'လမ်းကြုံ' (စ/ဆုံး)

'လမ်းကြုံ' (စ/ဆုံး)

{ယခု တင်ပြမည့် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးအတွက် မေးမြန်းသမျှ စိတ်ရှည်လက်ရှည် ဖြေကြားပေးခဲ့သူ အကို Phyo Aung အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂါရဝပြုအပ်ပါသည် - ဇော်မင်းအောင်}

ရေးသားသူ (မူပိုင်) ။ ။ ဇော်မင်းအောင်

* - * - * - * - * - *

ဒေါက်တာ နော်ဆိုင်းတစ်ယောက် သူ၏ ကားကို မိုးသည်းထဲတွင် သတိထား မောင်းနှင်လျက် ရှိသည်။ သူသည် ဝိုင်းမော်၌ ဖွင့်ထားသော သူ၏ ဆေးခန်းတွင် ယနေ့ လူနာများ ခါတိုင်းနေ့များထက် ပိုကျသောကြောင့် တောက်လျှောက်ဆိုသလို အလုပ်ရှုပ်နေခဲ့ပြီး အခုလို ညမိုးချုပ် အချိန်ရောက်မှ နောက်ကျစွာဖြင့် အိမ်ပြန်ဖြစ်တော့သည်။

ဒေါက်တာမှာ ခရစ်ယာန်ဘာသာဝင် ကချင်လူမျိုးတစ်ဦးဖြစ်ပြီး ကိုယ်ပိုင်ဆေးပေးခန်းလေးတစ်ခုကို မိမိနေထိုင်ရာ မြစ်ကြီးနားမြို့နှင့် မလှမ်းမကမ်း ကွာဝေးသော ဝိုင်းမော်တွင် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ ဝိုင်းမော်နှင့် မြစ်ကြီးနား လမ်းခရီးမှာ ကားနှင့်ဆိုပါက နာရီဝက်ကျော် လေးဆယ့်ငါးမိနစ်ခန့်မျှ မောင်းနှင်ရသည့် အကွာအဝေး ရှိပြီး၊ ဤလမ်းခရီးစဉ်ကို အမြဲလိုလို ခေါက်တုံ့ခေါက်ပြန် လူးလား သွားလာလေ့ ရှိသူ ဒေါက်တာ့အဖို့ နာရီဝက်မျှနှင့်ပင် သူ၏ အိမ်သို့ လျင်မြန်စွာ အရောက်မောင်းနှင်နိုင်သော်လည်း ယခုလို မိုးသည်းထန်နေသည့် အခါမျိုးတွင်တော့ သတိထား မောင်းနှင်ရသောကြောင့် လေးဆယ့်ငါးမိနစ်ကျော်ပမာဏမျှ ကြာမြင့်မည်ဖြစ်ကြောင်း သူ့အနေဖြင့် တွက်ဆမိလိုက်၏။ ထို့အပြင် အိမ်တွင် မျှော်တော်ယောင် ဖြစ်နေရှာတော့မည့် ကြင်သူသက်ထား ဇနီးဖြစ်သူအကြောင်းလည်း ကားမောင်းနေရင်းက တစ်စွန်းတစ်စ သူတွေးနေမိသေးသည်။

၂၀၁၂ ခုနှစ်၊ ဇူလိုင်လ၏ မိုးများသည် ထုံးစံအတိုင်း တစ်နေကုန်တစ်နေခန်း ရွာသွန်းနေခဲ့ခြင်း ဖြစ်ပြီး ယခုထက်တိုင် ရပ်စဲနိုင်ခြင်း အလျင်းမရှိသေးသည့်အပြင် ပို၍ပင် သည်းထန်လာခဲ့ပုံ ရ၏။ ဖြတ်သန်းလာခဲ့ရာ ကားလမ်းတလျှောက်တွင် လမ်းမီးဓါတ်တိုင်များ၏ အလင်းရောင်မှအပ ညက မှောင်မိုက်နေခဲ့ပြီး ယာဉ်သွားယာဉ်လာ တစ်စီးတစ်လေမျှပင် မတွေ့ရ။

