ရေတံခွန်ချောင်း (အပိုင်း၎)
ရေတံခွန်ချောင်း (အပိုင်း၎)
မဖဲဝါရဲ့ ခွေးကြီးအူတဲ့အသံက တဖြည်းဖြည်းနဲ့
ဝေးသွားတယ် ။ ဒေါ်အေးသာကြီးလည်း ဂူပေါ်မှာ
ပုံရက်သားလဲပြီး သတိမေ့နေတယ် ။ ကျုပ်က အဆင်သင့်
ပါလာတဲ့ သစ်စုန်းဆေးတော်ရေစင်နဲ့ တောက်လိုက်တော့မှ
သတိပြန်ရလာတယ် ။ မဖဲဝါ ပြောသွားတဲ့ အကြောင်းတွေကို
ကျုပ်ပဲ ကြားရတာဗျ။ ကိုကြီးသာဒင်ကတော့
'အူး အူး အီ အီ'ဆိုတဲ့ အသံတွေပဲ ကြားရတာဗျ။
လက်တက်ခွဲကို လှေတစ်စင်းနဲ့ ပြန်ရောက်လာတော့
ညဆယ်နာရီတောင် ရှိပြီဗျ။ ကျုပ်ကို ကျွန်းသားနဲ့
စပ်ထားတဲ့ လှေတစ်စင်းပေးတယ်
ကျုပ်က လှော်တက်အပိုနှစ်ချောင်း တောင်းတယ်။
အပြန်ကျရင် အောင်မင်းတို့ အောင်ဝင်းတို့ကိုပါ
လှော်ခိုင်းရမှာလေဗျာ။ ဆတ်သားခြောက် မီးဖုတ်ပြီး
ဆီရွှဲရွှဲဆမ်းထားတာရယ် ။ ကောက်ညှင်းကျည်တောက်တွေရယ်
ကျုပ်ကို ပေးလိုက်တယ် ။ ရိက္ခာခြောက်ပေါ့ဗျာ။
အပြန်ကျရင် သုံးယောက် စားရမှာလေဗျာ။
များများယူလာရတာပေါ့ဗျာ။ ပြီးတော့
ရေနံအပြည့်ထည့်ထားတဲ့
မီးခွက်ကြီး သုံးခွက်နဲ့ မီးအုပ်ကြီးကြီးတစ်လုံး
ယူခဲ့တယ် ။ မျက်ကွင်းဆေးကွင်းလိုက်ပြီးတာနဲ့
ကျုပ်က မီးခွက်ကြီးတစ်ခွက် ထွန်းတယ် ။
မီးအုပ်ထဲကို မီးခွက်ကြီး ထည့်ပြီး လှေအလယ်မှာ
ထားလိုက်တယ် ။ ကျုပ်က စပြီး လှော်ပြီဗျို့။
ရေကို ဆန်ပြီး တက်ခဲ့တယ် ။ ချောင်းအလယ်ပိုင်းမှာမှ
ရေတံခွန်ရှိတာကိုဗျ။ ရေတံခွန်ရဲ့ တစ်ဖက်ကမ်းက
ကပ်လှော်ရတာပေါ့ဗျာ။ ဒါမှ ရေစီးသက်သာမှာပေါ့။
ကျုပ်က ရေတံခွန်ရဲ့ အထက်ကို ရောက်အောင် လှေကို
လှေ်တက်လိုက်ပြီးမှ ချောင်းတစ်ဖက်ကမ်းကို
ဖြတ်ကူးလိုက်တယ်။ ကျုပ် ရေတံခွန်ဘက်ကမ်းကို
ရောက်လာတာပေါ့ဗျာ။လှေကို အရှိန်ထိန်းပြီး ရေတံခွန်ရဲ့
နောက်ကို ဝင်လိုက်တယ် ။ ဟာ ဟိုမှာ တွေ့ပြီ ။
လိုဏ်ခေါင်းအပေါက်ကြီးဗျ။ ရေတံခွန်က သိပ်အမြင့်ကြီး
