ရေတံခွန်ချောင်း (တတိယပိုင်း)

ရေတံခွန်ချောင်း (တတိယပိုင်း)

"ဒီလိုကွ တာတေရ ။ လွန်ခဲ့တဲ့ တစ်လလောက်က
ငါ့အစ်မကမွေးတဲ့ ငါ့တူနှစ်ယောက် ပျောက်သွားလို့ကွ"

"ဗျာ ပျောက်သွားတယ် ကိုကြီးသာဒင်ရဲ့ တူတွေက
ဘယ်အရွယ်ရှိပြီတုံး"

"မင်းထက်တော့ နည်းနည်းကြီးမယ်ကွ။
နာမည်က အောင်မင်းနဲ့ အောင်ဝင်းတဲ့"

"ဘယ်လိုပျောက်သွားတာတုံးဗျ"

"ရေတံခွန်ချောင်းထဲမှာ တစ်ယောက်က လှေပဲ့ကိုင်ပြီး
တစ်ယောက်က လှေဦးကနေ ကွန်ပစ်တာကွ။
တို့ရွာသားတွေလည်း သူတို့ကိုတွေ့လိုက်ကြတာပဲ။
တချို့ကပြောတော့ ချောင်းအထက်ပိုင်းကို
လှေတက်သွားတာ တွေ့လိုက်တယ်လို့ ပြောတာပဲ"

"ချောင်းအထက်ပိုင်းဆိုတာက ရေတံခွန်ရှိတဲ့ဘက်လားဗျ
ကိုကြီးသာဒင်"

"အေး အေး ဟုတ်တယ်ကွ တာတေရ"

"လှေတွေ ဘာတွေများ မှောက်သလား။ဒီကောင်တေရေတော့
ကူးတတ်တယ်မို့လားဗျ"

"ဟာ တာတေရာ ငါတို့ရွာတွေမှာက စာမတတ်ခင်ကတည်းက
ရေကူးတတ်တဲ့ကောင်တွေကွ။ ရေကူး ။ ရေငုပ် ။ လှေလှော်။
လှေခတ် ။ ကွန်ပစ် ။ ဒိုင်းကွင်းထိုး မကျွမ်းကျင်တဲ့သူ
ဘယ်ရှိမှာတုံးကွာ"

"ပျောက်နေတာကလည်း တစ်လကျော်ရှိပြီ ဟုတ်လား"

"အေး ဟုတ်တယ်ကွ ဒီကောင်တွေရဲ့ ။ဘထွေးတော်တဲ့
ကိုဖိုးဘဆိုတဲ့ လူတစ်ယောက်လည်း လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က
ပျောက်သွားဖူးတယ်ကွ။ ခုလိုပဲ လှေတစ်စီးနဲ့ ငါးသွားမျှားတာ
လှေရော လူရော ပျောက်သွားတာ ဆယ်နှစ်ရှိပြီကွ။
သူတို့အဖေရဲ့ ညီပေါ့ကွာ။ အခု ငါတို့က ဒီကောင်နှစ်ယောက်
သူတို့ဘထွေးလို ဖြစ်သွားမှာကို စိုးရိမ်တာကွ"

"ထူးတော့ ထူးဆန်းသားဗျ"

"နေဦးကွ တာတေရေ မင်းဆီကို လာရတဲ့အကြောင်းကို
ငါပြောဦးမယ်။ ဒီလိုဟေ့။ ကောင်လေးနှစ်ယောက်
 ပျောက်သွားတော့ သူ့အမေ ငါ့အစ်မလည်း မျက်ရည်နဲ့
မျက်ခွက်ပေါ့ကွာ။ စုစုပေါင်းမှ သူတို့မှာ ဒီကောင်နှစ်ကောင်ပဲ
သားသမီး ရှိတာလေကွာ။ အခု နှစ်ယောက်စလုံး
ပျောက်သွားတော့ ထိုင်မရ ထမရ ဖြစ်တော့တာပေါ့ကွာ။
ဒါနဲ့ ကြားဖူးသမျှ ဗေဒင်တွေမေး နတ်တွေ မေးပေါ့ကွာ။
အဲဒါနဲ့ ဟိုတစ်နေ့ကတော့ တဖက်ကမ်း ရေကမြင်းက
နတ်ကတော် ဒေါ်အေးသာကြီး ခေါ်မေးပြန်ရောဟေ့"

