“ တစ်ပတ်နွမ်း ”

“ တစ်ပတ်နွမ်း ”

ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ”
( စ - ဆုံး )


 နယ်ကနေ တက်လာပြီး ရန်ကုန်လိုမြို့ကြီးပြကြီးမှာ
တစ်ယောက်တည်းနေနေရတဲ့ဘ၀က အဆင်ပြေသလိုလိုတော့ရှိသား… ၊
တစ်ချို့ ဘ၀တူသူငယ်ချင်းတွေက ကျောင်းတောင်ပုံမှန်မတက်တော့ဘူး
အပေါင်းအသင်းတွေနဲ့ သောက်လိုက်စားလိုက်ပျော်ပါးလိုက်ပေါ့
ရန်ကုန်ဆိုတာ ငွေရှိရင် နိဗ္ဗာန်ဘုံထက်တောင် နေလို့ကောင်းသဗျ …. ၊
ကျွန်တော်တို့လို မပြည့်စုံတဲ့မိသားစုကကြီးလာတဲ့သူတွေအတွက်တော့
ရန်ကုန်ဆိုတာ နေရာတိုင်းမှာ ငွေကုန်စရာတွေချည်း ပြည့်နေတဲ့နေရာပဲ ၊

 ဒီနှစ်က ကျွန်တော့်လို Geography ကျောင်းသားတစ်ယောက်အတွက်
နောက်ဆုံးနှစ်ပဲလေ ၊ ဒီနှစ်စာမေးပွဲလေးအောင်သွားတယ်ဆိုရင်ကိုပဲ
ကျွန်တော့်အဖို့ နယ်မြို့လေးကို ပြန်ပြီး မိဘတွေကို ကူညီရတော့မယ်… ၊
ရန်ကုန်ရောက်မှ ခင်မင်ခဲ့ရတဲ့ တစ်ခြားသူငယ်ချင်းတွေကတော့
စာမေးပွဲအောင်ရမှာကို ကြောက်နေကြသလိုပဲ… ၊
ဒါလည်းမပြောနဲ့လေ…သူတို့တွေ ကျောင်းမပြီးမချင်း
သူတို့အိမ်တွေကနေ ကျောင်းစရိတ်ဆိုပြီး ရနေတဲ့ ငွေတွေ ၊
ကြားပေါက် ကျောင်းက ဟိုဟာကြေး ၊ ဒီဟာကြေး ၊
အဆောင်ခ ၊ ၀တ်စုံဖိုး ၊ အလှူငွေ…စသဖြင့် လိမ်ညာတောင်းနေတဲ့
ငွေတွေနဲ့ သူတို့တွေဘ၀က လက်ဖျားကို ငွေသီးနေရော့ပဲ…. ၊
အေးပေါ့လေ ပြည့်စုံတဲ့သူတွေအတွက်ကတော့ ကျောင်းပြီးမှာကို
ကြောက်နေကြတယ် ၊ ကျွန်တော်တို့လို ချို့တဲ့တဲ့ မိသားစုလေးက
မွေးလာသူတစ်ယောက်အတွက်တော့ ကျောင်းကိုမြန်မြန်ပြီးချင်နေပြီ
ကျောင်းတစ်နှစ်တစ်နှစ်တက်ရတဲ့ စရိတ်က မနည်းဘူးရယ်… ၊
စာမေးပွဲကျသွားရင်လည်း အိမ်က နောက်တစ်နှစ်ဆက်ထားနိုင်မှာမဟုတ်ရှာဘူး ၊
မွေးချင်းကတစ်ယောက်တည်းမဟုတ်ပြန်တော့ အငယ်လေးတွေကိုလည်းညှာရဦးမယ် ၊
ဒါ့ကြောင့် ကျွန်တော်စာကြီးစားရင်းနဲ့ ကျောင်းမှာ စာအတော်ဆုံးလူစာရင်းတောင်
ဝင်လာခဲ့ပြီ… ၊ ကျွန်တော့်အတွက် အပိုသုံးငွေမရှိလောက်အောင်
ချွေတာဖြစ်တယ် ၊ သူငယ်ချင်းတွေ လဖက်ရည်ဆိုင်အပျင်းပြေထိုင်ရင်တောင်
ကျွန်တော် လိုက်မထိုင်ဖြစ်ဘူး ၊ အ၀တ်အစားဆိုလည်း ရှိတဲ့ ၃..၄..စုံလေးနဲ့ပဲ
သပ်သပ်ရပ်ရပ်လေး ၀တ်ဖြစ်တယ် ၊ အသုံးစရိတ်ဆိုလို
အဆောင်နေထိုင်ကြေး ၊ အစားအသောက် ၊ အခြားအသေးစားကိစ္စလေးတွေအတွက်ပဲ
ရှိတယ်ဗျ …. ၊ သူငယ်ချင်းတစ်ချို့က ကျွန်တော့်ကို ဦးကပ်စေးလို့ စနောက်တတ်ကြတယ် ၊
ဒီလိုစနောက်ကြတာကိုလည်း ကျွန်တော် စိတ်မဆိုးပါဘူးလေ…
သူတို့လိုအဆင်ပြေတဲ့သူတွေရယ်စရာကောင်းတဲ့စကားလေးတစ်ခွန်း
ကျွန်တော် ပြောလိုက်ဦးမယ် ကျွန်တော်က ကပ်စေးနည်းတာမဟုတ်ဘူးဗျ…၊
ချွေတာတာ…. ။

