ရေတံခွန်ချောင်း(အပိုင်း၆) ဇာတ်သိမ်း
ရေတံခွန်ချောင်း(အပိုင်း၆)
"အောင်ဝင်းရေ ။ ဟေ့ အောင်ဝင်း"
"အောင်မင်းရေ အောင်မင်း"
လို့ မနားတမ်း လိုက်ခေါ်နေတာဗျ။
"အောင်ဝင်းရေ ။ အောင်ဝင်း"
"အောင်မင်းရေ အောင်မင်း"
"ဗျို့။ ဘယ်သူခေါ်တာတုံး"
ဟော ထူးပြီဗျို့။ ထူးပြီ။ ဒါ ဒီကောင်တွေအသံပဲ
ဖြစ်မယ် ။ ဒါပေမဲ့ သတိတော့ ပေါ့လို့မရဘူးဗျ။
ကျုပ် ဆေးလွယ်အိတ်ထဲက ဘိုးလူပေ ပေးထားတဲ့
အင်းတစ်ချပ်ကို ထုတ်ပြီး အဆင်သင့် ကိုင်ထားပြီး
လှမ်းမေးလိုက်တယ်။
"ဟေ့ အောင်မင်း မင်း ဘယ်မှာတုံး"
"ကျုပ်တို့ ဒီဘက်က အိမ်ထဲမှာဗျ"
"အောင်ဝင်းရော ရှိလား အဲဒီမှာ"
"ရှိတယ် ရှိတယ် ခင်ဗျား ဘယ်သူတုံး"
"ငါ တာတေကွ ထနောင်းကုန်းက တာတေ"
ကျုပ်က မေးရင်းစမ်းနဲ့ ဒီကောင့်အသံကြားတဲ့ဘက်ကို
ဓါတ်မီးနဲ့ ထိုးကြည့်လိုက်တော့ သစ်ပင်အုပ်အုပ်ဆိုင်းဆိုင်းနဲ့
ခြံဝင်းထဲမှာ အိမ်တစ်လုံးဗျ။
"ဘိုးလူပေနဲ့ ပါလာတဲ့ တာတေလား"
"အေး ဟုတ်တယ် မင်းတို့ကို လာခေါ်တာ
မြန်မြန် အိမ်ထဲက ထွက်ခဲ့လေ ဘာလုပ်နေကြတာတုံး"
"တာတေ ညရောက်ရင် ငါတို့ ဒီအိမ်ထဲကနေ ဘယ်ကိုမှ
ထွက်လို့မရဘူးကွ ။ ငါတို့မျက်စိထဲမှာ တံခါးပေါက်ဆိုတာ
မတွေ့တော့ဘူး ။ အားလုံးက နံရံချည်းပဲ ဖြစ်နေတာကွ"
"ဟေ ဟုတ်လား ဒါဆို နေဦး ငါလုပ်ပေးမယ်"
ကျုပ်ကတော့ တံခါးပေါက်ကြီးကို မြင်နေရတာပေါ့ဗျာ။
တံခါးပေါက်က တံခါးပိတ်ထားတာ မဟုတ်ဘူးဗျ။
ဟောင်းလောင်းကြီးပွင့်နေတာ။ဒါကိုပဲ ဒီကောင်တွေ
ထွက်လို့မရတာဗျ။ ကျုပ်က သစ်စုန်းရေစင်ပုလင်းကို
ထုတ်ယူပြီး တံခါးပေါက်ကို ရေစင်နဲ့ တောက်ပေးလိုက်တယ်။
"ဟာ တွေ့ပြီဟေ့ တာတေ ငါတို့ တံခါးပေါက်ကြီးတွေ့ပြီ"
"ဘုန်း ဘုန်း "
ဟော ဒီကောင်နှစ်ကောင် ခုန်ထွက်လာပြီဗျ။
နှစ်ယောက်စလုံး မြေကြီးပေါ်ကို ဖင်ထိုင်ရက် ပြုတ်ကျကြတာ။
ကျုပ်က ဒီကောင်နှစ်ယောက်ကို ဆွဲထူပေးလိုက်တယ်။
"တာတေ မင်း ဟိုလိုဏ်ခေါင်းကြီးထဲက
ဝင်ပြီးလိုက်လာတာမို့လား"
"အေး ဟုတ်တယ်ကွ နေပါဦး မင်းတို့နှစ်ယောက်
ဘယ်သူက အောင်မင်းတုံး"
"ငါက အောင်မင်း ငါက အကြီး ဒီကောင်က အငယ်အောင်ဝင်း"
