လူခြောက်မယား ဒုတိယပိုင်း
လူခြောက်မယား
ဒုတိယပိုင်း
ဘထွေးဖိုးဆန်းနဲ့ အရီးမယ်သုံတို့မှာ
ကိုကြီးဒီပအောက်မှာ
သားတစ်ယောက်နဲ့ သမီးတစ်ယောက် ရှိသေးတယ်ဗျ။
သားက ကိုရူပတဲ့။သမီးကမစန္ဒာတဲ့ဗျ။
အခုဆိုရင် ကိုကြီးဒီပက အသက်သုံးဆယ့်ငါးနှစ်တဲ့ဗျ။
ကိုရူပက သုံးဆယ့်သုံးနှစ် ။ မစန္ဒာက
နှစ်ဆယ့်သုံးနှစ်တဲ့။
"တာတေ နင်က နင့်ကိုကြီးဒီပကို
တော်တော်စိတ်ဝင်စားနေတယ်
ဟုတ်လား။ဟိုကလည်း နင့်တော့ချစ်သားဟဲ့။
ဟိုတလောကဝက်သားဟင်းချက်လို့တောင် ညဘက်
အိပ်မက်ထဲမှာပြောသေးတယ်။'အမေ တာတေက
ဝက်သားဟင်း အားကြီးကြိုက်တာဗျ။တာတေ့ကို
ဟင်းတစ်ခွက်လောက် ပို့ပေးပါဦးလား'တဲ့။
အဲဒါ ငါက ပြောရတယ်။နောက်တစ်ခါချက်တော့မှပဲ
တာတေ့ကို ပို့တော့မယ်သားရယ်။နင့်ညီတာတေက
ကလီစာချက်တာ ကြိုက်တဲ့ကောင်ဟဲ့လို့ ပြန်ပြောတော့
နင်ကိုကြီးဒီပက ရယ်လို့ဟဲ့ ။
'တာတေကတော့ တကယ့်ကောင်ပဲအမေရဲ့။
အသက်သာငယ်တာ ဗဟုသုတကတော့
တော်တော်ရှိသဗျ။ ဆရာကောင်းသမားကောင်းတွေနဲ့
လည်းလျှောက်လိုက်ဖူးတာ။အရွယ်နဲ့ မလိုက်အောင်ကို
အတွေ့အကြုံများတာဗျ'တဲ့ဟေ့။
နင့်ကိုတော့ နင့်ကိုကြီးဒီပက လွှတ်ချီးမွှမ်းတာ"
"ဒါနဲ့ အရီးရဲ့ ကိုကြီးဒီပက ဘထွေးဖိုးဆန်းကို
ယာထွန်ပေးတယ်ဆို"
ဒီအကြောင်းတွေက ရွာထဲကလူတွေ ဘယ်သူမှသိတာ
မဟုတ်ဘူးဗျ။အရီးမယ်သုံ ကျုပ်တို့အိမ်လာတုန်း
ကျုပ်က နှစ်ကိုယ်ကြားမေးနေတာ။
ကျုပ်အဘနဲ့အမေကိုသာ
ဘထွေးတို့အရီးတို့ က အကုန်ပြောတာ။
ကျန်တဲ့လူတွေကို
ဒီအကြောင်း ဟတောင် မဟဖူးဘူးဗျ။
ဘထွေးတို့အိမ်မှာ လူခြောက်ရှိတယ်ဆိုတာ
ကျုပ်တို့ ရွာသားတွေ သိတဲ့တစ်ယောက်မှ
မရှိဘူး။ ကျုပ်တို့ မိသားစုကလည်း မပြောဘူးဗျ။
"ဟာ နင့်ကိုကြီးက မိဘတွေကို အားကြီးဂရုစိုက်တာဟဲ့
တာတေရဲ့။သူ့အဘ ပင်ပန်းရင် နည်းနည်းမှ
ကြည့်ရက်တာ မဟုတ်ဘူး။သူ့အဘနဲ့
ယာထဲလိုက်ပြီး လုပ်ပေးချင်တယ်လို့ ကိုဖိုးဆန်းကို
အိပ်မက်ထဲမှာပြောသတဲ့ ဒီတော့ သူ့အဘက
'ဒီပရယ် ယာထဲမှာ ကူလုပ်ပေးချင်ပေမယ့်
