ရေတံခွန်ချောင်း (ဒုတိယပိုင်း)

ရေတံခွန်ချောင်း (ဒုတိယပိုင်း)

ကျုပ်က ပြောပြောဆိုဆိုနဲ့ နွားတွေကို နတံနဲ့ တို့လိုက်တယ်။
တိုးလှကလည်း သူ့နွားတွေကို နတံနဲ့ တို့တာပေါ့ဗျာ။
ဒါပေမဲ့ နွားတွေက မသွားဘူးဗျ။

"ဟာ တာတေ ဘာဖြစ်တုံး မသိဘူး ။ ကျတ်တွေ
ငါ တို့ကို တစ်ခုခုလုပ်သွားလား မသိဘူး"

"ဟာ တိုးလှကလည်း မဟုတ်တာ ပြောရော့မယ်။
ခဏစောင့်ကြည့်စမ်းပါဦးကွ"

"ချလွင် ချလွင် ချလွင် ချလွင်"

"ဟော ကြားလား ခြူသံ ။ လှည်းတွေ ကျန်သေးလို့
ငါတို့နွားတွေက မသွားတာကွ"

"အေးကွ ဟုတ်တယ် ။ ဟော ထွက်လာပြီ ။ ဟာ
ဒါက ဘာကြီးတွေတုံးကွ ။ ပေါင်းမိုးလှည်း မဟုတ်ပါလား"

"ဒါက ဘီရိုလှည်းခေါ်တယ်ကွ တိုးလှရ ။ တစ်စီး နှစ်စီး
သုံးစီး"

"ကုန်သွားပြီ ထင်တယ်ကွ"

"ဒါ ရွာလူကြီးမိသားစုတွေ စီးတာ ဖြစ်မယ်ကွ။
လှည်းမှာ ကနုတ်တွေ ဘာတွေ ဖော်ထားတာကွ။
ဘီရိုးခန်းမှာလည်း ခန်းဆီးတွေ ဘာတွေ သေသေချာချာ
တပ်ထားတာဗျား"

ဘီရိုလှည်းသုံးစီးက ရှေ့ကသွားတဲ့ လှည်းတန်းကြီးနောက်ကို
လိုက်သွားတာဗျ ။ ကျုပ်က နွားတွေကို နတံနဲ့ တို့လိုက်တယ်။
ဟော သွားပြီဗျို့။ သွားပြီ။ ခုမှပဲ ကျုပ်တို့ နွားကြီးတွေ
သွားတော့တယ်ဗျာ။

"လှည်းတွေ ကုန်သွားတာ သေချာပြီဟေ့ တိုးလှ"

 "အေးကွ ဒီနွားတွေရဲ့ အာရုံက သိနေတာ အံ့သြစရာပါပဲကွာ"

ကျုပ်တို့လှည်းတွေ ထန်းတောထဲရောက်တော့ ကျုပ်က
စောစောက လှည်းတွေ ထွက်လာတဲ့ နဘူးချုံတွေကို
လှမ်းကြည့်လိုက်မိတယ် ။

"ဟာ "

"တာတေ ဘာဖြစ်တာတုံးဟ"

"ဟေ့ကောင် တိုးလှ မင်းကြည့်လိုက်စမ်း
နဘူးချုံတွေ ရှိသေးလား"

ကျုပ်ပြောတော့ တိုးလှက ဆတ်ကနဲ လှမ်းကြည့်တယ်။

"ဟာ ဟုတ်သားပဲ တာတေရ။ စောစောက နဘူးချုံကြီးတွေ
ဘယ်ပျောက်သွားတုံး"

"ဟုတ်တယ်ကွ တိုးလှရဲ့ ။ ငါ့ကို ဆရာနွံဖတို့ ပြောဖူးတယ်
ဒီလောကကြီးမှာ မင်းတို့ ငါတို့လူတွေ မမြင်ရတဲ့ အရာတွေ
မမြင်အပ်တဲ့ အရာတွေ အများကြီး ရှိတယ်တဲ့ကွ။
တချို့ညောင်ပင်ကြီးတွေမှာ ရုက္ခစိုးကြီးတွေက ဗိမာန်ကြီးတွေနဲ့
နေကြတာဆိုပဲ။ တချို့ရုက္ခစိုးကြီးတွေရဲ့ ဗိမာန်ကြီးတွေက
တော်တော်ခမ်းနားတာဆိုပဲ။ မင်းတို့ ငါတို့ မြင်ကြရတာမှ
မဟုတ်တာ။ တို့မော့ကြည့်ရင် ညောင်ပင်ကြီးပဲ တွေ့ရမှာပေါ့"

"အေးကွာ ဒီညနေတွေ့ရတာတွေကတော့ ငါအဖို့
အထူးအဆန်းချည်းပဲကွ ။ ဒီနေရာမှာ မင်းသာ မပါရင်
ငါတော့ လှည်းကို တရကြမ်း မောင်းပြေးမိမှာပဲကွ"

ကျုပ်တို့ ရွာရောက်တယ်ဆို မှောင်သွားတော့တာပေါ့ဗျာ။
ညရောက်တော့ ထမင်းစားသောက်ပြီးတော့ ကျုပ်က
ညနေက တွေ့ခဲ့တဲ့ လှည်းတန်းကြီးအကြောင်း ပြောပြတော့
အဘနဲ့ အမေလည်း အံ့သြတာပေါ့ဗျာ။ ဒီညတော့
တိုးလှလည်း ဒီအကြောင်းကို သူ့အိမ်မှာ ပြောနေရောပေါ့ဗျာ။
အဘနဲ့ အမေက ပြောင်းဖူးဖက် ဆေးလိပ်ကြီးတွေကို
ဖွာရင်း တွေးနေကြတာဗျ။