ကျုပ်က လက်နှိပ်ဓါတ်မီး မီးရောင်အောက်မှာ ဒီကောင်တွေကို
သေသေချာချာကြည့်ပြီး မှတ်ထားလိုက်တယ် ။
နေဦးကွ အောင်မင်းရဲ့။ ဒီရွာကလူတွေလည်း တစ်ယောက်မှ
မမြင်ပါလား"
ကျုပ်က မသိဟန်ဆောင်ပြီး မေးကြည့်တာဗျ။
ဒီကောင်တွေ ပြောတာ ကြားချင်လို့ဗျ။
"မသိဘူးကွ။ ညဆိုရင် မောင်းကြီးတွေ ထုထုပြီး
လူအကြီးကြီးတွေ ရောက်လာတယ် ။ ပြီးရင် ဒီလူတွေ
တစ်ယောက်မကျန် ထွက်သွားတော့တာပဲကွ။ ဘယ်သွားပြီး
ဘာလုပ်ကြမှန်းတော့ ငါတို့လည်း မသိဘူးကွ"
"မင်းတို့ လိုက်မကြည့်ကြဘူးလား"
"ဟာ…တာတေကလည်း လိုက်ကြည့်ဖို့နေနေသာသာ
အဲဒီမောင်းထုတဲ့လူတွေ ရောက်လာတာနဲ့ ငါတို့အိမ်မှာ
တံခါးပေါက်ကြီး ပျောက်သွားပြီး နံရံတွေချည်း ဖြစ်သွားတာကွ။
ဘယ်မှထွက်လို့ မရတော့ဘူး"
"ဒီလူတွေ ဘယ်အချိန် ပြန်ရောက်လာတုံး"
"မနက်အရုဏ်တက်တဲ့ အချိန်ဆိုရင် ကျွတ်စီ ကျွတ်စီနဲ့
ပြန်ရောက်လာကြရောကွ ။ ဒီတော့မှ ငါတို့နေတဲ့ အိမ်က
တံခါးပေါက်ကြီးလည်း ပြန်ပေါ်လာရော။နေ့ပိုင်းဆိုရင်တော့
ပျော်ပျော်ပါးပါးပဲကွ။ ရွာထဲမှာ သွားကြ လာကြ ပြောကြ
ဆိုကြနဲ့ နေတာပဲ ။ ညဆိုရင်သာ ဘယ်သွားမှန်း မသိတာ"
ကျုပ်က နာရီကို မီးရောင်အောက်မှာ ကြည့်လိုက်တယ်။
ဟာ သန်းခေါင်တောင် ကျော်နေပါရောလား။
ရွာကြီးက အကြီးကြီးဆိုတော့ ရွာထဲမှာ
တစ်လမ်းဝင် တစ်လမ်းထွက်နဲ့ ဒီကောင်တွေကို
လိုက်ခေါ်နေရတာ တော်တော်ကို ကြာသွားတာပဲဗျ။
"ကဲ အောင်မင်းနဲ့ အောင်ဝင်း ငါတို့ သွားကြစို့ ။
သောင်စပ်မှာ ငါ့လှေ ထားခဲ့တယ် ။ ဒီလူတွေ
ပြန်မလာခင် ငါတို့ ဒီက ထွက်မှဖြစ်မယ်"
"ဟာ နေ နေပါဦးကွာ တာတေ။ ငါတို့ဘထွေး ဖိုးဘကို
သွားခေါ်ချင်လို့ကွ"
"ဘာ …မင်းတို့ဘထွေး ဖိုးဘလည်း ဒီရောက်နေတာလား"
"အေး ဟုတ်တယ်ကွ ဘထွေးဖိုးဘ ပျောက်သွားတာ
ဆယ်နှစ် ရှိပြီကွ ။ အခု ဒီမှာ လာတွေ့တယ်။ ဒါပေမဲ့
ဒီကလူတွေက ဘထွေးကို တစ်နေရာမှာ ထားတာ။
ငါတိုနဲ့ အတူတူ မထားဘူး ။ နေ့ခင်းဘက်တော့
ဘထွေးနဲ့ ငါတို့ အတူတူနေလို့ ရတယ်။ ညဆိုရင်သာ
ကိုယ့်နေရာကိုယ် ပြန်ကြရတာကွ"
"ဟင် မင်းတို့ဘထွေးက ဘယ်လောက်ဝေးတုံး