 “ ဝေ့ ချိဖ ဦးကပ်စေး…အဲလေ….ညိုသစ် ”

 “ ဟား… ဘာလဲ ချိဖ ကြီး ငြိမ်းကျော် ရ ”

 “ မင်း ဟိုကောင်တွေ လဖက်ရည်ဆိုင်မှာ
ဘောလုံးပွဲသွားကြည့်တာ မလိုက်သွားဘူးလားကွ
ဒီည ပွဲကောင်းတယ်နော် အသင်းကြီးနှစ်သင်းထိပ်တိုက်ဟ ”

 “ တော်ပါပြီ ငြိမ်းကျော်ရာ ငါဒီမှာ စာအုပ်လေးတစ်အုပ်
ကျောင်းစာကြည့်တိုက်က ငှားထားတာလေးပဲ ထိုင်ဖတ်တော့မယ်
ဒီကောင်လေးက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ကွ ”

 “ နေစမ်းပါ ညိုသစ် ရာ မင်းအကြောင်း မသိရင်ခတ်မယ်
ငါမေ့သွားတယ် တစ်သက်နဲ့တစ်ကိုယ် လဖက်ရည်ဆိုင်တစ်ခါမှ
မလိုက်တဲ့ ဦးကပ်စေးကိုမှ ငါက လာပင့်နေမိတယ်…ကဲပါငါ့ကောင်ရာ
လိုက်ခဲ့စမ်းပါ ငါတိုက်ပါမယ် ”

 “ မလိုက်တော့ပါဘူးကွာ ငါဒီစာအုပ်လေးဖတ်ပြီး
စောစောအိပ်မလို့ကွာ..ကျေးဇူးတင်ပါတယ် သူငယ်ချင်းရာ…
မင်းပဲ သွားအားပေးလိုက်တော့ ”

 “ အေးပါအေးပါ ခေါ်မရလည်းနေခဲ့ပေါ့
အဆောင်မှာ မင်းတစ်ယောက်တည်းကျန်ခဲ့တာနော်…
ဘာမှအားမငယ်နဲ့သိလည်း ဒီအဆောင်က နာမည်ကြီးပဲ
သရဲခြောက်တယ်တဲ့ ဟီးဟီး ”

 “ သေချင်းစိုးလေး…ငါက ကြောက်တတ်တယ်ထင်လို့လား
ဟား…ဟား…အေးပါအေးပါ မင်းသာလမ်းမှာ သတိထားသွားစမ်းပါ
သရဲမ အနောက်က လိုက်လာဦးမယ် ဟား…. ”

 ငြိမ်းကျော်တစ်ယောက် ကျွန်တော့်ကို ဆဲဆိုပြီး
ဆောင့်ကြီးအောင့်ကြီးနဲ့ ထွက်သွားလေရဲ့…. ၊
ပြောလို့ပြောတာမဟုတ်ဘူး…ခါတိုင်းဆို
အဆောင်မှာက တစ်ယောက် နှစ်ယောက်က အမြဲကျန်ခဲ့သေးတယ်
အခုတစ်ခေါက်က ကျွန်တော် တစ်ယောက်တည်းရယ်… ၊
ကြောက်တယ်လို့လည်းမဟုတ်ဘူး ၊ တစ်ယောက်တည်းဆိုတော့
စိတ်ထဲ ခြောက်ခြားမိသလိုပဲ… ၊ ဒီကြားထဲ ဟိုကောင်
မျိုးမစစ်လေးက ဆိုက်ကိုတွေ သွင်းသွားသေးတယ်…. ၊

 “ ချွတ်ချွတ်ချွတ် ”

 “ ဟင် ”

 “ ရှပ်ရှပ်ရှပ် ”

 “ ဟာ… ဒုက္ခပါပဲကွာ…
သောက်ကျိုးတွေတော့ နည်းကန်ုပါပြီ
ဟိုကောင်က ခြောက်လန့်သွားတာတစ်မျိုး ၊
အဆောက်တစ်ခုလုံး ငါတစ်ယောက်တည်းရှိမှ
အနောက်က အသံကြားနေရတယ်ဆိုတော့..၊
ကြောင်တွေဘာတွေဖြစ်မှာပါလေ…. ”

 “ ဝေါ…… ”

 “ ဒ..ဒ..ဒါ…..ဒါ… ဘာအသံလည်း
ရေချိုးခန်းထဲက ရေကျသံတွေပဲ…
သြော် ရေပိုက်ခေါင်း ပွင့်သြွးတာဖြစ်မှာပါ
ဒုက္ခပါပဲကွာ…မတတ်နိုင်ဘူးလေ…
ငါတစ်ယောက်ရှိတာ မတော် ရေလျှံနေရင်ခတ်မယ်
သွားပိတ်လိုက်ပါမယ် ”