ငါ့သားက လူတွေလို ခန္ဓာကိုယ်ရှိတာမဟုတ်တာ။
ဘယ့်နှယ့်လုပ်ပြီး ကုလို့ရမတုံး'
ပြောတော့ နင့်ကိုကြီးက ပြောသတဲ့ တာတေရဲ့။
'အဘ ကျုပ်က ဝဋ်ကြွေးတစ်ခုကြောင့် အခုလို
ဘဝကိုရောက်နေရတာပါ။ဒါပေမဲ့
လူခြောက်ဆိုတာလည်း
အားလုံးအတူတူချည်းမဟုတ်ဘူး အဘရဲ့။
ကျုပ်မှာက ကုသိုလ်ကံတွေ အများကြီးရှိခဲ့တာပါဘူး
အဘတို့ ကျုပ်ကို မမြင်ရပေမယ့် ကျုပ်က
လုပ်နိုင်ပါတယ်"
လို့ ပြောသတဲ့ဟေ့ ။ဒါနဲ့ နင့်ဘထွေးက
'ဒီလို ဆိုလည်း ငါ့သားသဘောပါပဲ
အဘနဲ့ယာထဲလိုက်ခဲ့ပေါ့'လို့ ပြောလိုက်တယ်ဆိုပဲ။
မနက်အိပ်ရာထတော့ 'မယ်သုံရေ…ထမင်းကို
နှစ်ယောက်စာထည့်ကွာ။နင့်သား ဒီပပါ
ယာထဲလိုက်ပြီး အလုပ်လုပ်မယ်ပြောတယ်'
"ဟင်…ဟုတ်ရဲ့လား ကိုဖိုးဆန်းရယ်
သူက လုပ်နိုင်ပါ့မလာတော်'
"ဒါတော့ ငါလည်း မသိဘူး မယ်သုံရဲ့။
ညက အိပ်မက်ထဲမှာ ပြောတာတော့ ငါတို့က
သူ့ကို မမြင်ရပေမဲ့ သူက လုပ်နိုင်တယ်တဲ့ဟေ့
ကဲ ကဲ ဒါတွေ နောက်တော့သိရမှာပဲ။
ထမင်းသာ ငါတို့သားအဖ စားဖို့ နှစ်ယောက်စာ
ထုတ်လိုက်'တဲ့ဟေ့
နင့်ဘထွေးက အဲဒီလိုပြောတော့ ငါကလည်း
ထမင်းထုပ်နှစ်ထုပ်ထုပ်ပေးရတာပေါ့ဟာ
။ညနေ နင့်ဘထွေးယာထဲက ပြန်လာတော့ ငါက
အသာလေးမေးကြည့်တာပေါ့ဟယ် ။
ကိုဖိုးဆန်းဘယ်လိုတုံး။တော့်သားက တော့်ကို
တကယ်ကူလုပ်ပေးတာလားဆိုတော့ ကိုဖိုးဆန်းက
ခေါင်းညွတ်ပြပြီး ပြောတယ်။
'မယ်သုံရေ…ဒီအကြောင်းတွေ ဘယ်သူ့ကိုမှတော့
မပြောမိစေနဲ့နော် ဒီနေ့တစ်နေ့လုံး
ငါတစ်ကြောင်းတောင်
မထွန်လိုက်ရဘူးဟေ့။နင့်သားပဲထွန်နေတာ'တဲ့ဟေ့။
ဒါနဲ့ အရီးက မေးတာပေါ့။ဘယ်လိုထွန်တာတုံး
ကိုဖိုးဆန်းရဲ့
ဆိုတော့ နင်ဘထွေးကပြောတယ် တာတေရဲ့။
'ဘယ်လိုထွန်တယ်တယ်တော့ ငါမသိဘူး မယ်သုံရေ။
နွားတွေကတော့ လူထွန်သလိုကို သွားနေတာဟဲ့။
တစ်ချက် တစ်ချက် ငါနားထဲမှာ နွားငေါက်သံ
ကြားနေရသလိုပဲ။မြေကြီးတွေမှဟာ ဖွာကနဲ
ဖွာကနဲ နေတာပဲ။ ထွန်ရေးကလည်း ညက်လိုက်ပါဘိသ
နဲ့ဟယ် ထွန်ကြောင်းကလည်း နက်လိုက်တာ
မယ်သုံရယ်။တို့ရွာထဲက အလုပ်အင်မတန်လက်ကြော