"အေးပေါ့ လူလေးရာ ဒါမျိုးတွေလည်း ရှိကြမှာပေါ့ကွာ
ဘုရားက သုံးဆယ့်တစ်ဘုံလို့ ဟောထားတာပဲလေ။
အဘတို့ လူတွေ မျက်စိနဲ့ မြင်ရတာဆိုလို့ တိရစ္ဆာန်ဘုံ
တစ်ခုပဲ ရှိတာပဲလေ ။ ကျန်တဲ့ ဘုံတွေကို မြင်နိုင်တာမှ
မဟုတ်တာ"

အဲဒီညက အဘရယ် အမေရယ် ကျုပ်ရယ် တော်တော်
ညည့်နက်တဲ့အထိ စကားတွေ ပြောကြတာဗျ။ အဘကလည်း
သူကြားဖူးတဲ့ကျတ်တွေအကြောင်း အမေကလည်း
သူကြားဖူးတဲ့ ဥစ္စာစောင့်တွေအကြောင်းပေါ့ဗျာ။
နောက်ရက်ကျတွေ ယာထဲမှာ မြေဆီပက်ပြီးတော့
ကျုပ်လည်း အားသွားတယ်။ အားတော့လည်း
ဆရာတော့်ကျောင်းသွား။ဝေယျာဝစ္စလေးတွေ
လုပ်ကိုင်ပေး ။ ရေစည်တိုက် ။ နွားစာပြောင်းရိုး
ရိတ်ပေါ့ဗျာ။

"တာတေရေ ဧည့်သည်ဟေ့ မင်းကို ရှာနေတာ"

ဧည့်သည်ဆိုတော့ ကျုပ် အံ့သြပြီး ဝိုင်းဝကို
လှမ်းကြည့်လိုက်မိတယ်။တောင်ပိုင်းက ဘခင်ဆိုတဲ့ကောင်
လိုက်ပို့တာဗျ။ကျုပ်က နွားစာကုန်နေလို့ စင်းခုံမှာ
ပြောင်းရိုးတွေစင်းပြီး ခုပဲ အိမ်ရှေ့ဘက်ကို ထွက်လာတာဗျ။
ဝိုင်းထဲကို ရယ်ပြီး ဝင်လာတဲ့ လူနှစ်ယောက်ကို
ကျုပ် လှမ်းကြည့်လိုက်တော့ ဘယ်သူတွေမှန်း
မသိဘူးဗျ။ အသက်လေးဆယ်အရွယ်တွေပဲဗျ။
သူတို့ကတော့ ကျုပ်ကို ရယ်ပြပြီး ဝင်လာတာ။
အနားရောက်လို့ ခမောက်တွေ ချွတ်လိုက်တော့မှ…

"ဟာ…ကိုကြီးသာဒင်ပါလား လာဗျာ ။ တွေ့လိုက်ရတာ
ကျုပ်ဖြင့် အံ့သြသွားလို့ဗျ"

"တာတေ နေကောင်းရဲ့လားကွ"

"ဟာ ကောင်းပါတယ်ဗျ ကိုကြီးသာဒင်ရေ ။
ဒါ လက်တက်ခွဲကနေ လာတာလား"

"အေး…ဟုတ်တယ်ကွ တာတေရ"

အိမ်ပေါ်မှာ ထိုင်မိတော့မှ ကျုပ်က အဘတို့
အမေတို့နဲ့ မိတ်ဆက်ပေးရတာပေါ့ဗျာ။

ဘိုးလူပေနဲ့ လိုက်သွားတုန်းက ရေတံခွန်ချောင်း
ကမ်းပါးက လက်တက်ခွဲဆိုတဲ့ ရွာအကြောင်း အဘတို့ကို
ကျုပ်က ပြောခဲ့ဖူးတာကိုဗျ။ ဒီတော့ အဘနဲ့ အမေကလည်း
ကိုကြီးသာဒင်တို့ကို ဝမ်းသာအားရ ကြိုဆိုပြီး
ဧည့်ခံကြတာပေါ့ဗျာ။

"ဆရာကြီး ဘိုးလူပေနဲ့ တွေ့သေးလားကွ"

"တွေ့တယ် ကိုကြီးသာဒင်ရေ ။ ဘိတ်ကိုတောင်
အတူသွားလိုက်သေးတယ်။ ဘိတ်ဘက်က
ဆလုံကျွန်းတစ်ကျွန်းပေါ်မှာ ဘိုးလူပေ
ပညာစခန်းတက်လို့ ကျုပ် လိုက်သွားတာဗျ"

"သြော် သြော် ဘိုးလူပေရော ကျန်းကျန်းမာမာ ရှိရဲ့လားကွ"

"ကျန်းမာပါတယ် ကိုကြီးသာဒင်"

"နို့ ကိုကြီးသာဒင်တို့ ထနောင်းကုန်းကိုလာတာ။
ကျုပ်ဆီကို သက်သက်လာတာလား"

ကျုပ်က မေးလိုက်တော့မှ ကိုကြီးသာဒင်က မျက်နှာ
နည်းနည်းပျက်ပြီးခေါင်းညိတ်ပြတယ်ဗျ။

Comments

Popular Posts