ရေတံခွန်ချောင်း (အပိုင်း၅)

ရေတံခွန်ချောင်း (အပိုင်း၅)

ညနေငါးနာရီခွဲတော့ ကျုပ်မျက်နှာကို အေးစက်နေတဲ့
လေအေးလေး တိုက်သွားတယ် ။ ကျုပ်လှော်တဲ့လှေက
ရှေ့ကို ရွေ့လာလေ လေအေးတွေ တိုက်လာလေပဲဗျ။

ဂူပေါက်နဲ့ နီးလာပြီဆိုတော့ ကျုပ် သိလိုက်ပြီပေါ့ဗျာ။
လှေကို သတိထားလှော်ရင်းနဲ့ ဂူပေါက်ကြီးကို
မြင်လိုက်ရရောဗျို့။တစ်ရက်တစ်ည အလင်းရောင်
မမြင်ရတဲ့ ကျုပ်ဆိုတာ အလင်းရောင်ကို မြင်လိုက်ရတော့
ပျော်လိုက်တာဗျာ ။ ဂူပေါက်ဝကို ရောက်တော့
ရှေ့မှာ ချောင်းကျယ်ကြီးဗျ ။ ချောင်းကမ်းပါးမှာလည်း
သစ်ပင်တွေ ပေါက်နေတာပဲဗျ။

ဒါပေမဲ့ သစ်ပင်တွေက ကျုပ်တို့ဆီက သစ်ပင်တွေနဲ့
မတူဘူးဗျ။ အရွက်တွေက အကြီးကြီးတွေ သစ်ပင်ရဲ့
ပင်စည်တွေက ကောက်ကောက်ကြီးတွေဗျ။
မဖဲဝါ ကျုပ်ကို မှာလိုက်တယ် ။ ညဘက် ရောက်သွားလိမ့်မယ်တဲ့။
အခု ကျုပ်ရောက်လာတာ နည်းနည်းစောနေသေးတယ်။
အသူရကယ်ဘုံမှာ အလင်းရောင် မပျောက်သေးဘူးဗျ။

ကျုပ် လိုဏ်ခေါင်းမြစ်ထဲမှာပဲ လှေတစ်စီးနဲ့ ငြိမ်နေလိုက်တယ်။
မဖဲဝါ မှာလိုက်သေးတယ်လေဗျာ ။ ဂူထဲရောက်ရင်
အန္တရာယ်မရှိတော့ဘူးဆိုတာလေ ။ ဒီတော့ ကျုပ်လည်း
ဂူထဲမှာပဲ နေနေရတာပေါ့ဗျာ။ ကျုပ် နာရီကြည့်တယ်။
ညခုနှစ်နာရီ။အသူရကယ်ဘုံမှာ လင်းတုန်းဗျ။

ကျုပ်တို့ လူ့ဘုံမှာ ဒီအချိန်ဆိုရင် မှောင်နေပြီပေါ့ဗျာ။
ဒါပေမဲ့ တစ်ခုတော့ ရှိတယ်ဗျ။ အလင်းဖျော့ဖျော့ပဲလင်းတာ။
ကျုပ်တို့ဆီက နှင်းကျနေတဲ့ ဆောင်းရာသီ မနက်ခင်း
လင်းသလို မှုန်ပျပျပဲ လင်းတာ…

အံ့ရောဗျာ ။ အသူရကယ်ဘုံကြီးက ညရှစ်နာရီကျမှာပဲ
မှောင်သွားတော့တာဗျ။

"ဟေး…ထွက်ကြ …ထွက်ကြ ။ အချိန်ကျပြီဟေ့"

"ဒူ …ဒူ…ဒူ…ဒူ "

ဟာ…ဘာသံကြီးတုံး။ ကျုပ် သေသေချာချာ နားထောင်
ကြည့်မိတယ် ။ ချောင်းကြီးရဲ့ ဟိုဘက်ကမ်းက
အသံကြီးဗျ။ မောင်းကြီး အကြီးကြီးကို ထုထုပြီး
အော်နေတာဗျ။

"ဒူ …ဒူ…ဒူ …ထွက်ကြ …ထွက်ကြ ။ အချိန်ကျပြီဟေ့
ဒူ ဒူ "

အို …မဖဲဝါ ပြောတဲ့ နေ့စံပြီး ။ ညရောက်ရင် ငရဲခံရတယ်
ဆိုတာ ဒါကို ပြောတာထင်တယ်။  မဖဲဝါ ပြောလိုက်သားပဲ။
တောင်ခေါင်းကြီးတွေထဲမှာ ခွေးကြီးတွေ စားတာကို
ခံကြရမှာတဲ့ဗျ။ မှောင်ထဲမှာပဲ ကျုပ်
ငြိမ်ပြီးနားထောင်နေလိုက်တယ်။
မီးအုပ်က မီးကို စောစောကပဲ ငြှိမ်းထားတာ ဆိုတော့
မှောင်ပိန်းနေတာဗျ။