 တစ်ယောက်တည်းကလည်းတစ်ယောက်တည်း
စိတ်ထဲ မသိမသာကြောက်စိတ်လေးဝင်မိတာကလွဲရင်
အားလုံးအဆင်ပြေပါတယ်… ၊ အနောက်ဖေးမှာ တစ်စုံတစ်ယောက်နဲ့
ထိပ်တိုက်မတွေ့ဖို့တော့ ကျွန်တော် အတော်လေးမျှော်လင့်မိပါတယ် ၊
ဟိုကြည့်ဒီကြည့်နဲ့ပဲ ကျွန်တော် အနောက်ဖေးကိုရောက်လာခဲ့တယ်
ရေချိုးခန်းထဲ မရဲတရဲလှမ်းကြည့်လိုက်တော့ ဘယ်သူမှမရှိဘူး
ရေဘုံဘိုင်ခေါင်းကြီးက ဖွင့်လျက်သားကြီး ၊ ကျွန်တော်စဉ်းစားမိတယ်
“ ဘယ်သူမှ အားအားယားယား ဖွင့်သွားမှာမဟုတ်ဘူးလေ.. ၊
နောက်ပြီး ရေဖွင့်သံက အခုမှကြားလိုက်ရတာ… ၊
ထားပါတော့လေ…ချောက်ချားစရာတွေ တွေးမနေတော့ပါဘူး ၊
အား ကျွတ်ကျွတ်ကျွတ် ဗိုက်ကလည်းကွာ အချိန်အခါမဟုတ်
ဒီအချိန်ကြီးမှ ရွေးပြီးနာရတယ်လို့…. ”

 ကိစ္စကအရေးကြီးနေတော့
ကြောက်စိတ်ကိုနောက်ထား…ကိစ္စအရင်ရှင်းဖို့
အိမ်တစ်အိမ်ကိုသာယာစေတဲ့နေရာလေးထဲ
ကျွန်တော်ဝင်လိုက်မိတယ်… ၊ အဆောင်မှာက
ဘိုလ်ထိုင်အိမ်သာလေး သေချာလုပ်ပေးထားတယ်
နောက်ပြီး တံခါးက အပြည့်တော့မဟုတ်ဘူးဗျ…. ၊
အပေါ်ကအပြည့် အောက်ဘက်က ဒူးဆစ်ရိုးမြင်ရလောက်တဲ့အထိ
လွှတ်ထားတယ်… ၊ အကြောင်းက ကျောင်းသားတွေ
အဆောင်မှာ ဆေးခိုးမချရအောင် လုပ်ထားတဲ့သဘောပဲ ၊
ကျွန်တော်လည်း တစ်ခါတည်းနေရာယူပြီး ကျွန်တော့်ကိစ္စကို
ဖြေရှင်းနေတုန်း အပြင်ဘက်က အသံတစ်ခုကြားလိုက်ရတယ်
ကျွန်တော်မဖြစ်ချင်တာတွေကိုစတင်စေမယ့်အသံလားတော့
ကျွန်တော် သေချာမသိဘူး…. ၊

 “ ရှပ်ရှပ်ရှပ် ရှပ်ရှပ်ရှပ် ”

 တစ်ယောက်ယောက် မီးဖိုခန်းထဲကအိမ်သာနားမှာ
လမ်းလျှောက်နေတယ်ဆိုတာကတော့ လုံးဝသေချာနေပြီ….
အဆောင်တစ်ခုလုံးမှာကလည်း ကျွန်တော်တစ်ယောက်တည်းရယ်
အပြင်ဘက်က ဘောလုံးပွဲသွားကြည့်တဲ့ကောင်တွေထွက်သွားတာလည်း
မကြာသေးဘူး… ၊ ဘောလုံးပွဲ ပထမပိုင်းတောင်ပြီးဦးမှာမဟုတ်ဘူး… ၊
ခြံတံခါးက တံခါးဖွင့်သံလည်းမကြားမိပါဘူး… ၊ ဒါဆို ပိုနေတဲ့သူက
ဘယ်သူလည်း…. ၊ ကျွန်တော့်အတွေးတွေမဆုံးခင်မှာပဲ
ခြေသံတွေက တဖြည်းဖြည်း ကျွန်တော့် အိမ်သာရှေ့နားကို
ဦးတည်လာတော့တယ်… ၊

 “ ရှပ်ရှပ်ရှပ် ရှပ်ရှပ်ရှပ် ”

 “ ဘယ်သူလဲ…..ငြိမ်းကျော်လား…
ဘယ်သူလဲဟေ့….ချစ်ထွန်းတို့လား…
မစကြနဲ့ကွာ..ဘယ်သူလဲ..ဘ..ဘ..ဘယ်… ”