တင်းပါတယ်ဆိုတဲ့တောင်ပိုင်းက ဝကြီးတို့
ညီအစ်ကိုလောက်တော့ငါ့သားဒီပက အပျော့ပေါ့ဟယ်'
'ကိုဖိုးဆန်း တော့်ကြည့်ရတာ ပျော်နေတဲ့ပုံပဲ'
'ဟဲ့ မယ်သုံရဲ့ ပျော်တာပေါ့ဟယ် ငါ့သားကြီး ဒီပက
အခုလို အားကိုးရတယ်ဆိုတော့ ငါဝမ်းသာတာပေါ့
မယ်သုံရဲ့။မနက်ဖြန် ဘာဟင်းကောင်းချက်မှာတုံး။
ငါ့သား ဒီပရော ရူပရော ဖအေနဲ့ ဒိုးတူဘောင်ဖက်
လုပ်နိုင်နေကြပြီဟဲ့။ နင်ကောင်းကောင်းချက်ပြုတ်
ကျွေးပေတော့'
လို့ ပြောတယ်ဟေ့ ။အဲဒီနေ့ကစပြီး ငါတို့ယာတွေဆို
တာထွက်လိုက်တာ မပြောပါနဲ့တော့ဟယ်။စီးပွားရေး
ဆိုတာလည်းအရီးတို့မှာ သိသိသာသာကို တက်တော့
တာ တာတေရေ"
"ဝမ်းသာစရာပဲ အရီးရေ ဒါထက်ကိုကြီးဒီပက သူ့ညီနဲ့
ညီမကိုရော ချစ်လားဗျ"
"အောင်မယ်လေး…ညီနဲ့ ညီမကို ချစ်လိုက်တာမှဟယ်
ဟိုဟာတွေ ငယ်ငယ်က ပြောမရလို့ ငါက ရိုက်မယ်
လုပ်ရင်ဒီပက တုတ်ကိုဆွဲထားတာဟေ့"
"ဟား…ဟုတ်လား…အရီး"
"ဟုတ်ပါ့တော် အဲဒီဟာတွေ ကြီးသာသွားရော
ငါ့မှာ တစ်ချက်မှကို မရိုက်လိုက်ရပါဘူးဟယ်"
"ဟား ဟား ဟား ဟား "
ကျုပ်က အရီးမယ်သုံပြောတာကို သဘောကျပြီး
ရယ်လိုက်တာဗျို့။
"အရီး…ရုံးဒေါင့်သူ အရီးချွေးမအကြောင်း ပြောပါဦးဗျ"
"တာတေရေ…ဒီအကြောင်းကတော့ လူသိကိုမခံဝံ့တဲ့
ကိစ္စဟေ့"
"စိတ်ချ အရီး ကျုပ်က ပါးစပ်လုံတဲ့ကောင်"
"ဒီလို တာတေရေ အိမ်မှာ စီးပွားရေးကလည်း
အဆင်ပြေတော့အရီးတို့ အိမ်ကြီးဆောက်လိုက်
တယ်လေ။အိမ်ဆောက်ပြီးတာနဲ့
နင့်ဘထွေးက သူ့သားရူပကို ပြောတယ်လေ။
"ရူပ မင်းမှာရည်းစာတွေ ဘာတွေ မရှိဘူးလား။
ရှိရင် အဘက အိမ်ထောင်ချပေးမလို့ကွ။
အဘက ချွေးမတွေ ဘာတွေ ရှိချင်နေပြီ"
"အဘကလည်း ကျုပ်မှာ ဘာရည်းစားမှ မရှိဘူးဗျ။
ရှိလည်း ကျုပ်က မယူသေးပါဘူး"
"ဟေ…ဘာဖြစ်လို့တုံးကွ"
"အဘကလည်းဗျာ ကိုကြီးဒီပတောင်
အိမ်ထောင်မပြုရသေးဘူးလေဗျာ။ကျုပ်က အစ်ကို
ကိုကျော်ပြီးဘယ့်နှယ့်လုပ်အိမ်ထောင်ပြုရမှာတုံးဗျ"
"ဟာ ဒီကောင် တော်ရော်ပြောတော့မယ်။
မင်းအစ်ကိုကြီးဘယ့်နှယ်လုပ် အိမ်ထောင်ပြုမှာတုံး