"သြော် သြော်"

"အေးကွ တာတေရ ဒေါ်အေးသာက ဦးမင်းကျော်
ခေါင်းစွဲဆိုလား ဘာဆိုလားကွာ။အဲဒါ နတ်ပင့်တာ
ဦးမင်းကျော် မဝင်ဘဲနဲ့ မဖဲဝါ ဆိုတာ ဝင်လာပါရောလားကွ"

"ဗျာ မဖဲဝါ ဟုတ်လား ကိုကြီးသာဒင်"

"ဟုတ်ပါဗျာ အဲဒီမှာ ပြောတော့တာပဲကွ
နင့်သား နှစ်ယောက် မသေဘူး ဒါပေမဲ့ ဒီမှာ မရှိဘူး
တခြားနေရာမှာ ရောက်နေတယ် ထနောင်းကုန်းက
တာတေကို မြန်မြန်သွားခေါ်ကြ ။ တာတေ ရောက်လာမှ
ဘာလုပ်ရမယ်ဆိုတာ ငါပြောမယ်ဆိုပြီး ပြောသွားလို့ဟေ့။
ငါ့ အစ်မလုပ်တဲ့သူက ငါ့ကို နားပူနာဆာ လုပ်တော့တာပေါ့ကွာ
ထနောင်းကုန်းက မောင်တာတေကို ချက်ချင်းသွားခေါ်ပေးပါ။
ငါ့သားတွေ မသေဘူး ပြောတယ် သွားခေါ်ပေးကြပါချည်း
ပြောနေလို့ ငါတို့ ထွက်လာတာကွ"

"သြော် ဒီလိုလား ။ တခြားနေရာဆိုတော့ ဥစ္စာစောင့်သိုက်တွေ
ဘာတွေများလား'

"အဲဒါတော့ တို့လည်း မသိပါဘူးကွာ ။ မင်းလာမှ ပြောမယ်လို့
မဖဲဝါက ပြောသွားတာပဲကွ နို့ နေပါဦး တာတေရဲ့။ မင်းနဲ့
အဲဒီမဖဲဝါ ဆိုတာနဲ့က အဆက်အသွယ် ရှိလို့လား"

"ရှိတယ် ကိုကြီးသာဒင် ရှိတယ် နို့ နေပါဦးဗျ အခု
ကိုကြီးသာဒင်တို့ လှည်းနဲ့ လာကြတာလား ။ လှည်းက
ဘယ်မှာထားခဲ့တုံး"

"ဟာ ငါတို့ လှည်းနဲ့ လာတာ မဟုတ်ဘူးကွ မြင်းနဲ့
လာတာ ။ မင်းဖို့လည်း မြင်းတစ်စီး ပါလာတယ်
မင်း မြင်းစီးတတ်လား ။ မစီးတတ်လည်း ကိစ္စမရှိပါဘူး။
ငါတို့ဆွဲသွားမှာပေါ့"

"ကျုပ် မြင်းစီးတတ်ပါတယ်ဗျ"

"ဟာ ဒါဆိုရင်တော့ ဟန်ကျတာပေါ့ကွာ"

ကျုပ် ဘယ်လိုလုပ် ငြင်းရမှာတုံးဗျာ။ ရေတံခွန်ချောင်းဆိုတာ
ကျုပ်တို့ရွာနဲ့က တော်တော် ဝေးသေးတာဗျ။ ဒါပေမဲ့
မဖဲဝါက အခေါ်လွှတ်တယ်ဆိုတော့ ကျုပ်လိုက်ရမှာပေါ့ဗျာ။
အဘနဲ့အမေကို အကျိုးအကြောင်းပြော ။ ခွင့်တောင်းပြီး
ကျုပ် ရေတံခွန်ချောင်းကို လိုက်ခဲ့ရတာပေါ့ဗျာ။

ကိုကြီးသာဒင်တို့က သူတို့မြင်းတွေကို ကျုပ်အိမ်လိုက်ပို့တဲ့
ဘခင်တို့ဝိုင်းမှာ ထားခဲ့တာဗျ။