မဟုတ်ပေမဲ့ ကျတဲ့ရေ အပြန့်တော်တော် ကျယ်တာဗျ။
လက်လံနှစ်ဆယ်လောက်ရှိမယ် ။ရေတံခွန်နဲ့
တောင်နံရံကြားမှာ လှေနှစ်စီးစာလောက်ရှိတယ်။
အဲဒီနားရောက်တော့ ရေက ဆွဲနေတာဗျ။
ရေတံခွန်နောက်ဘက်ကို ဆွဲနေတာ။
ကျုပ်က အလိုအထိုက်ကလေး လှေကိုထိန်းပြီး
လိုက်သွားလိုက်တယ် ။ လိုဏ်ခေါင်းအပေါက်ကြီးက
ရေကို ဆွဲနေတာဗျို့။ ကျုပ်ပါ ပါသွားပြီ။ ပါသွားပြီ။
"ဝေါ ဝေါ ဝေါ ဝေါ "
ဝင်သွားပြီဗျို့။ ကျုပ်လှော်လာတဲ့လှေ လိုဏ်ခေါင်းထဲကို
ဝင်သွားပြီ ။ အောင်မင်းတို့ အောင်ဝင်းတို့ လှေလည်း ဒီလိုပဲ
ပါသွားတာ ဖြစ်မယ်ဗျ။ ကျုပ်က ဓနုဖြူ မီးခတ်ကလေး
ခြစ်ပြီး မီးအုပ်ထွန်းလိုက်တယ် ။ ရေနံဆီမီးခွက်က ကြီးတော့
မှောင်နေတဲ့ လိုဏ်ခေါင်းထဲမှာ လင်းသွားတာပေါ့ဗျာ။
လိုဏ်ပေါက်ဝနဲ့ နီးတုန်းကသာ ရေစီးက ပြင်းတာဗျ။
လိုဏ်ပေါက်ဝနဲ့ ဝေးလာတော့ တဖြည်းဖြည်း
ရေစီးငြိမ်လာတယ်။ ကျုပ်က မီးအုပ်က မီးရောင်နဲ့
ဘေးဘီကို ကြည့်လိုက်တယ် ။
လိုဏ်ခေါင်းက အဝသာကျဉ်းတာဗျ ။ အထဲမှာကျတော့
အကျယ်ကြီးပဲကိုး ။ ခေါင်မိုးက ကျုပ်စိတ်ထင်
ဝါးနှစ်ပြန်လောက် မြင့်မယ်ဗျ။ လိုဏ်ခေါင်းထဲမှာ
စီးနေတဲ့ ချောင်းရဲ့ အကျယ်ကတင် ပေငါးဆယ်လောက်
ရေပြင်ကြီးဗျ။ တချို့နေရာမှာ ရေထဲက ထိုးထွတ်နေတဲ့
ကျောက်ချွန်းကြီးတွေ တွေ့ရတယ် ။ ကျုပ် လက်မှာ
ပတ်ထားတဲ့ နာရီက မီးစုန်းလက်တံတွေဆိုတော့
မှောင်ထဲမှာ လင်းနေတော့တာပေါ့ဗျာ။
ကျုပ် နာရီကြည့်လိုက်တော့ ရှစ်နာရီခွဲပြီဗျ။
မီးအုပ်နဲ့ ဘေးဘီကို ထိုးကြည့်လိုက် ။
လှေကို မှန်မှန်လှော်ပေါ့ဗျာ။ တချို့နေရာရောက်တော့
ရေထဲက ငါးကြီးတွေ ထပွက်တာ တွေ့ရတယ် ။
ငါးကြီးတွေမှ အကြီးကြီးတွေပါဗျာ။ ကျုပ် စဉ်းစားကြည့်တယ်ဗျ။
ဒီငါးကြီးတွေဟာ ကျုပ်တို့ လူ့ဘုံက ငါးတွေလား။
အသူရကယ်ဘုံက ငါးတွေလားဆိုတာ။တကယ်တော့
ဒီလိုဏ်ခေါင်ကြီးဟာ လူ့ဘုံနဲ့ အသူရကယ်ဘုံကို