မြန်မြန်သွားပြီး မြန်မြန်ပြန်မှရမှာနော် မင်း သွားခေါ်မှာလား"
"ဟာ မဟုတ်ဘူးလေ တာတေ သူလည်း အိမ်တံခါးပေါက်
မရှိဘဲ နံရံပိတ်နေမှာပဲလေကွာ ။ မင်းလိုက်လုပ်ပေးမှာ
ထွက်လို့ရမှာပေါ့"
"သြော် …ဟုတ်သားပဲ ။ ဒါဆိုရင်လည်း မင်းရှေ့က
သွားပေတော့ "
ကျုပ်တို့ သုံးယောက် ရွာကြီးထဲမှာ တစ်လမ်းဝင် တစ်လမ်းထွက်နဲ့
တော်တော်ကြာအောင် သွားရတာဗျို့။ ဦးဖိုးဘကို ထားတာက
ရွာစွန်မှာဗျ။
"ဘထွေး ဘထွေး ဘထွေးဖိုးဘ"
"ဟေ …ဘယ်သူတုံး "
ဦးဖိုးဘက အိပ်ပျော်နေတော့ တော်တော်နှိုးယူရတာဗျ။
"ဘထွေး ကျုပ်တို့ပါ အောင်မင်းနဲ့ အောင်ဝင်း"
"ဟေ မင်းတို့နှစ်ယောက် အပြင်ကို ဘယ်လိုရောက်လာတာတုံး
ဟိုလူတွေနဲ့ ပါသွားတာလား"
"ဟာ မဟုတ်ပါဘူး ဘထွေးရ ။ ဟောဒီက တာတေဆိုတဲ့
ကျုပ်တို့သူငယ်ချင်းက လာကယ်လို့ဗျ။ ဘထွေးလည်း
မြန်မြန်ထွက်ခဲ့ ။ တာတေက ဘထွေး ထွက်လို့ရအောင်
လုပ်ပေးလိမ့်မယ်"
ကျုပ် မြင်နေပြီး သူတို့မမြင်ရတဲ့ တံခါးပေါက်ကြီးကို
သစ်စုန်းရေစင်နဲ့ တောက်လိုက်တယ်။
"ဟာ မြင်ပြီဟေ့ တံခါးပေါက်ကြီး ငါမြင်ရပြီ"
"ဒါဆို ခုန်ထွက်လိုက် ဘထွေး "
"ဘုန်း"
ဘထွေးဖိုးဘ မြေကြီးမှာ ဖင်ထိုင်ရက်ကြီး ကျလာတယ်။
အောင်မင်းနဲ့ အောင်ဝင်းက သူတို့ဘထွေးကို ပြေးပြီးထူကြတယ်။
"ကဲ လူစုံရင် သွားကြစို့ "
ကျုပ်က လှုံဆော်ပြီး ထွက်လာတယ် ။ ဘထွေးဖိုးဘဆိုတာ
လူက ပုပြတ်ပြတ်ဗျ။ အသက်လေးဆယ်လောက် ရှိပြီ။
သူလည်း သူရောက်နေတဲ့နေရာကို ဘာမှန်းသိပုံ မရဘူးဗျ။
သူကတော့ ဒီရောက်နေတာ ဆယ်နှစ်ရှိပြီိဆိုတော့ လမ်းတွေကို
မျက်စိမှိတ်လျှောက်တောင် ရနေပြီပေါ့ဗျာ။ကျုပ်က ဓါတ်မီးကို
သူ့လက်ထဲ ထည့်ပေးလိုက်တော့ ကိုဖိုးဘက ရှေ့ကနေ
ဦးဆောင်သွားတယ်ဗျ။ ကျုပ်နာရီ မော့ကြည်တော့
သုံးနာရီ။ဟင် ကောင်းကင်ကြီး လင်းလာပါပေါ့လား။
"ဟာ ကိုဖိုးဘ အရုဏ်တက်တော့မှာလားဗျ"
"အေး ဟုတ်တယ် ဒီမှာက ညတာ တိုတယ်ကွ။
သိပ်အိပ်ရတယ်မရှိဘူး ။ အရုဏ်တက်လာတာ။
ဘယ်လိုနေရာမှန်းကို မသိပါဘူးကွာ ။ရွာနာမည်လည်း
မရှိဘူးတဲ့။ ဘယ်လိုလူတွေမှန်းကို မသိတာပါ။
ညဆိုလည်း ဘယ်သွားကြရမှန်း မသိဘူး"
ဟော လူသံတွေ ကြားရပြီဗျို့။ ကျွတ်စီ ကျွတ်စီနဲ့