ဘခင်ရဲ့အဘနဲ့ ကိုကြီးသာဒင်က လူခင်တွေဆိုပဲ။
ကျုပ်အတွက် ယူလာတဲ့မြင်းက မြင်းညိုကြီးဗျ။
ဒေါက်လည်း တော်တော်မြင့်တယ် ။ မြင်းနဲ့ဆိုတော့
ခရီးတွင်တာပေါ့ဗျာ။ရောက်တဲ့ညတော့ ခရီးကလည်း
ပန်းလာတော့ ဘာမှ မလုပ်နိုင်ပါဘူး ။

စောစောပဲ အိပ်ရာဝင်လိုက်ရတာပေါ့ဗျာ။
နောက်နေ့ရောက်တော့ ကျုပ် စီစဉ်ရတာပေါ့ဗျာ။
တိုက်တိုက်ဆိုင်ဆိုင်လို့ပဲ ပြောရတော့မှာပေါ့ဗျာ။
လက်တက်ခွဲကို အမဲသား သယ်လာတယ်။
ကျုပ်က အမဲသား တစ်ပိဿာဝယ်ပြီး
ချက်ခိုင်းထားလိုက်တယ်။ ပြီးတော့ ထမင်းတစ်အိုး
ချက်ပေါ့ဗျာ။ တစ်ဖက်ကမ်း ရေကမြင်းက နတ်ကတော်
ဒေါ်အေးသာကြီးကိုလည်း ခေါ်ခိုင်းထားလိုက်တယ်။

ညနေစောင်းတော့ ငှက်ပျောဖက်ခင်းပြီး ထမင်းနဲ့
အမဲသားကို ထမင်းတောင်း ပြင်ခိုင်းရတာပေါ့ဗျာ။
ကျုပ်ကြည့်တော့ လက်တက်ခွဲတို့ ဒေါင်းရေကျော်တို့
ဆင်မသာမွှေးတို့ ချင်းစုတို့က လေးရွာပေါင်းပြီး သင်္ချိုင်းတစ်ခု
ထားတာဆိုပဲ။ နည်းနည်းလှမ်းတယ်လို့ပြောတယ်
မိုးချုပ်တာနဲ့ ခတ်ဘောက်တူလှေထဲကို ကျုပ်ရယ်
နတ်ကတော် ဒေါ်အေးသာရယ် ကိုကြီးသာဒင်ရယ်
ဆင်းခဲ့ကြတယ် ။ ထမင်းတောင်းကိုတော့
လှေခတ်ဖို့ ခေါ်လာတဲ့ ကိုကြီးသာဒင်တို့
စာရင်းငှားက ထမ်းလာတယ်ဗျ။

မိုးက ချုပ်နေပြီဆိုတော့ ကိုကြီးသာဒင်က လှေဦးမှာထိုင်ပြီး
မီးအုပ်ကြီးတစ်ခု ထွန်းထားတယ်ဗျ။ မီးအုပ်ဆိုတာက
ရေနံဆီ မီးခွက်ကြီး ထည့်ပြီးထွန်းတဲ့
 သွပ်ပြားအုပ်ဆောင်းပေါ့ဗျာ။

ကုက္ကိုကုန်းသင်္ချိုင်းတဲ့ဗျ။ လေးရွာပေါင်းသင်္ချိုင်းဆိုတော့
သင်္ချိုင်းက တော်တော်ကြီးတာဗျ ။ အုတ်ဂူတွေမှ
ဖွေးဖွေးလှုပ်နေတာဗျ။ သင်္ချိုင်းဇရပ်ကလည်း
တော်တော်ကြီးသားဗျ။ ကျုပ်က မဖဲဝါကို
စားပွဲသောက်ပွဲပေးရင် သင်္ချိုင်းထဲမှာ ပေးရတာ။
မဖဲဝါက သင်္ချိုင်းမှာ ကျွေးမှ သူပိုင်တာလေဗျာ။