ရူပရဲ့စဉ်းစားလည်းပြောပါကွာ"
"ကျုပ်က ဒီရွာမှာလည်း တယ်မနေချင်ဘူးအဘရဲ့
မြို့မှာ သွားပြီး ရောင်းဝယ်စားချင်တာဗျ"
"သြော် …ဟုတ်လား ။မြို့မှာတော့ မင်းအမေရဲ့မောင်
မောင်စိန်ရှိတာပဲ သူတို့လည်း ဈေးထဲမှာ
ဆိုင်နဲ့ကနားနဲ့ ရောင်းဝယ်စားနေတာပဲ။
အဘ အရင်းအနှီးထုတ်ပေးမှာပေါ့ ရူပရဲ့။
လုပ်ချင်ရင် မင်းဦးလေးနဲ့ တိုင်ပင်ပြီးလုပ်လေ"
"ကျုပ်လည်း ဦးလေးနဲ့ တိုင်ပင်နေတာဗျ"
"ဟေ…ဟုတ်လား။ လုပ်လေ မင်းဆန္ဒရှိရင်
အဘတို့ အမေတို့က လုပ်ပေးမှာပေါ့ကွာ"
လို့ နင့်ဘထွေးကပြောတော့ ရူပကိစ္စကပြီးသွားတော့
တာပေါ့ဟာ ။အဲဒီညမှာပဲ နင့်ကိုကြီးဒီပက သူ့အဘကို
အိပ်မက်ပေးတယ်
'အဘ… ချွေးမလိုချင်တာ တကယ်လား"
လို့မေးသတဲ့ဟေ့ ။ ဒီတော့ နင့်ဘထွေးက
"ဒီပရယ် လိုချင်တာမှ အခုရရင် အခုလိုချင်တာဗျ
အဘက သားတွေသမီးတွေ ချွေးမတွေနဲ့
သိုက်သိုက်ဝန်းဝန်းနေချင်တာကွ"
လို့ပြောလိုက်တော့ သူ့သားဒီပက
သူ့အဘကိုပြောသတဲ့ဟေ့။
'ဒါဆိုရင် အဘနဲ့အမေနဲ့ ကျုပ်ကို မိန်းမလိုက်တောင်
းပေးဖို့ပြင်ကြတော့'
"ဟေ…ဘာပြောတယ် ဒီပ မင်း မင်းက မိန်းမယူမ
လို့လား။မင်းမှာရည်းစားတွေ ဘာတွေ ရှိနေလို့လား
ဘာလဲမင်းရည်းစားက မင်းလိုပဲ လူခြောက်မလေးလား"
လို့ နင့်ဘထွေးက အိပ်မက်ထဲမှာ နင့်ကိုကြီးဒီပကို
မေးလိုက်တာတဲ့ဟေ့။
'ဟာ …အဘကလည်း ပေါက်ပေါက်ရှာရှာ
ပြောတော့မယ်
လူခြောက်မဟုတ်ပါဘူးဗျ။ လူပါ။ရုံးထောင့်ရွာက
မယ်ဆင့်ပါဗျ။မယ်ဆင့်က တော်တော်ချောတာ အဘရ
ကျုပ်နဲ့ သမီးရည်းစားဖြစ်နတာ ကြာပြီဗျ။
အဘတို့ တောင်းပေးမယ်ဆိုရင် ကျုပ်မယ်ဆင့်က
တဆင့် သူ့မိဘတွေကို ပြောခိုင်းလိုက်မယ်'
'ဟ…ဒီပ မင်း တကယ်ပြောနေတာလား လူလေးရဲ့'
'တကယ်ပြောတာ အဘရဲ့ ။အဘ မယုံရင်
စုံစမ်းကြည့်လေဗျာ။ ကျုပ်နဲ့မယ်ဆင့်နဲ့
သမီးရည်းစားဖြစ်နေတာ သုံးနှစ်တောင် ရှိပြီဗျ'
'ရည်းစားဖြစ်တာတော့ ဟုတ်တယ်ပဲ ထားပါ ဒီပရာ
ဒါပေမဲ့ သူ့မိဘများက ငါ့သားကို သူတို့သမီးနဲ့
သဘောတူပါ့မလားသားရယ်'
