တို့ကတော့ လင်းနို့ချေး ကျုံးနေကျဆိုတော့
ခံနိုင်ရည်ရှိနေပြီပေါ့ဗျာ ။ ကျုပ်တို့နှစ်ယောက် လှည်းမောင်းပြီး
ပြန်လာတော့ပဲ နေစောင်းနေပြီ။ ဘိုးညီလေးထန်းတော
ရောက်တော့ နွားရိုင်းသွင်းချိန်ဗျ။
"ချလွင် ချလွင် ချလွင် ချလွင် "
"ဟာ တာတေ ထန်းတောဟိုဘက်ကို ကြည့်လိုက်စမ်း"
တိုးလှပြောလို့ ကျုပ်လှမ်းကြည့်လိုက်မိတယ်။
"ဟာ လှည်းတန်းကြီးပါလားကွ တိုးလှရေ ။
ပေါင်းမိုးလှည်းတွေချည်းပဲကွ။ ဘုရားပွဲတွေ
ဘာတွေရှိလို့ တစ်ရွာလုံး သွားတဲ့ပုံပဲကွ။
ချူသံတွေမှ တချွင်ချွင်နဲ့ ညံနေတာပဲဟေ့"
"ဖူး ဖူး ဖူး ဖူး"
ဟာ ကျုပ်တို့နွားကြီးတွေ တဖူးဖူးနဲ့ နှာမှုတ်ပြီး ရပ်သွားပြီဗျို့။
နတံနဲ့ တို့လည်း ပေပြီ အနာခံရောဗျို့။ရှေ့ကို နည်းနည်းမှ
မတိုးတော့ဘူးဗျ။ ကျုပ်တို့က ဘိုးညီလေးထန်းတောကြီးရဲ့
ဒီဘက်မှာဗျ။ လှည်းတွေက ထန်းတောဟိုဘက်မှာ နဘူးချုံတွေ
ကြားကနေ ထွက်လာတာဗျ။ လှည်းအားလုံး ပေါင်းမိုးတပ်
ချည်းပဲဗျ။နွားကြီးတွေမှ ကောင်းလိုက်တာဗျ။
နည်းနည်းနောနော ဒေါက်ကြီးတွေ မဟုတ်ဘူး။
"တာတေ ဒါ ဘာဖြစ်တာတုံး ငါတို့နွားတွေ
ရှေ့မတိုးတော့ပါလားကွ"
"အေးကွ တိုးလှရ။ ထူးတော့ ထူးနေပြီကွ။ ဒါထက်
နေပါဦး တိုးလှရ။ ဘိုးညီလေးထန်းတောရဲ့ ဟိုဘက်မှာ
ဟိုဘက်မှာ ဘိုးညီလေးရဲ့ ယာတွေပဲ ရှိတာမို့လား။
ဟိုနဘူးချုံကြီးတွေက ဒီနေရာမှာ ရှိလို့လား"
"ဟေ ဟုတ်သားပဲကွ တာတေရ မင်းပြောမှပဲ
ငါ သတိထားမိတော့တယ် ဒီနေရာမှာ ဘာနဘူးချုံမှ
မရှိဘူးကွ။ ထန်းတောဟိုဘက်ကို မျက်စိတဆုံး
မြင်နေရတာပဲဟာ ။ ယာတွေပဲ ရှိတာလေ။
လှည်းတွေက နဘူးချုံကြီးတွေထဲက
တိုးတိုးထွက်လာနေတာကွ"
"အေး ဟုတ်တယ် တိုးလှ ။မင်း လှည်းတွေ ရေထားလား။
ဆယ့်နှစ်စီး ရှိသွားပြီကွ။ တွေ့လား ထွက်လာနေတုန်းပဲ။
ပြီးတော့ အရှေ့စူးစူးကို သွားနေတာနော် အဲဒီဘက်မှာ
ဒီအချိန် ဘာဘုရားပွဲမှ ရှိတာမှ မဟုတ်တာ"
ကျုပ်တို့နွားကြီးတွေလည်း ရှေ့ကို နည်းနည်းမှ မတိုးတော့
ကျုပ်တို့လည်း နဘူးချုံကြီးတွေကြားက တစ်စီးပြီးတစ်စီး
ထွက်လာတဲ့ လှည်းတွေကိုပဲ ကြည့်နေရတော့တာပေါ့ဗျာ။
လှည်းတွေပေါ်မှာလည်း လူတွေအပြည့်ဗျာ။ ကလေးတွေရော
မိန်းမတွေရော ပြီးတော့ စားအိုး စားခွက်တွေပါ ပါတာဗျ။
ဆူညံ ဆူညံနဲ့ စကားတွေ ပြောဆိုပြီး သွားကြတာဗျ။
သူတို့ကြည့်ရတာ ပျော်ပျော်ပါးပါးပဲဗျာ။ကျုပ်တို့
ကြည့်နေတဲ့ နေရာနဲ့က နည်းနည်းလှမ်းတော့