 ကျွန်တော့်စကားမေကိုတစ်ဖက်ကပြန်မဖြေနဲ့အပြင်
ကျွန်တော့်စကားသံတွေကို ဆွံ့အသွားစေမယ့် မြင်ကွင်းမျိုးကို
ကျွန်တော် မြင်လိုက်ရတော့တယ်… ၊
ကျွန်တော့်အိမ်သာတံခါးရှေ့မှာ တစ်ယောက်ယောက်လာရပ်နေတယ် ၊
သူ့ရဲ့ခြေထောက်တွေကို ကျွန်တော်အတိုင်းသားမြင်နေရတယ်… ၊
သွေးအလူးလူး ဖုံအလူးလူးနဲ့ ဘယ်ဘက်ခြေထောက်က အရိုးကြီးအပြင်ကို
ငေါ့ထွက်နေတယ် ၊ ဖိနပ်တစ်ဖက်မရှိတဲ့သူတစ်ယောက် ..
နောက်တစ်ဖက်က ခြေညှပ်ဖိနပ်လေးနဲ့… ၊ တစ်ပြိုင်တည်းဆိုသလို
အပုတ်နံ့ဆိုးဆိုးကြီးတစ်ခုက ကျွန်တော့်နှာခေါင်းထဲကို တိုးဝင်လာခဲ့တယ် ၊
ကြောက်စိတ်က စိုးမိုးအနိုင်ယူသွားတဲ့ ကျွန်တော့် ခန္ဓာကိုယ်ကြီး
ကြက်သေသေနေရင်း အောက်ဘက် ကျွန်တော်မြင်နေရတဲ့ အပေါက်ကိုပဲ
အားစိုက်ကြည့်နေမိတယ်… ၊ အခန်းအပြင်က တစ်စုံတစ်ရာနဲ့ ကျွန်တော့်ကြားမှာ
တံခါးလေးတစ်ဝက်ပဲ ခြားနေတယ်လေ… ၊ ကျွန်တော်လည်း အော်ဟစ်ဖို့ ၊
ဘုရားစာရွတ်ဖို့ တကယ်မေ့နေခဲ့တယ် …. ပြောရင်းဆိုရင်း ကျွန်တော့်ရှေ့နားကမြင်နေရတဲ့
ခြေထောက်တွေက ဘေးဘက်ကိုနည်းနည်းယိုင်ယိုင်သွားပြီး မကြာခင်မှာ
ဆိုးရွားတဲ့ မျက်နာကြီးတစ်ခုနဲ့အတူ အရိုးအပြုင်းပြိုင်းသွေးအလိမ့်လိမ့်ဖြစ်နေတဲ့
လက်ကြီးနှစ်ဖက်က ကျွန်တော့်ခြေထောက်နှစ်ဖက်ကို စုံကိုင်လိုက်တဲ့အခါ
အေးစက်မှုကြီးကကြီးစိုးလို့ ကြောက်စိတ်တွေအဆုံးအစွန်ရောက်ပြီး
ကျွန်တော် အော်ဟစ်မိလိုက်တယ် ….. ။

 “ အား…………….!!!!!!! ”

“ ဟေ့ယောင် ဟေ့ယောင် ညိုသစ် ညိုသစ်
သတိထားဦးလေ…. ဟာ..ဒီကောင်
ကိုယ်တွေလည်းပူနေတယ်…
အဖျားတတ်ပြီး ကယောင်ကတမ်းတွေ
ထအော်တာဖြစ်မယ် ဒီကောင့်ကိုဆေးခန်းထမ်းပို့မှဖြစ်မယ်
မျက်စိလည်းပွင့်မလာဘူး… နှိုးလည်းမရဖြစ်နေတယ်
ဟေ့ကောင်တွေ Taxi သွားခေါ်ခဲ့ကြ ”


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 “ တီတီ…တီတီ…တီတီ ”

 နှိုးစက်အလန်းမြည်လို့ ကျွန်တော်လန့်နိုးလာခဲ့တယ်
နိုးနိုးချင်း နှိုးစက်လေးကို အသံကောက်ပိတ်လိုက်တယ်… ၊
ခေါင်းထဲမှာ တော်တော်ကိုက်နေတယ်

 “ ကျွတ် ကျွတ် ကျွတ် ”