ဒေါက်တာ နော်ဆိုင်းမှာ သူ၏ ကားကို မိုးလေများအကြား သတိထားကာ မောင်နှင်လာရင်းက မိနစ်အတန်ငယ်ခန့် ကြာသောအခါ ရှေ့မှ ကားလှမ်းတားနေသော ထီးတစ်ချောင်းနှင့် လူတစ်ယောက်ကို မပီဝိုးတဝါး တွေ့မြင်လိုက်ရသည်။ သို့သော် သူသည် ထိုသူအား မသိကျိုးကျွန်ပြုကာ မမြင်ချင်ယောင်ဆောင်လျက် ဖြတ်ကျော် မောင်းနှင်လာခဲ့လိုက်၏။ အဘယ်ကြောင့်ဆိုသော် ယခုလိုမျိုး ညကြီးမင်းကြီး လူသူလေးပါး ကင်းမဲ့ ပြတ်လပ်သော နေရာတွင် ကားတားစီးသည့် လူများကို သာမန် လူရိုးလူကောင်းများဟု လွယ်လင့်တကူ သူမယုံကြည်နိုင်၍ ဖြစ်သည်။

သို့သော် သူ၏ ထိုအတွေး မပြီးဆုံးသေးမီမှာပင် ကားကို ချက်ချင်း အရှိန်လျှော့ကာ ဒေါက်တာ ရပ်တန့်ပစ်လိုက်၏။ အကြောင်းမှာ ကားတားသူအား ဖြတ်ကျော်လာခဲ့ရာတွင် ထိုသူ၏ ထီးမှာ အမျိုးသမီးထီးတစ်လက် ဖြစ်ကြောင်း အနီးကပ် တွေ့မြင်ခဲ့ရ၍ ဖြစ်လေသည်။ ဒေါက်တာသည် ရပ်တန့်လိုက်သည့် ကား၏ နောက်ကြည့်မှန်မှတဆင့် အဆိုပါ ကားတားသူအား ဓါတ်တိုင်မီးအလင်းရောင်အချို့ကို အားပြုကာ လှမ်းမျှော် ကြည့်ရှုလိုက်တော့ အမျိုးသမီးတစ်ဦးဖြစ်နေကြောင်း ဆင်မြန်းထားသည့် အဝတ်အစားများအရ သိရှိလိုက်ရ၏။ ထီးအောက်မှ အမျိုးသမီးသည် သူ့ဆီ လှမ်းကြည့်လျက် ရှိသည်။

ထို့ကြောင့် အစောပိုင်းက သံသယစိတ်များကို ဖျောက်ကာ ကားကို နောက်ပြန်ဆုတ်သွားခဲ့လိုက်သည်။ ထိုအမျိုးသမီးရှေ့ တည့်တည့် သူကားရပ်လိုက်တော့ အမျိုးသမီးသည် မဝံ့မရဲ ဖြစ်နေပုံ ရပြီး မိုးသည်းထဲမှာပင် သူ၏ ထီးရိုးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ တတုန်တုန်တရင်ရင်ပုံစံဖြင့် အားနာပါးနာ ရှိနေပုံလည်း ရ၏။

"ဟေး... ဘယ်သွားမလို့လဲ မသိဘူးခင်ဗျ..."

ကားမှန် ဖွင့်၍ ကျယ်လောင်လွန်းနေသော မိုးလေသံများ အကြားက အမျိုးသမီးထံ သူအော်မေးလိုက်ခြင်း ဖြစ်သော်လည်း အမျိုးသမီးဆီမှ ချက်ချင်း ပြန်အော်ပြောလာသော စကားများကို မိုးလေသံနှင့် ရောနှောနေသဖြင့် သူပြန်မကြားရ။ သို့သော် နဂိုက ငိုက်စိုက်စွာ စောင်းနေခဲ့သော ထီးကို စကားပြောရင်း တန်းလန်းက ပင့်လိုက်သောကြောင့် ထိုးကျလာသည့် ဓါတ်တိုင်မီးရောင်အောက်တွင် ထိုအမျိုးသမီးမှာ ချောမော လှပလွန်းသော ရုပ်ရည်ရူပကာနှင့် အချိုးအစား ပြေပြစ်လှသော ကိုယ်ခန္ဓာရှိသူ အသက်နှစ်ဆယ်ကျော်အရွယ်ခန့် ရှိမည့် အမျိုးသမီးငယ်တစ်ဦး ဖြစ်ကြောင်း တွေ့ရှိလိုက်ရလေသည်။

"ခင်ဗျား ပြောတာ ကျွန်တော် ဘာမှ မကြားရဘူး။ မိုးတွေ အရမ်းသည်းနေတယ်။ ကားပေါ် တက်လေ..."