ရွာထဲကို ပြန်လာကြတာ။
"ကိုဖိုးဘ လူသံတွေ ကြားပြီ ပြေးတော့ ပြေး ပြေး"
ကျုပ်က ပြောပြောဆိုဆို စပြေးတော့ သူတို့သုံးယောက်လည်း
ပြေးကြတော့တာပေါ့ဗျာ။ လူသံတွေက တော်တော်ကို
နီးလာပြီဗျ။ ရွာထဲကို ဝင်လာကြပြီထင်တယ်။
တော်ပါသေးရဲ့။ ရှေ့မှ ရွာတံခါးမြင်နေရပြီ။
ကျုပ်တို့လေးယောက် သဲသောင်ပြင်ကြီးကို
ဖြတ်ပြေးကြတယ် ။ ရေစပ်ရောက်တာနဲ့
လှေပေါ် မြန်မြန်တက်ပြီး လှော်တက်သုံးချောင်းနဲ့
စလှော်ကြတော့တာပေါ့ဗျာ။
"လိုက်ဟေ့ လိုက်ဟေ့ ပြေးပြီဟ လိုက်ကြ လိုက်ကြ
လှေပေါ်မှာ တစ်ယောက် ပိုနေတယ် ပစ်ကြစမ်း
လှေမြုပ်အောင် ပစ်ကြစမ်းဟေ့"
"ဝီ ဝီ ဝီ ဝီ ဝီ"
ဟာ ကျောက်ခဲတွေနဲ့ ဝိုင်းပစ်ကြတာဗျို့။
ကျုပ်တို့ခေါင်းတွေပေါ်ကနေ ကျောက်ခဲတွေ
တဝီဝီနဲ့ ကျော်သွားတာဗျို့။ တည့်တည့်ဝင်လာတဲ့
ကျောက်ခဲတွေကြတော့လည်း ကျုပ်တို့က
လှော်တက်နဲ့ဆီးပြီး ရိုက်ချရတာပေါ့ဗျာ။
တက်သုံးချောင်းနဲ့ လှော်တာဆိုတော့ ကျုပ်တို့
သိပ်မကြာခင်ပဲ တစ်ဖက်ကမ်းကို ရောက်လာတာပေါ့ဗျာ။
လှေလှော်ရင်းနဲ့ ကျုပ်က ကမ်းစပ်က သစ်ပင်တွေကို
လိုက်ကြည့်နေရတာဗျ။ ကျုပ် ချည်ထားခဲ့တဲ့
မျက်နှာသုတ်ပုဝါကိုပေါ့ဗျာ။ ကျုပ် လိုဏ်ဂူ
အပေါက်ကို မှတ်ထားတာလေဗျာ။
"ဟော ဟိုမှာတွေ့ပြီ တွေ့ပြီ"
ကျုပ်က သစ်ပင်မှာ ချည်ထားတဲ့ တဘက်ကို
ဖြုတ်လိုက်တယ် ။ ကျုပ် မြင်ပြီလေဗျာ။
လိုဏ်ခေါင်းပေါက်ကြီးကို ကျုပ် မြင်ရပြီလေ။
ကျုပ်က ပဲ့ကိုင်တာဆိုတော့ လှေကို လိုဏ်ခေါင်းကြီးထဲ
တန်းကွေ့ဝင်လိုက်တယ်။
"လိုက်ဟေ့ လိုက်ဟေ့ မိအောင်လိုက်ကြဟေ့"
ဟာ ကျုပ်တို့နောက်မှာ လှေတွေနဲ့ လိုက်လာကြတာဗျို့။
ဒါပေမဲ့ ကျုပ်တို့က လိုဏ်ခေါင်းထဲက ချောင်းမှာ
လှော်နေကြပြီလေဗျာ။ မဖဲဝါ ပြောလိုက်တယ်လေ။
ဒီဘုံသားတွေက လိုဏ်ခေါင်းပေါက်ကို မမြင်နိုင်ဘူးတဲ့ဗျ။
သူတို့ကြည့်ရင် ကျောက်နံရံကြီးပဲ မြင်ရမှာတဲ့ဗျ။
ဟုတ်ပါ့ဗျာ။ လှေဆယ်စင်းလောက် ကျုပ်တို့ ဝင်လာတဲ့
လိုဏ်ခေါင်းပေါက်ဝကနေ ဖြတ်လှော်သွားကြတယ်။
ကျုပ်တို့လည်း မှောင်ထဲမှာ တော်တော်လေး
လှော်မိတော့မှ မီးအုပ်ကို မီးထွန်းလိုက်တယ်။