 ကျွန်တော် ဘယ်ရောက်နေမှန်းသေချာမသိဘူး ၊
ပတ်ဝန်းကျင်မှာလည်း ကုတင်ဖြူဖြူလေးတွေ ၊ အိပ်ယာခင်းဖြူဖြူလေးတွေနဲ့
ကိုယ်စီကိုယ်စီအိပ်နေကြတဲ့ လူနာတွေကိုတွေ့နေရတယ် ၊ ကျွန်တော်လမ်းထိပ်က
အထူးကုဆေးခန်းကြီးမှာရောက်နေတာပဲ….. ကျွန်တော့်ဘေးနားမှာလည်း
ငြိမ်းကျော် အိပ်နေလိုက်တာများ ဟောက်တောင်ဟောက်နေပြီ…. ၊
ဂျူတီကျဆရာမလေးတွေလည်း ငိုက်နေကြတယ် ၊ ဘာဖြစ်လို့ဆေးခန်းရောက်နေတယ်မှန်းလည်း
ကျွန်တော်သေချာမသိဘူး ၊ နှာခေါင်းထဲမှာရနေတဲ့ ပိုးသက်ဆေးနံ့ကတော့
လူကိုပိုပြီးမအီမသာဖြစ်သွားစေတယ် ၊ နံရံမှာချိတ်ထားတဲ့နာရီကိုကြည့်လိုက်တော့
တစ်ချက်ထိုးနေပြီ … ၊ ဟုတ်သားပဲ ကျွန်တော့်ဖုန်းကိုကျွန်တော်
ညတစ်နာရီမှာ ဘယ်တုန်းကမှ အလန်းမပေးခဲ့ဖူးပါဘူး… ၊ အခုဘာလို့
ဖုန်းကအလန်းထမြည်နေတာလည်း… ၊ ကျွန်တော်ကရော ဒီကိုတွေဖြစ်ပြီး
ရောက်နေပြန်တာလည်း…. ၊ ငါးထပ်ရှိတဲ့ ဒီဆေးခန်းကြီးထဲက
မြေညီထပ်က အရေးပေါ်မှာ ကျွန်တော်ရောက်နေတယ် ၊
လက်ရှိ ကျွန်တော့်ကုတင်ကနေ လှမ်းကြည့်မယ်ဆို
အပြင်ဘက်ဝင်ပေါက်ဆီကို တန်းမြင်နေရတယ် ၊
အပြင်ဘက်မှာလည်း မှောင်မဲပြီးတော့ လမ်းမကျယ်ကြီးမှာ
ကားတစ်စီးတစ်လေတောင်တစ်ခါတစ်ခါမှ ဖြတ်သွားတာကို
သတိထားမိတယ်… ၊ ဆေးခန်းအပေါက်ဝမှာလည်း ကုတ်ချောင်းချောင်းနဲ့
လူတစ်ယောက် ကျွန်တော့်ကို လှမ်းလှမ်းကြည့်နေတာကို သတိထားမိတယ် ၊
ဒီလူကအစာင့်ဝတ်စုံနဲ့လူလည်းမဟုတ် ၊ အနီးအနားက တက်စီ သမားတွေနဲ့လည်း
မတူ… ၊ အားလုံးအိပ်စက်နေတုန်းကြီး ဆေးခန်းအ၀ကနေ ကျွန်တော့်ကိုပဲ
စူးစိုက်ကြည့်နေတယ် ၊ လူပုံစံက နည်းနည်းအဝေးကကြည့်ရတာမို့ထင်တယ်
သိပ်မသဲကွဲဘူး… ၊ ကြာလာတော့ ကျွန်တော်လည်းကြက်သီးတွေထလာပြီး
မျက်နာလွဲထားလိုက်တယ် ၊ မျက်နာလွဲပြီးတစ်ချက်ပြန်ကြည့်တော့
အဲ့ဒီ့လူကကျွန်တော့်ကိုလှမ်းကြည့်နေတုန်းပဲ… ၊ နောက်ဆုံးပိုပိုကြောက်လာမိတော့
အသာအယာလေး မျက်စိမှိပြီးအိပ်ချင်ယောင်ဆောင်နေလိုက်တယ် ၊
တစ်ချိန်တည်းဆိုသလိုပဲ တစ်ယောက်ယောက် ကျွန်တော့် ပေါင်ကို
လာပုတ်နေတာကိုခံစားလိုက်ရတယ် ၊ ချက်ချင်းဆိုသလို
ကျွန်တော်မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျွန်တော့်ကို ပုတ်ပြီးနှိုးနေတဲ့သူက
မျက်နာမှာ ဒဏ်ရာတွေ ၊ သွေးတွေနဲ့ ဗိုက်က အူတန်းလန်းကြီးထွက်လို့
စုတ်ပျက်သတ်နေတဲ့ပုံစံကြီးနဲ့လူရုပ်တောင်မပေါ်တဲ့သူကြီးဖြစ်နေတယ် ၊
ကျွန်တော်ရင်ဆိုင်နေရတာလူတစ်ယောက်လုံးဝမဟုတ်ဘူးဆိုတာကို
အပုတ်နံ့လေးကအချက်ပေးနေတယ်လေ… ၊
မျက်လုံးပြူးမျက်စံပြူးနဲ့ ကျွန်တော် မောဟိုက်နေရင်း
ခြေတုန်လက်တုန်ဖြစ်လို့ အကြောက်လွန်နေတုန်း
အဲ့လူက သူ့ရဲ့ သွေးအလိမ့်လိမ့်နဲ့ အကျီ င်္ကိုပုတ်ပြတယ်… ၊
ပြီးတော့ ကျွန်တော့်ကို လက်ညှိုးတစ်ချက်ထိုးပြလိုက်
သူ့အကျီ င်္ကို ပုတ်ပြလိုက်လုပ်နေတယ် ၊ အဲ့ဒါကိုပဲ အကြိမ်ကြိမ်လုပ်ပြနေပေမယ့်
ဒီလူကြီး ငါ့အပေါ်ခုန်အုပ်လိုက်မယ်ဆိုရင် ဆိုတဲ့စိတ်နဲ့ ကျွန်တော့်ဘေးမှာသူရပ်နေတယ်ဆိုတဲ့
အသိတွေက ကျွန်တော့်ကို ရူးသွပ်သွားစေလောက်တယ်…. ၊

 အကြောက်လွန်နေရင်းကပဲ ဘေးကသူငယ်ချင်းကို
ပုတ်ပြီးနှိုးလိုက်တယ် ၊

 “ ညိုသစ် …မင်းသတိရပြီလား…ဟာတော်သေးတာပေါ့… ”

 ငြိမ်းကျော်စကားကို  ကျွန်တော်ပြန်မဖြေနိုင်သေးဘူး
တစ်ဖက်က လူကြီးကို ကျွန်တော် စိုက်ကြည့်နေရင်း လက်ညိုးထိုးပြလိုက်ပေမယ့်
ငြိမ်းကျော်က

 “ ဟင်…မင်း ငါ့ကိုဘာပြနေတာလဲ
အပေါ့သွားချင်လို့လားသူငယ်ချင်း ” တဲ့လေ..