ဒေါက်တာက ကားနောက်ခန်းသို့ တက်ရန် စကားသံနှင့် အတူ လက်ဟန်ခြေဟန် ပြလိုက်သောကြောင့် အမျိုးသမီးငယ်သည် သူ၏ ထီးကို ပိတ်သိမ်းကာ ကားပေါ် အလျင်အမြန် တက်ခဲ့၏။ အမျိုးသမီးငယ် ကားပေါ် ရောက်ချိန်မှာတော့ ဒေါက်တာသည် ကားမှန် ပြန်တင်လိုက်ပြီ ဖြစ်သောကြောင့် မိုးလေအသံများ လုံသွားခဲ့ပြီ ဖြစ်သည်။

"ညီမက ဘယ်သွားမလို့လဲခင်ဗျ..." ဟူသည့် အမေးစကားနှင့် အတူ အမျိုးသမီးငယ်အနေဖြင့် မိမိအား ကြောက်လန့်မှု မရှိစေရန် ရည်၍ ဒေါက်တာ ကားအတွင်းမီးကို နောက်လှည့် လှမ်းဖွင့်ပေးလိုက်ချိန်တွင် အမျိုးသမီးငယ်သည် ရွှဲရွှဲစိုနေသော သူ၏ ခန္ဓာကိုယ်လေးကို ကျူံ့ကာ ခိုက်ခိုက်တုန်နေပုံပင် ရ၏။

"ဟုတ်... ညီမကို မြို့နား လမ်း (---) က အိမ်နံပါတ် (---) ကို ပို့ပေးပါ အကို။ အိမ်က ထမင်းဆိုင်ပါ တွဲဖွင့်ထားတာပါ။ ဆိုင်နာမည်ကတော့ (---) လို့ ခေါ်ပါတယ်..."

"ဩော်... ရတယ်လေ ညီမ။ လမ်းလည်း ကြုံတာပဲ။ ကျွန်တော် လိုက်ပို့ပေးပါ့မယ်..."

လိုအပ်သည်ထက် ပိုကာ အကဲခတ်မိနေသော မိမိအား ရိုင်းသည် ထင်မည်စိုး၍ အမျိုးသမီးငယ်အား အကြည့်လွှဲကာ ဒေါက်တာသည် သူ၏ ထိုင်ခုံတွင် နေရာတကျ ပြန်ထိုင်လျက် စတီယာရင်ကို ကိုင်ကာ စက်နှိုးလိုက်ပြီး ထိုအရပ်မှ ကားကို မောင်းနှင် ထွက်ခွာလာခဲ့တော့သည်။

မိုးများသည် သည်းထန်နေရာမှ တဖြည်းဖြည်း ကျဲပါးလာခဲ့ပြီး ကားလမ်းမြင်ကွင်းက ပိုမို ကြည်လင် ပြက်သားလာခဲ့သလို ညဆိုတာကလည်း ဒီ့ထက် ဆိတ်ငြိမ်လာနေသလိုပင်။ သို့သော် မိမိကားပေါ်မှ တိတ်ဆိတ် ငြိမ်သက်မှုများမှာ ထို့ထက် အဆပြင်းသလို ရှိနေသောကြောင့် ပျင်းပျင်းရိရိ ရှိလာခဲ့သော ဒေါက်တာသည် စကားစလိုက်၏။

"ဒါနဲ့လေ... စကားမဆက်နော်၊ ညီမကို ကျွန်တော် အရင်က တစ်နေရာရာမှာ မြင်ဖူးသလား ဝေခွဲမရ ဖြစ်နေလို့..."

ဒေါက်တာသည် ထိုသို့ ပြောရင်းဖြင့် နောက်ကြည့်မှန်ကတဆင့် အမျိုးသမီးငယ်ထံ အလျင်းသင့်စွာ လှမ်းကြည့်မိလိုက်ပြန်သည်။

ဟုတ်သည်။ ဒေါက်တာသည် ဆွဲဆောင်မှု ရှိသော ထိုအမျိုးသမီးငယ်လေးကို ယခင်က မြင်ခဲ့ဖူးသလို ရှိနေပေ၏။ ဘယ်မှာလဲတော့ တပ်အပ် မပြောတတ်။

အမျိုးသမီးငယ်လေးသည် ထိုအချိန်တွင် မိမိ ကြည့်နေမိသည့် မှန်မှတဆင့် မိမိအား ပြန်ကြည့်လိုက်သောကြောင့် ဒေါက်တာတစ်ယောက် ရှက်ရွံ့သလိုလို ဖြစ်သွားခဲ့၍ သူ၏ အကြည့်အား ကားအရှေ့ဆီသာ ပြန်လွှဲလိုက်ရလေသည်။

"ဟုတ်... အကို့ကို ညီမလည်း မြင်ဖူးသလိုလို ရှိနေလို့ တွေးကြည့်နေတာ အခုတော့ သိပြီ။ အကိုက ဝိုင်းမော်မှာ ဆေးခန်းဖွင့်ထားတဲ့ ဆရာဝန်မဟုတ်လား..."