နောက်ထပ် မီးခွက်တစ်လုံး ထွန်းရတာပေါ့ဗျာ။
ဒီတော့မှ လိုဏ်ခေါင်းမြစ်ထဲမှာ လင်းသွားတော့တာပေါ့။
မနက် ခုနှစ်နာရီထိုးတော့ ကျုပ်က အောင်မင်းတို့အမေ
ထည့်ပေးလိုက်တဲ့ ကောက်ညှင်းကျည်တောက်နဲ့
ဆတ်သားဖုတ်ကို ကျွေးတယ်။ ဒီကောင်နှစ်ကောင်ရော
ကိုဖိုးဘကြီးရော အိမ်ကမိသားစုတွေရဲ့ အနံ့အသက်ကိုရပြီး
မျက်ရည်ပေါက်ပေါက်ကျလာကြတာပေါ့ဗျာ။
အဲဒီနေ့တစ်နေ့။ နောက်ထပ်တစ်ည ။ ကြာသွားပြီးလို့
မနက်ရောင်နီသမ်းချိန်ရောက်တော့မှ ကျုပ်တို့တွေ
ရေတံခွန်က ရေကျသံ စပြီး ကြားရတာဗျာ။
"ဟာ …ရေတံခွန်သံဟေ့ ဒါ ရေတံခွန်သံကွ"
ဆယ်နှစ်လုံးလုံး ပျောက်သွားတဲ့ ကိုဖိုးဘက
ဝမ်းသာအားရနဲ့ အော်လိုက်တာဗျ။ ဒါပေမဲ့
ကိုဖိုးဘရဲ့ အသံကတော့ ငိုသံကြီးနဲ့ပေါ့ဗျာ။
ရေတံခွန်အောက်က ကျုပ်တို့လှေထွက်လာတော့
ရေချောင်းထဲမှာ လင်းထိန်နေပြီ။ နေရောင်ကျနေတဲ့
ချောင်းရေက တဖျတ်ဖျတ်လက်လို့ပေါ့ဗျာ။
ချောင်းထဲမှာ လှေကလေးတွေတောင် လှော်လို့
ခတ်လို့ သွားနေကြပြီ။ သူတို့အိမ်ရောက်တော့
မိသားစုတွေ တစ်ယောက်နဲ့ တစ်ယောက်
ဖက်ပြီး ငိုလိုက်ကြတာဗျာ။
အိမ်နီးနားချင်းတွေ ။ သတင်းကြားသွားတဲ့ လက်တက်ခွဲ
ရွာသားတွေလည်း ရောက်လာပြီး တအံ့တသြကို
ဖြစ်ကြတာပေါ့ဗျာ။ အထူးသဖြင့်တော့ ကိုဖိုးဘရဲ့
သူငယ်ချင်းတွေပေါ့။ အဲဒီညပဲ မဖဲဝါကို
ကျေးဇူးတင်လွန်းလို့ဆိုပြီး စားပွဲသောက်ပွဲ
ထပ်ပေးပေးပါဆိုလို့ ရေကမြင်းက နတ်ကတော်ကြီး
ခေါ်ပြီး သင်္ချိုင်းကို တစ်ခေါက်သွားရသေးသဗျာ။
ဒီတစ်ညမှာတော့ သင်္ချိုင်းထဲမှာ လူစည်သားဗျ။
အသူရကယ်ဘုံက ပြန်လာကြတဲ့ ကိုဖိုးဘ အောင်မင်း
အောင်ဝင်းတို့ကလည်း မတ်တတ်တွေရပ်ပြီး
မဖဲဝါကို ကျေးဇူးတင်ကြောင်း ပြောကြတယ်။
"ဟီး ဟီး ဟီး ဟီး ဟီး"
မဖဲဝါလည်း စားရင်းသောက်ရင်း ကျေကျေနပ်နပ်
ရယ်လို့ဗျ။ နောက်နှစ်ရက်ကြာတော့ ကိုဖိုးဘရယ်
အောင်မင်းနဲ့ အောင်ဝင်းရယ် မြင်းတစ်စီးစီးနဲ့
ကျုပ်ကို အိမ်အရောက် လိုက်ပို့ကြတယ်။
ကျုပ်ကတော့ လာတုန်းက စီးခဲ့တဲ့ မြင်းညိုကြီးကိုပဲ
စီးပြီးပြန်ခဲ့တာပေါ့ဗျာ။

Comments
Post a Comment