 ကျွန်တော်လည်း ကြောက်နေရင်းကနေ မထူးပါဘူးလေဆိုပြီး
ငြိမ်းကျော်ဘက်ကိုလှည့်လိုက်ရင်း

 “ ငြိမ်းကျော် ငါ့ကိုကယ်ပါဦးကွာ….ငါ့ဘေးကသူကို
မင်းတွေ့လား…ဒီလူ… ”

 ပြောနေရင်းက ဘေးနားက သွေးအလိမ့်လိမ့်နဲ့ ဗိုက်ထဲက အူတွေထွက်နေတဲ့သူဘက်
ပြန်လှည့်လိုက်တော့ အဲ့ဒီ့လူက ပျောက်ချင်းမလှပျောက်သွားပါလေရော့…. ၊
ငြိမ်းကျော်တစ်ယောက်ကတော့ ကျွန်တော့်ကို နားမလည်ခြင်းမျက်ဝန်းတွေနဲ့ကြည့်လို့ပေါ့ ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 “ ညိုသစ် မင်းအဆောင်က မင်းအခန်းကိုညက အပြင်လူခေါ်လာသေးလား ”

 အဆောင်မှူးရဲ့ ထူးထူးဆန်းဆန်းစကားကြောင့် ကျွန်တော်ရင်တွေပိုမောသွားမိတယ် ၊

 “ မ..မ…မခေါ်မိပါဘူး…အဆောင်မှူးခင်ဗျ…ဘာဖြစ်လို့လဲမသိဘူး ”

 “ မနေ့က မင်းအခန်းထဲကို လူတစ်ယောက်ဝင်သွားတာမြင်လိုက်လို့မေးတာပါ ၊
မင်းမခေါ်ဘူးဆိုလည်း ငါယုံပေးလိုက်မယ် ၊ တစ်ခုပဲ အဆောင်မှာ ဘာပျောက်ညာပျောက်ဆိုရင်တော့
မင်းရှင်းရပြီသာမှတ်….ဟင်း… ”

 ပြောချင်ရာပြောပြီးတော့ ချာကနဲ လှည့်ထွက်သွားတဲ့
အဆောင်မှူးကို ကျွန်တော် အလိုက်ကန်းဆိုးမသိ လှမ်းအော်လိုက်သေးတယ် ၊

 “ ခင်ဗျာ…အဆောင်မှူး…အဆောင်မှူး…
ကျွန်တော်တစ်ယောက်တည်းနေတာပါ…လူပိုတစ်ခါမှ
မခေါ်ဖူးပါဘူး.. ဟာကွာ…ပြသနာပဲ ”

 “ ဟေ့ယောင် ညိုသစ် မင်းဘာတွေဖြစ်နေတာလဲ
ဒီရက်ပိုင်းမင်းကြည့်ရတာ မလန်းဘူး.. ၊ ငါထင်တယ်
ဟိုတစ်ခါ မင်းအဖျားကြီးပြီး နှိုးမရတော့လို့
ငါတို့တွေ ဆေးခန်းဝိုင်းပို့လိုက်ပြီးကတည်းက
မင်းအမူအယာတွေပြောင်းနေတာနော်…. ”

 “ အေးကွာ..မင်းတို့ပြောတာလည်းအမှန်ပဲ
ငါ့မှာလည်း အခုရက်ပိုင်း စာလည်းမကျက်နိုင်
ဇဝေဇ၀ါတွေဖြစ်လိုဖြစ်…အိပ်မက်တွေလည်း
ညတိုင်းလိုလို သရဲနဲ့ပဲတွေ့တွေ့နေတယ် ၊
သရဲကလည်း ဒီတစ်ယောက်တည်းကွ
အဲ့တစ်ခုတော့တိုက်ဆိုင်တယ်…. ”

 “ အေး…မင်းပြောတာကြီးကထူးဆန်းလိုက်တာ ”

 “ အဲ့ထက်ထူးဆန်းတာတွေပြောပြရမလား…
မင်းတို့တွေ အကုန် ဘောလုံးပွဲသွားကြည့်တဲ့ညက
ငါတစ်ယောက်တည်းအဆောင်မှာ သရဲအခြောက်ခံလိုက်ရသေးတယ်
အဲ့ညပြီးတော့ ငါ ဆက်တိုက်ပဲ အိပ်မက်ထဲမှာ အဲ့ဒီ့တုန်းက
ရေအိမ်ဝင်နေတုန်းအခြောက်ခံလိုက်ရတဲ့ အဖြစ်ကို
ခဏခဏပြန်အိပ်မက်နေတယ် … ၊ တလောက ငါဖျားလို့
အရေးပေါ်ရောက်တုန်းကလည်း အဲ့သရဲကလိုက်လာတယ် ၊
အခုလည်း အဆောင်မှူးက ငါ့အခန်းထဲ လူတစ်ယောက် အ၀င်အထွက်လုပ်နေတာ
တွေ့တယ်တဲ့..ငါ့အခန်းငါသော့ခတ်ထားတာလေ…
အခုက လူတစ်ယောက်ဝင်လိုက်ထွက်လိုက်လုပ်နေတယ်ပြောတော့
ဘယ်သူများလဲဆိုတာ တွေးရင်းနဲ့ပိုပြီးကြောက်လာတယ်… ၊
နောက်ပိုင်းအိပ်မက်တွေမှာလည်း အဲ့ဒီ သရဲပဲလိုက်နှောက်ယှက်နေတာ ၊
ငါညဆို အိပ်ရမှာတောင်ကြောက်တတ်နေပြီဟ…. ”