ဆက်ထားတဲ့ မြစ်တစ်စင်းပဲဗျ။ ကျုပ်လှော်လာတဲ့လှေက
အသူရကယ်ဘုံကို ဦးတည်ပြီး သွားနေတာပေါ့ဗျာ။
ကျုပ်နာရီကို တတိယအကြိမ် ကြည့်တော့
မနက်သုံးနာရီတောင် ထိုးပြီဗျ။ ကျုပ်လည်း တော်တော်ကို
အိပ်ချင်နေပြီ။ ဒါပေမဲ့ ကျုပ် မအိပ်ရဲဘူးဗျ။ ကျုပ်
အိပ်ပျော်သွားတဲ့အချိန်မှာ ဘာတွေ ဖြစ်မယ်ဆိုတာ
ကျုပ် မတွေးတတ်ဘူးဗျ။ အိပ်ချင်တဲ့စိတ်ကိုပဲ
ပျောက်အောင် ဖျောက်ပစ်ရတော့တာပေါ့ဗျာ။
ဆီစိပ်ထားတဲ့ ဆတ်သားခြောက်ကလေးတစ်ဖဲ့ကို
ယူပြီး ကျုပ် ဝါးလိုက်တယ် ။ ပြီးတော့ ပလပ်စတစ်ပုံးထဲက
ရေကို နည်းနည်းငှဲ့သောက်လိုက်တယ်။ အိပ်ချင်စိတ်တော့
ပြယ်သွားသားဗျ။
ကျုပ် လှေကို မှန်မှန်ပဲ ဆက်လှော်တယ်။
မနက် ခြောက်နာရီ ။ မနက် ခုနှစ်နာရီ ။ ဒီအချိန်ဆိုရင်
အပြင်လောကကြီးမှာ နေထွက်ပြီး မိုးလင်းနေရောပေါ့ဗျာ။
ဒီလိုဏ်ခေါင်းထဲမှာတော့ မှောင်နေတာဗျ ။ ဒါကြောင့်
မဖဲဝါက ကျုပ်ကို ပြောလိုက်တာ ။ နေ့လား ညလား။
နင် သိမှာမဟုတ်ဘူး တာတေတဲ့။ ဟုတ်ပါဗျာ။
နာရီပါလာလို့သာ အပြင်မှာ နေ့ဖြစ်နေတာကို သိရတာဗျ။
ကျုပ်က လှော်တက်ကို ခြေထောက်နဲ့ညှပ်ပြီး
ပဲ့ကိုင်ထားလိုက်တယ် ။ ရေစီးကလည်း နှေးနှေးလေးဆိုတော့
လှေကလည်း ကျုပ် မလှော်ရင် ရွေ့တယ်ဆိုရုံလေးပဲ
ရွေ့နေတာဗျ။ ပါလာတဲ့ ကောက်ညှင်းကျည်တောက်ကို
ဖဲ့ပြီး ဆတ်သားခြောက်နဲ့ တဝစားထားလိုက်တယ်။
ဗိုက်ပြည့်သွားတော့မှ လူက အားပြည့်သွားတာဗျို့။
ပြီးတော့ ကျုပ်က မျက်နှာလည်း သစ်လိုက်တယ်။
ဒီတော့မှ လူလည်း လန်းသွားတာပေါ့ဗျာ။
ကျုပ် လှေကို ဆက်လှော်တယ် ။ ကျောက်ဆောက်တွေ
ကျောက်ချွန်းတွေ တွေ့ရင် ကွေ့လှော်လိုက် ။
ရေပြင်ကြီးမှာ ရှင်းနေရင် အားစိုက်လှော်လိုက်။
ခြေတွေ လက်တွေ ညောင်းလာရင် ခဏနားပြီး
အစားလေးစားပြီး ရေလေးသောက်လိုက်နဲ့
မွန်းတည့်ချိန်ရောက်။ မွန်းတည့်ချိန်ကနေ
ညနေချိန်ရောက်ပေါ့ဗျာ။

Comments
Post a Comment