"ဒေါ်အေးသာနဲ့ ကျုပ်နဲ့က အခုမှ သိကြတာဆိုတော့
ဂူခပ်ကြီးကြီးတစ်လုံးကိုရွေးပြီး ကျုပ်က ငှက်ပျောဖက်ခင်း
ထမင်းပွဲပြင်တယ် ။ ပြီးတော့ ဖယောင်းတိုင်တစ်တိုင်
ထွန်းလိုက်တယ် ။ ဘေးမှာ ရေတစ်ခွက်လည်း
ချပေးထားရတာဗျ။ ဒါမျိုးကို တစ်ခါမှ မမြင်ဖူးတဲ့
ကိုကြီးသာဒင်တို့ ဒေါ်အေးသာတို့ကတော့ မျက်လုံးပြူးပြီး
ကြည့်နေကြတာပေါ့ဗျာ။ အားလုံးပြင်ဆင်ပြီးတော့မှ
ကျုပ်က မဖဲဝါကို ပင့်တာဗျ။

"အရှေ့နေထွက် အနောက်နေဝင် တောင်တံငါကွန်
မြောက်ဓူဝံအတွင်း ရောက်ရာအရပ် ရှိရာဌာနကနေပြီး
ဒီနေရာ ဒီဌာနကို အမြန်ဆုံး လှမ်းကြွခဲ့ပါ သင်္ချိုင်းရှင်မကြီး
မဖဲဝါဗျာ။ထနောင်းကုန်းက တာတေ စားပွဲ။
သောက်ပွဲနဲ့ မဖဲဝါကို ကြိုပါတယ်ဗျာ။ အမြန်ဆုံး
ကြွခဲ့ပါ ကြွခဲ့ပါ"

"ဝူး …ဝူး …ဝူး …အီ… အီ… အီ … ဝူး"

ဟော မဖဲဝါ ခွေးကြီးအသံဗျ မဖဲဝါ လာပြီထင်တယ်
ဟာ လာပြီဗျို့။ မဖဲဝါကြီး လာပြီဗျ။ ဂူတွေပေါ်က
ရွေ့လာတဲ့ ဖြူဖြူအရိပ်ကြီးကို ကျုပ်မြင်နေရတယ်။
ဟော ဟော ဖြူဖြူ အရိပ်ကြီးက လက်အုပ်ချီပြီးထိုင်နေတဲ့
နတ်ကတော် ဒေါ်အေးသာကြီးကို ဝင်ကပ်လိုက်ပြီဗျို့။

ဟော ဟော ဒေါ်အေးသာကြီး လက်တွေကွေးကောက်ပြီး
အပေါ်ကို မြောက်တက်လာတယ် ။ ဆံဖားလျားကြီးနဲ့
မတ်တတ်ကြီး ထရပ်ပြီး  ဂူပေါ်မှာ ပြင်ထားတဲ့
ထမင်းတွေကို ကြည့်နေတယ် ။ ဟာ ခုန်ပြီဗျို့။
ဒေါ်အေးသာကြီး ခုန်ပြီ။ လွှားကနဲ နေတာပါပဲဗျာ။
ဂူကြီးပေါ်ကို ရောက်သွားပြီဗျို့။ထမင်းပွဲကြီးနားမှာ
ဒူးကြီးတစ်ဖက်ထောင် ။ တစ်ဖက်လှဲ ကားကားကြီးထိုင်ပြီး
စားတော့တာပဲဗျာ။

ကိုကြီးသာဒင်တို့အိမ်ကလည်း အမဲသားချက်လွှတ်ကောင်းတာဗျ။
အမဲသားဟင်းနံ့က မွှေးကြိုင်နေတာ။ မဖဲဝါကြီးကလည်း
စားတော့တာပဲဗျာ။စားရင်းနဲ့ ကျုပ်ကို ပြောတယ်။

"တာတေ နင် လိုက်လာလို့ ဒီလူတွေ ကံကောင်းသွားတာ။
အဲဒီကောင်လေးနှစ်ကောင် ဒီဘုံမှာ မရှိတော့ဘူး ။
အသူရကာယ်ဘုံကို ရောက်နေတယ်။ နင်လိုက်ခေါ်မှ ရမယ်။
အန္တရာယ်တော့ တော်တော်များတယ် ။ ဒါပေမဲ့ နင်လိုက်မခေါ်ရင်
အဲဒီကောင်လေးတွေ ဘယ်တော့မှ ပြန်လာလို့ရမှာ
မဟုတ်တော့ဘူး"