ဘာတွေပြောမှန်း မသိဘူးဗျ။ တိုးလှနဲ့ ကျုပ်နဲ့
အံ့သြနေကြတာဗျ။ ကျုပ်ရော ဒီကောင်ရော
ရေထားတာ လှည်းအစီး ငါးဆယ်ကျော်ပြီ။
ခုထိ မကုန်သေးဘူး ။လှည်းခုနှစ်ဆယ့်ငါးစီးပြည့်တော့
နောက်ထပ် ထွက်မလာတော့ဘူးဗျို့။
"တာတေ ဒါ ဘုရားပွဲသွားတာတော့ မဖြစ်နိုင်ဘူးကွ။
လှည်းတွေ ဒီလောက်များတာ"
"တိုးလှရာ ဘုရားပွဲသွားတာတော့ ဘယ်ဟုတ်ပါ့မလဲ။
ဝါဆို ဝါခေါင်ကြီးမှာ ဘယ်ကဘုရားပွဲက ရှိမှာတုံးကွ"
"ဒါဆိုရင် ဒီလူတွေ ဘယ်ရွာကလို့ ထင်တုံး"
"တိုးလှ ဒီအနီးအနားမှာ ငါတို့မသိတဲ့ ရွာဆိုတာ ရှိလို့လား"
"တိုးလှရာ ဘုရားပွဲသွားတာတော့
ဘယ်ဟုတ်ပါ့မလဲ ဝါဆို ဝါခေါင်ကြီးမှာ
ဘယ်က ဘုရားပွဲက ရှိမှာတုံးကွ"
"ဒါဆိုရင် ဒီလူတွေ ဘယ်ရွာကလို့ ထင်တုံး"
"တိုးလှ ဒီအနီးအနားမှာ ငါတို့မသိတဲ့ရွာဆိုတာ
ရှိလို့လား ။ အခုလိုမျိုး လှည်းခုနှစ်ဆယ့်ငါးစီးနဲ့
ခရီးသွားတာ ။ မင်း မြင်ဖူးလို့လား"
"ဟေ့အေး မြင်လည်း မမြင်ဖူးဘူး ပြောတာလည်း
မကြားဖူးဘူး "
"အေး ဒါဆိုရင်တော့ ဒါမျိုးကို မြင်တာ ငါနဲ့ မင်းနဲ့
ပထမဆုံးပဲ ဖြစ်မယ်ကွ"
"ဟေ ဘယ်လိုကွ တာတေ ။ မင်းနဲ့ ငါက ပထမဆုံး
မြင်တာ ဟုတ်လား"
"ဟုတ်တယ် တိုးလှ ။ ဒါ လူတွေ မဖြစ်နိုင်ဘူး"
"ဘာကွ တာတေ ။ လူတွေ မဟုတ်ဘူး ဟုတ်လား
ဒါဆိုရင် ဘာတွေတုံး"
"ငါ့စိတ်ထင်တော့ ကျတ်တွေ ရွာပြောင်းထင်တယ်"
"ဟာ ဟုတ်လား ကျတ်တွေ ငါတို့ မြင်နိုင်လို့လားကွ"
"ကျတ်ဆိုတာ လူနဲ့ အနီးစပ်ဆုံး တစ္ဆေတွေပဲကွ။
အကြောင်းသင့်သွားတဲ့အခါ လူတွေက ကျတ်တွေကို
မြင်ရတတ်တယ်"
"နို့ ကျတ်တွေကရော လူတွေကို မြင်နိုင်လို့လားကွ"
"ဟာ သူတို့ကတော့ မြင်နိုင်တယ်ကွ ဒါပေမဲ့
ကျတ်ဆိုတာ လူရပ်ရွာကို ဘယ်တော့မှ လာတယ်လို့
မရှိဘူး လူတွေကို အမြဲရှောင်တယ် ။ ငါသိတာကတော့
လူလိုပဲ အိမ်နဲ့ ဘာနဲ့ ။ မိသားစုနဲ့ ။ ရပ်နဲ့ရွာနဲ့ နေကြတဲ့
တစ္ဆေတစ်မျိုးပဲကွ"
"ဥစ္စာစောင့်တွေ သိုက်ပြောင်းတာရော မဖြစ်နိုင်ဘူးလားကွ"
"ဟာ ဥစ္စာစောင့်တော့ မဖြစ်နိုင်ဘူးကွ ။ ငါတို့ ဆရာကြီး
ဘိုးလူပေ ပြောဖူးတယ် ။ ဥစ္စာစောင့် သိုက်ပြောင်းတာ
ဒီအချိန် မဟုတ်ဘူးကွ ။ ညသန်းခေါင်လောက်မှ
ပြောင်းတာဆိုပဲ ။ ခုဟာက နွားရိုင်းသွင်းချိန်ဆိုတော့
ဥစ္စာစောင့် မဖြစ်နိုင်တော့ဘူးကွ ။ ဒါ ကျတ်ရွာပြောင်းတာပဲ
ဖြစ်မယ် ။ ကဲ သွားကြစို့ကွာ ။ မိုးချုပ်တော့မယ် "

Comments
Post a Comment