 “ ဟင်…မင်းသရဲခြောက်ခံရတာလည်း အပိုင်းဆက်တွေနဲ့ပါလား.. ၊
ထူးဆန်းလိုက်တာ…ငါတို့လည်းမင်းနဲ့အတူ ၀ိုင်းဖြေရှင်းပေးသွားမှာပါ ၊
မင်းတစ်ယောက်တည်းစိတ်ညစ်မနေနဲ့ဦး ၊ အခုမင်းပြောပုံအရဆိုရင်တော့
သရဲကတစ်ယောက်တည်း တွေ့တိုင်းလည်း မင်းကိုလက်ညှိုးထိုးပြတယ်
သူ့အကျီ င်္ကို သူပုတ်ပြနေတယ်ဆိုတော့ ၊ လုပ်စမ်းဦး ကိုချမ်းပြည့် ”

ငြိမ်းကျော်စကားကြောင့် ဖြတ်ထိုးဥာဏ်ကောင်းတဲ့ ချမ်းပြည့်က ဆက်ပြောတယ်

 “ ဒါဆို ညိုသစ်….မင်းနဲက မင်းကိုနှောက်ယှက်နေတဲ့သရဲကြားမှာ
တစ်ခုခုတော့ပတ်သတ်မှုရှိရမယ် ၊ သူကတွေ့တိုင်းအကျီ င်္ပုတ်ပြနေတာဆိုတော့
မင်းဒီရက်ပိုင်း အကျီ င်္နဲ့ပတ်သတ်ပြီးဘာတွေလုပ်ထားတာရှိသေးလည်း ”

 “ အကျီ င်္ ….မရှိပါဘူး…အဲ…နေဦးကွ
တစ်ခုတော့ရှိတယ်…ငါတလောက ငြမ်းကျော်နဲ့အတူ
ဘေထုပ်တန်းတွေက အ၀တ်အစားတွေသွားဝယ်ဖြစ်သေးတယ်
မင်းတို့လည်းသိပါတယ် ငါက ငွေချွေတာတတ်တော့
အပိုသုံးမကုန်ချင်တာနဲ့ ဒီကောင် ငြိမ်းကျော်ကိုမေးလိုက်တာ
ငြိမ်းကျော်က သူဝယ်နေကျ ပေါ့ပေါ့ပါးပါးလည်းဖြစ်
အိမ်မှာနေရင်းအဆောင်နေရင်း အကြမ်းချဝတ်လို့ရတဲ့
အပေါစားအ၀တ်အစားဆိုင်တွေရှိတယ်ဆိုပြီး ခေါ်သွားလိုက်တာ ၊
အဲ့ဈေးရောက်တော့ ငါတို့နှစ်ယောက်သား ၀ယ်ဖြစ်ကြတယ်
ငါကတော့ တစ်ပတ်နွမ်းအကျီ လေးတစ်ထည်ပဲ ၀ယ်လာဖြစ်တယ် ”

 “ ဒါဆို အဲ့ဒီ့အကျီ င်္ရော…. ”

 “ ရှိတယ်လေ ငါ့အခန်းထဲမှာ…. ”

 “ ဟာ..ပြသနာပဲ ငါထင်တာမှန်နေပြီနဲ့တူတယ် ”

 ချမ်းပြည့်စကားကြောင့် ကျွန်တော်တို့အားလုံးသွေးပျက်သွားကြတယ် ၊
တစ်ဆက်တည်းဆိုသလို ကျွန်တော်တို့တွေ ကျွန်တော့်အခန်းဆီကို
အပြေးသွားကြပြီးအခန်းတံခါးကိုဖွင့်လိုက်တယ် ၊ အခန်းထဲဝင်ဝင်ခြင်းမှာပဲ
တစ်ယောက်ယောက်ကအပြင်ဘက်ပြေးထွက်သွားသလို အအေးလှိုင်းတစ်ခုက
ကျွန်တော်တို့ကို ပွတ်တိုက်သွားတာကိုခံစားမိလိုက်ကြတယ် ၊
သူ့အနောက်မှာတော့ နောက်ဆက်တွဲ အပုတ်နံ့လေးလှိုင်နေတာပဲ… ၊
ကျွန်တော့် ခုတင်ခြေရင်းဘက်မှာလည်း တလောက ကျွန်တော်
ပုံပုံ ဆိုင်လေးတွေက ၀ယ်လာတဲ့ တစ်ပတ်နွမ်း အကျီ င်္လေးတစ်ထည် ၊
အဲ့ဒီ့အကျီ င်္လေးကို ကျွန်တော်လက်ညှိုးထိုးပြလိုက်တယ် ၊

 “ ငါ ဒီ အကျီ င်္လေးကိုအရမ်းကြိုက်တယ်..
သူ့ဈေးက ထောင့်ငါးရာတဲ့…အပြင်မှာအသစ်ဆို ဒီကောင်
သောင်းဂဏ္ဍန်းလောက်ရှိမယ် ၊ အခုအကျီ င်္လေးကလည်း သန့်မှသန့်ပဲ ၊
ငြိမ်းကျော်ကလည်းသူရွေးသမျှထဲ ကျွန်တော်ရွေးသမျှထဲ ဒီအကျီ င်္လေးက
အတန်ဆုံးနဲ့ အလှဆုံးဆိုပြီး မဲပေးသေးတယ်… ၊ ၀တ်ကြည့်လိုက်တော့လည်း
ကွက်တိ ၊ မီးခိုးရောင် Tshirt ပွပွလေး…. ”