အမျိုးသမီးငယ်ထံမှ ထင်မှတ်မထားစွာ ထွက်ပေါ်လာခဲ့သော စကားကြောင့် တစ်ချက်မျှ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပြီးနောက် ဒေါက်တာက...

"အဲ... ဘယ်လိုလုပ် သိ။ ဩော်... ညီမက ကိုယ့်ရဲ့ လူနာတစ်ဦး ဖြစ်ဖူးတယ်ထင်တယ်..." ဟု ပြောလိုက်၏။

"အင်း... ပြောရရင်တော့ အဲဒီလိုလည်း မဟုတ်ပါဘူးလေ။ ညီမအမေ ဖျားတော့ တစ်ခေါက် နှစ်ခေါက်လောက် ဆရာတို့ ဆေးခန်းကို လာပြဖူးတယ်။ အဲဒီတုန်းက ညီမက ဆရာ့ကို တွေ့ခဲ့ဖူးတာပေါ့..."

"ဩော်... အဲဒီလိုကိုး။ ကိုယ်က လူနာတွေ မတရားများတော့ အယောက်စေ့ကို မမှတ်မိနိုင်ဘူးလေ။ ဒါနဲ့... ညီမက ဒီအချိန်ကြီး ဘယ်လိုလုပ်ပြီး စောနက ကားတားတဲ့ နေရာကို ရောက်နေတာလဲ..."

စကားပြောရင်း တန်းလန်းက ဒေါက်တာက ထိုသို့ ဖြတ်မေးလိုက်လေလျှင် အမျိုးသမီးငယ်သည် သက်ပြင်းတစ်ချက် လေးလေးတွဲ့တွဲ့ ချလိုက်ပြီး...

"ဩော်၊ ဆရာရယ်... ဒီလိုပါပဲ။ အကြောင်းရှိလို့ပေါ့ရှင်..." ဟူ၍ လေသံတိုးတိုး ညည်းတွားလိုက်သဖြင့် ဒေါက်တာသည် စပ်စုသလို ဖြစ်သွားခဲ့သောကြောင့် အားနာပါးနာ ဖြစ်သွားရ၏။

"ဆောရီးနော် ညီမ။ စပ်စုသလို ဖြစ်သွားလို့..."

ဒေါက်တာက ထိုသို့ တောင်းပန်လိုက်သော်လည်း အနောက်မှ ဘာအသံမျှ ပြန်ထွက်မလာသဖြင့် နောက်ကြည့်မှန်ကတဆင့် ကြည့်လိုက်တော့ အမျိုးသမီးငယ်သည် ကားအပြင်ဘက်သို့သာ ငေးစိုက်ကြည့်ကာ အတွေးလွန်နေသလို ရှိသောကြောင့် ဒေါက်တာလည်း ဘာမျှ ဆက်မပြောဘဲ နေခဲ့လိုက်တော့သည်။

ဤကဲ့သို့ နှစ်ယောက်သား ကားပေါ်တွင် တစ်ဦးနှင့် တစ်ဦး ဘာစကားမျှ မဆက်ဖြစ်ကြတော့ဘဲ သူစိမ်းဆန်ဆန်ဖြင့်သာ ဆိတ်ငြိမ်စွာ နေလာခဲ့ရင်း လမ်းခရီးသည် မြစ်ကြီးနားမြို့နား ချဉ်းကပ်လာခဲ့လေသည်။

"ဟိုးအရှေ့နား ရောက်ရင် ညီမတို့အိမ် ရောက်ပါပြီဆရာ..."