"ကျီ…ကျီ…ကျီ…"

ဟာ ဒါ ပုရစ်ကလေးတွေ အော်တဲ့အသံပါလား။
အသူရကယ်ဘုံမှာလည်း ပုရစ်ရှိတာပဲကိုးလို့
ကျုပ် တွေးလိုက်မိတယ် ။ မောင်းထုတဲ့အသံကြီးက
တဖြည်းဖြည်း ဝေးသွားပြီဗျ။ ကျုပ်နားထဲမှာ
လူတွေ ကျွတ်စီ ကျွတ်စီနဲ့ ပြောတဲ့ဆိုတဲ့ အသံကို
ကြားနေရတယ်ဗျ။ ဘာတွေ ပြောနေမှန်းတော့
ကျုပ်လည်း နားမလည်ဘူးဗျ။ တဖြည်းဖြည်းနဲ့
လူသံတွေ ဝေးဝေးပြီး ပျောက်သွားတယ်။
ကျုပ် လှေကို လိုက်ခေါင်းပေါက်ထဲကနေ
ချောင်းရေပြင်ထဲကို လှော်ထွက်လိုက်တယ်။

ချောင်းက ရေငြိမ်ချောင်းဗျ။ရေမစီးသလောက်ပဲ။
ကျုပ် စောစောက မောင်းထုသံတွေ လူသံတွေ
ကြားတဲ့ဘက်ကို လှေလှော်ထွက်လိုက်တယ်။
လိုဏ်ပေါက်ကြီးကို မှတ်မိအောင် ကျုပ်ယူလာတဲ့
မျက်နှာသုတ်ပုဝါတစ်ထည် သစ်ပင်မှာ ချည်ထားခဲ့တယ်။

ချောင်းတစ်ဖက်ကမ်းကိုဖြတ်ပြီး လှော်လိုက်တယ်။
ဆယ်မိနစ်လောက် လှော်လိုက်တော့ သဲသောင်ပြင်ကြီးကို
ကျုပ် တွေ့ရတယ်။ သဲပြင်ကြီးမှ ဖွေးနေတာဗျ။
ကျုပ်လှေကို သောင်ပြင်အစပ်မှာ လှော်တက်စိုက်ပြီး
ကြိုးချည်ခဲ့တယ်။ ဆေးလွယ်အိတ်ကို စလွယ်သိုင်းပြီး
ငါးတောင့်ထိုး ဓါတ်မီး ကိုင်လိုက်တယ်။

သောင်ပြင်ပေါ်ရောက်တော့ အသံဗလံတွေ နားစွင့်ကြည့်တယ်။
ဘာသံမှ မကြားဘူးဗျ။ သဲသောင်ပြင်ကြီးအတိုင်း
ကျုပ်တက်လာခဲ့တယ်။ လကွယ်ညဗျ။ ကျုပ်တို့ဆီမှာ
မှောင်သလို သူတို့ဆီမှာလည်း မှောင်လို့ ။

သောင်ပြင်ဆုံးတော့ ရွာစည်းရိုးကြီးကိုတွေ့လိုက်တယ်။
ဓါတ်မီးနဲ့ ကျုပ် လျှောက်ထိုးကြည့်တယ် ။ ရွာတံခါးကို
တွေ့တော့ ကျုပ် ရွာထဲဝင်လာခဲ့တယ်။ အို…အိမ်တွေမှ
အိမ်ကြီးအိမ်ကောင်းတွေချည်းပဲဗျ။ သစ်သားအိမ်
မည်းမည်းကြီးတွေဗျို့။ ရွာကလည်း ရွာကြီးပဲဗျ။
ကျုပ်လည်း အောင်မင်းတို့ အောင်ဝင်းတို့ကို
ဘယ်သွားရှာရမှန်း မသိအောင် ဖြစ်နေတာပေါ့ဗျာ။

မဖဲဝါကတော့ အော်ခေါ်ခိုင်းတာပဲ။ ဒါပေမဲ့ ကျုပ်ပါးစပ်က
အော်ရမှာ မရဲဘူး ဖြစ်နေတယ်။ ကျုပ်လည်း ရွာလမ်းအတိုင်း
အိမ်တွေကို လျှောက်ကြည့်တယ်။အိမ်ကြီးတွေထဲမှာ
မီးတွေထွန်းလျက်သား ထားခဲ့တာဗျ။ဒါပေမဲ့ လူဆိုတာ
တစ်ယောက်မှ မတွေ့ဘူး။ ဒီအတိုင်း
လျှောက်ကြည့်နေလို့ကတော့ မဖြစ်ဘူးဆိုပြီး…

"အောင်မင်းရေ…ဟေ့ အောင်မင်း"

လို့ အသံကုန် အော်လိုက်တယ် ။ ဘာသံမှ မကြားရဘူးဗျ။
ကျုပ်လည်း ရွာလမ်းတွေ တစ်လမ်းဝင် တစ်လမ်းထွက်
လျှောက်သွားရင်းနဲ့…

Comments

Popular Posts