'ဘာဖြစ်လို့တုံး…အဘရဲ့'
'ဟ…ဘာဖြစ်ရမှာတုံး လူလေးရဲ့။လူလေးက
လူခြောက်လေကွာ'
'ဟား ဟား ဟား ဟား အဘကဒါကို စိတ်ပူနေတာ
လားဒီအတွက် မပူနဲ့ဗျ။ ဝဋ်ကြွေးကြောင့်သာ
လူခြောက်ဖြစ်ရတာပါ ။ ကျုပ်ပြုခဲ့တဲ့
ကောင်းမှုကံတွေကြောင့်
လူတစ်ယောက်လို နေလို့ထိုင်လို့ ရပါတယ် အဘရဲ့'
'သြော်…ဒါဆိုရင် ငါ့သားက သူ့ကို အိပ်မက်ပေးပြီး
လူပျိုလှည့်တာပေါ့ ဟုတ်လား'
'ဟုတ်တယ် အဘရဲ့ မယ်ဆင့်ကို ကျုပ်
ရုံးထောင့်သွားတုန်းကမြင်ဖူးပြီး သဘောကျသွားတာဗျ'
'ဟင် ငါသားက ရုံးထောင့် ဘာသွားလုပ်တာတုံး'
'အဘနဲ့ လိုက်ခဲ့တာလေဗျာ ။ ရုံးထောင့်မှာ အဘ
သူငယ်ချင်းဦးဥသြရှိတယ်မို့လားဗျ။ အဘ ဦးဥသြဆီကို
သွားလည်တုန်းကအဘနဲ့ ကျုပ်လိုက်ခဲ့တာ။အဲဒီတုန်းက
မယ်ဆင့်ကဦးဥသြတို့အိမ်ကို ဆီလာပို့တာ။
ကျုပ်တွေ့လိုက်ရတာဗျ။
အဲဒီညက မယ်ဆင့်ကို အိပ်မက်ပေးပြီး
ကျုပ်သွားတွေ့တယ်။
နောက်တော့ မယ်ဆင့်ဆီကို ကျုပ်ညတိုင်းရောက်ပြီး
ကြိုက်သွားကြတာ။မယ်ဆင့်က ကျုပ်ကို
အပြင်မှာတွေ့ချင်
မြင်ချင်တယ်ဆိုလို့ သူရော ကျုပ်ရော
ဆုတောင်းကြတယ်။ဆုတောင်းပြည့်တာလား။
အတိတ်ကံကြောင့်လားတော့
မသိဘူးအဘရဲ့။မယ်ဆင့်ကျုပ်ကို မြင်ရတယ်'
'ဟေ…ဟုတ်လား လူလေးရဲ့။မင်းတို့ဟာက တယ်လည်း
ထူးဆန်းပါလားကွယ်'
'မယ်ဆင့်နဲ့ ကျုပ်နဲ့ စကားပြောနေတာကို
ဘေးကမြင်ရင်တော့
မယ်ဆင့်တစ်ယောက်တည်း ပြောနေတယ်လို့ပဲထင်ရ
တာပေါ့အဘရယ် ။ဒါပေမဲ့ မယ်ဆင့်က ကျုပ်ကို
ထိလို့ကိုင်လို့ရသလိုကျုပ်က လည်း သူ့ကိုလူလူချင်း
ထိသလို ထိလို့ရတယ် အဘရဲ့'
"ဟင် …ဒါဆိုရင် လူလေးမယ်ဆင့်နဲ့ ပေါင်းသင်းလို့ရ
တာပေါ့ ဟုတ်လားလူလေး"
လို့ နင့်ကိုကြီးဒီပက ရှက်ကိုးရှက်ကန်းနဲ့
ပြောသတဲ့ တာတေရေ"
"ဟာ…ထူးဆန်းလိုက်တာ အရီးရာ"
"အေး …အဲဒါ နင့်ဘထွေးက မယုံဘူးဟဲ့
ရုံးထောင့်ကိုသွားတယ်။သူ့သူငယ်ချင်း ဥသြတို့အိမ်မှာ
တဲပြီးကလေးမကိုခေါ်တွေ့တယ်။
တွေ့တော့ နင့်ဘထွေးက ကလေးမလေးကို
မေးစမ်းကြည့်သတဲ့ဟေ။

Comments
Post a Comment