တိတ်ဆိတ်နေရာမှ ရုတ်တရက် ထပြောလိုက်သော အမျိုးသမီးငယ်၏ စကား၌ ဝမ်းသာရိပ်သဲ့သဲ့ ပါဝင်နေသလို ကြေကွဲရိပ်နည်းနည်း စွက်ဖက်နေကြောင်း ဒေါက်တာ့အနေဖြင့် သတိထား မှတ်ချက်ပြုမိရင်း လမ်းမကြီးဘေးနားက (---) စားဖွယ်စုံ ထမင်းဟင်းဆိုင်ဟု ရေးထိုးထားသော ဆိုင်းဘုတ်ကြီးနှင့် ဆိုင်တစ်ဆိုင်အရှေ့နား ကားကို ထိုးရပ်ပေးလိုက်၏။ သို့သော် ဆိုင်မှာ အချိန်ညဥ့်နက်ပြီ ဖြစ်သောကြောင့် ပိတ်သိမ်းထားပြီ ဖြစ်သည်။ ဘေးပတ်ဝန်းကျင်တွင်လည်း လူခြေ တိတ်ဆိတ်လျက်သား ရှိနေ၏။

"ကျေးဇူးတင်လိုက်တာ ဆရာရယ်။ ဆရာ့ကျေးဇူး ဘယ်လို ပြန်ဆပ်ရမလဲကို မသိပါဘူး..."

"ဟာ... ရပါတယ် ညီမရယ်။ လမ်းကြုံ တင်လာရတာ အပန်းမှ မကြီးဘဲကို..."

"တကယ်ပါ ဆရာရယ်။ ဆရာသာ ကားပေါ် မဖိတ်ခေါ်ခဲ့ရင်၊ အိမ်ကို လိုက်ပို့ပေးမယ်လို့ ဆရာ မပြောခဲ့ရင် ညီမ ဒီကို ပြန်လာလို့က ရမှာ မဟုတ်ပါဘူး..."

"ဩော်ကွယ်... ရပါတယ်ဆိုမှ ညီမရယ်။ သူတစ်ဖက်သား ဒုက္ခရောက်နေချိန်များ ကူညီကောင်းပါတယ်။ ဒါနဲ့... ဒီဆိုင်က ညီမတို့ အိမ်ဆိုင်ကလေးပေါ့နော်..."

"ဟုတ်ပါတယ် ဆရာ။ နောက်များ လမ်းကြုံ ဝင်လည်ပါဦးနော်..."

"ကောင်းပါပြီဗျာ... ကိုယ်တော့ ဝင်လည်ဖြစ်ဦးမှာပါ ညီမ..."

"ဟုတ်... သွားခွင့်ပြုပါဦးနော် ဆရာ..."

"ဩော် ညီမရယ်။ ကိုယ့်အိမ်ကိုယ် ပြန်တာများ မဆီမဆိုင် ကိုယ့်ကို ခွင့်ပြုချက်များ တောင်းနေရတယ်လို့။ တကယ်ပါပဲ။ ကဲ၊ သွားစေဗျာ..."

ဒေါက်တာ့၏ သဘောကျစွာ ပြောစကားအဆုံး၌ အမျိုးသမီးငယ်သည် ကားတံခါးဖွင့် ဆင်းကာ သူ၏ ထီးကလေး ကောက်စောင်းလိုက်သည်။ ထို့နောက် ပေါ့ပါး သွက်လက်လှသော ခြေလှမ်းကလေးများဖြင့် သူ၏ ထမင်းဟင်း ရောင်းသည့် အိမ်ဆိုင်ရှိရာဆီ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားလေသည်။

"ညီမ ညီမ... ဟိုလေ၊ ညီမရဲ့ နာမည်လေး တစ်ဆိတ်လောက် သိလို့ ရမလား..."

အမျိုးသမီးငယ်အား ငေးမော ကြည့်ရှုမိနေရာမှ ဒေါက်တာသည် သတိကောက်ရသွားပြီး နာမည် လှမ်းမေးလိုက်ခြင်း ဖြစ်၏။

သူ၏ အမေးစကားအား ကြားသွားပုံဖြင့် အမျိုးသမီးငယ်မှာ နောက်လှည့်ကြည့်ကာ တစ်ချက်မျှ နှစ်လိုဖွယ်ကောင်းလှစွာ ပြုံးပြလိုက်ပြီး...

"ဟုတ်... ညီမနာမည် ဆန်းမိုင်ပါရှင့်..." ဟု ဒေါက်တာ့အား ပြောဆို၍ သူ၏ အိမ်ဆိုင်ရှိရာ လျှောက်လှမ်းသွားလေသည်။

ထို့နောက် ဒေါက်တာ နော်ဆိုင်းလည်း သူ၏ နှုတ်မှ...