"ကျုပ်လိုက်မယ် မဖဲဝါ"

"ဒါဆိုရင် နင် နားထောင် ။ ဒီကောင်နှစ်ယောက် ငါးဖမ်းရင်းနဲ့
ရေတံခွန်နောက်ကို လှေဝင်သွားတာ အဲဒီရေတံခွန်နောက်မှာ
လိုဏ်ပေါက်ရှိတယ် ။ ဒီနားက လူတွေက အဲဒီလိုဏ်ပေါက်ရှိမှန်း
ဘယ်သူမှ မသိကြဘူး။ ဒီလိုဏ်ပေါက်ကို လူမျက်စိနဲ့
မမြင်ရဘူး ။ လှေက ကျောက်နံရံကို ဖောက်ဝင်သွားသလို
ထင်ရတာ။ တကယ်တော့ လိုဏ်ပေါက်ကြီး ရှိနေတာ။

နင် မျက်ကွင်းဆေးကွင်းသွား။ နင် မြင်ရလိမ့်မယ်။
အဲဒီလိုဏ်ပေါက်ထဲမှာ ချောင်းတစ်ခု စီးနေတယ်။
ရေက ဝါးတစ်ပြန်လောက်နက်တယ်။ဒါပေမဲ့ လေရှိတယ်။
နင်အသက်ရှုလို့လည်း ရမယ်။ မီးထွန်းလို့လည်း ရမယ်။
မီးတုတ်ယူသွား။အဲဒီလိုဏ်ဂူထဲမှာ နင် လှေကို
တစ်နေ့နဲ့ တစ်ည လှော်ရလိမ့်မယ် ။

ဒါပေမဲ့ မှောင်မဲနေတော့ နေ့မှန်း ညမှန်း နင်သိမှာ မဟုတ်ဘူး။
နင် ဒီကနေ ညဘက်ဝင်သွား လိုဏ်ခေါင်း ဟိုဘက်ကချောင်းကို
ညဘက် ရောက်လိမ့်မယ် ။ ညရောက်မှဖြစ်မှာ။နေ့ဘက်ရောက်ရင်
နင်လည်း ဟိုကောင်လေးတွေလို ပြန်လို့ရမှာ မဟုတ်ဘူး။
အသူရကယ်ဘုံသားတွေက နင့်ကို ပြန်လို့မရအောင်
လုပ်ထားလိမ့်မယ် ။နင် တစ်ခုတော့ မမေ့စေနဲ့။

လိုဏ်ခေါင်း ဟိုဘက်ကို နင်လှေထွက်သွားတာနဲ့
အဲဒါ လူ့ဘုံမဟုတ်ဘူး ဆိုတာ အမြဲသတိထားပေတော့။
နင်ရောက်တဲ့ည တစ်ညပဲ အချိန်ရမှာ ။ညတွင်းချင်း
ကောင်လေးတွေကို လိုက်ရှာ ။ နင်အော်ခေါ်ကြည့်။
ညဘက်ဆိုရင် အသူရကာယ်ဘုံသားတွေ
တစ်ယောက်မှ မရှိကြဘူး ။တောင်ခေါင်းကြီးတွေထဲမှာ
ငရဲခံဖို့ ။ခွေးကြီးတွေ အစားခံဖို့ သွားကြရတယ်။

မနက်မိုးလင်းတာနဲ့ ပြန်ရောက်လာမှာနော်။
နင် ကောင်လေးတွေကို ခေါ်ပြီး မိုးမလင်းခင်
လိုဏ်ခေါင်းထဲကို ရောက်အောင် ပြန်ဝင်ပေတော့။
လိုဏ်ခေါင်းထဲရောက်ရင် အန္တရာယ်ကင်းတယ်"

မဖဲဝါက အမဲသားတွေရော ထမင်းတွေရော
အကုန်စားပြီးသွားတာနဲ့ ပြန်သွားရောဗျ။

"ဝူး ဝူး ဝူး ဝူး ဝူး ဝူး အီ အီ အီး"

*********

(နောက်အပိုင်းတွေ မျှော်ဗျာ)

Comments

Popular Posts