"ဩော်... သူကလေးနာမည်က ဆန်းမိုင်တဲ့လား..." ဟု သဘောကျစွာ ရေရွတ်လိုက်ပြီး ထိုနေရာမှ ကားမောင်းကာ ထွက်လာခဲ့တော့၏။

* - * - * - * - * - *

နောက်တစ်နေ့ ညနေတွင် ဒေါက်တာ နော်ဆိုင်းတစ်ယောက် ဆေးခန်းရှိရာ ခပ်စောစောထွက်လာခဲ့ပြီး ညက အမျိုးသမီးငယ်ကို လိုက်ပို့ခဲ့ရာ ထမင်းဆိုင်သို့ လမ်းခုလပ်တွင် ဝင်ရောက်ခဲ့သည်။

ထမင်းဆိုင်အတွင်းသို့ ရောက်သော် ဒေါက်တာက ဆန်းမိုင်ဆိုသူ အမျိုးသမီးငယ် ရှိပါသလားဟု ဆိုင်အတွင်း မေးမြန်းလေရာ မှာယူထားသော ထမင်းဟင်းများ လာချပေးသူ အဒေါ်ကြီးက သူသည် ဆန်းမိုင်၏ မိခင်ဖြစ်ကြောင်း ဆိုပြီး တအံ့တဩ အမူအယာဖြင့် ဒေါက်တာ့အား မြင်ဖူးသလိုလို ရှိပုံဖြင့် အကဲခတ်နေလေသည်။ ထိုအခါ ဒေါက်တာသည် မိမိမှာ ဝိုင်းမော်ဆေးခန်းမှ ဆရာဝန်ဖြစ်ကြောင်း ပြောလိုက်တော့မှ အဆိုပါအဒေါ်ကြီးမှာ သူ့အား ပြန်လည် သတိရသွားပြီးနောက် ဆန်းမိုင်အား အဘယ်ကြောင့် မေးရပါသနည်းဟု ဆိုလေလျှင် ညက ဖြစ်ပျက်ခဲ့သမျှအား ပြန်ပြောင်း ပြောပြလိုက်၏။

ဤသို့ ဆိုလိုက်သောအခါ အဒေါ်ကြီးသည် တဒင်္ဂမျှ ကျောက်ရုပ်ပမာ တည်ငြိမ်သွားပြီးနောက်တွင် မျက်ရည်များ ဝဲတက်လာကာ ထိုမှတဆင့် ရှိုက်ကြီးတငင် ငိုကြွေးချေတော့၏။ ထို့ကြောင့် နားမလည်နိုင်စွာ ဖြစ်သွားသော ဒေါက်တာက အကြောင်းအကျိုးအား မေးမြန်းကြည့်လိုက်တော့ ဆန်းမိုင်သည် လွန်ခဲ့သော သုံးပတ်ခန့်က ဒေါက်တာနှင့် ညတုန်းက ဆုံတွေ့ခဲ့သည်ဟူသည့် နေရာတွင် မတော်တဆ ဆိုင်ကယ်မှောက်ကာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း ဖွင့်ဟ ပြောဆိုလာသောအခါ ဒေါက်တာတစ်ယောက် ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်သွားရပါတော့သည်။

ပြီးနောက် ဆိုင်အတွင်းရှိ နံရံတစ်နေရာတွင် ချိတ်ဆွဲထားသော ဆန်းမိုင်ဆိုသည့် အမျိုးသမီးငယ်၏ ရုပ်ပုံဘောင်ကို ထပ်မံ တွေ့မြင်လိုက်ရချိန်တွင် ဒေါက်တာ နော်ဆိုင်း၏ နှလုံးသားထဲ အမည်မဖော်ပြနိုင်သော ခံစားချက်များအပြင် ညက တွေ့မြင်ခဲ့ရသော မိန်းမလှလေး၏ ပုံရိပ်များ၊ နားနှင့်ဆက်ဆက် ကြားခဲ့ရသည့် စကားသံလေးများမှာ သူ၏ အတွေးကွန်ရက်များအတွင်း အဆုံးမဲ့စွာ ပဲ့တင့်ရိုက်ခတ်နေလေတော့သည်။

ဇော်မင်းအောင်
23.July.2019at 05:35AM

#Photo_from_Internet

(ဒီဇာတ်လမ်းလေးကို အစက အရင်ဦးဆုံး ဝန်ဇင်းမှာ တင်မလို့ပေမယ့် အကောင့်ထဲက လူတွေကို ဦးဦးဖျားဖျား ဖတ်စေချင်တဲ့ စေတနာနဲ့ ရေးရေးပြီးချင်း တင်ပေးလိုက်ပါတယ်နော်။ 😊😊😊)
Credit

Comments

Popular Posts