 “ မင်း ဒီအကျီ င်္ကို ဆက်မ၀တ်နဲ့တော့….
ဒီအဆောင်မှာလည်းမထားနဲ့တော့ မင်းလွင့်ပစ်လိုက်တော့ညိုသစ်…
ဒီတစ်ပတ်နွမ်းအကျီ င်္က ၀ိဥာဉ်ကပ်ပါတယ် ”

 “ ဘာ…ဘယ်လိုချမ်းပြည့် ”

“ ဟုတ်တယ်ကွ မင်းကိုလာလာခြောက်နေတဲ့ သရဲက ဒီအကျီ င်္နဲ့ဆက်နွယ်နေတာဖြစ်မယ် ၊
သူ့အကျီ င်္ကိုမင်းက၀ယ်လိုက်တော့ မင်းနောက်ပါလာတာပေါ့… ၊
ဒီအကျီ င်္ကို မင်းသာပျက်ဆီးအောင်လုပ်မိရင် မလွယ်ဘူး… မင်းကိုသတ်သွားလောက်တယ် ၊
ဒီသရဲကဒီအကျီ င်္အပေါ် အတော်လေး စွဲလမ်းထားပုံရတယ် ၊ နေဦး…ဒီအကျီ င်္ကို လုံးဝမီးမရှို့လိုက်နဲ့
မဖျက်စီးလိုက်နဲ့နော် ”

 “ ဟာ..ဒါဒါ…ဒါဆို ငါက ဘယ်လိုလုပ်ရမှာလဲ ဒုက္ခပါပဲကွာ… ”

 “ ဘယ်လိုမှမလုပ်နဲ့သူငယ်ချင်း…
ငါတို့ဒီအကျီ င်္ကို လွင့်ပစ်လိုက်ကြယုံပဲ….. ”

 ကျွန်တော်တို့တိုင်ပင်ထားကြတဲ့အတိုင်းညနေပိုင်းတွင်းမှာပဲ
ကျွန်တော်ဝယ်လာခဲ့တဲ့ တစ်ပတ်နွမ်းအကျီ င်္လေးကို အဝေးနေရာတစ်ခုမှာ
သွားပစ်ခဲ့လိုက်ကြတယ် ၊ နောက်ပြီး စိတ်ချလက်ချလေးအဆောင်ကို
ပြန်လာဖြစ်ကြတယ် ၊ ညအိပ်ခါနီး ဘုရားကန်တော့တဲ့အခါလည်း
နာမည်မသိပေမယ့် ကိုယ်ကြုံဖူးခဲ့တဲ့ အရင်အကျီ င်္ပိုင်ရှင် ပရလောကသားကြီးကို
ရည်စူးပြီးအမျှအတန်းပေးဖြစ်ပါတယ် ၊ ထူးခြားတာလားတိုက်ဆိုင်တာလားမသိဘူး
နောက်ပိုင်းတွေမှာ ကျွန်တော်အရင်လိုမျိုး အိပ်မက်ဆိုးတွေလည်း
မမက်တော့ဘူး ၊ ဘာအနံ့မှလည်းမရတော့သလို ၊ လူလည်းပုံမှန်ပြန်ဖြစ်နေပြီ ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 နောက်ဆုံးစာမေးပွဲကြီးပြီးလို့ မိသားစုလေးဆီပြန်လာတဲ့နေ့လေး…
အိမ်ကိုလွမ်းနေတဲ့ကျွန်တော့်အတွက် တော်တော်လေး မျှော်ခဲ့ရတဲ့
နေ့လေးတစ်နေ့ပါပဲ…. ၊ နေ၀င်ချိန်လေးမှာ ကျွန်တော်တို့ရွာကလေးကတော့
အရင်ကအတိုင်းပဲ ဘာမှအပြောင်းအလဲမရှိဘူး ၊ အမြဲတမ်း
ကျွန်တော်ကြိုက်တတ်တဲ့ မြန်မာ့ဓလေ့အငွေ့အသက်လေးတွေက
သိုင်းခြုံထားဆဲပဲ…. ရွာအ၀င်မှာလည်း စီးကြိုနေကြတဲ့
ကျွန်တော့်ဆွေမျိုးတွေ လှည်းကိုယ်စီနဲ့….. ၊

 “ အဘ နဲ့ အမ …ကျွန်တော်ပြန်လာတာကို
အကြာကြီးစောင့်နေကြတာလည်းဗျာ…ဘာလို့စောင့်နေတာလည်း
ကိုရင်ထွေးတို့ကိုလွှတ်လိုက်ပြီးနေတာပဲ ”

 “ ကိုယ့်သားကို ကိုယ်တိုင်လာကြိုတာ ဘာဖြစ်လဲတော် ”

 “ ဟား..ဟား..ဘာမှမဖြစ်ပါဘူးဗျာ..အဘနဲကအမကိုမြင်တာနဲ့တင်
ရင်ထဲကအမောတွေပြေသွားပြီ… ဟင်…ဖိုးသားရော ရွာရောက်နေတာလား ”

 ကျွန်တော့်အဒေါ်ရဲ့သားအငယ်ကောင်လေး ၊ ကျွန်တော်နဲ့ဆို
ရက်ပိုင်းလောက်ပဲ အသက်ကွာမယ်ထင်တယ်

 “ အေးဟုတ်တယ်..သူတို့လည်းကျောင်းတွေဘာတွေပြီးပြီဆိုတော့
အလည်အပတ်လာကြတာတဲ့ ငါ့သား…. ”

 မမြင်တာကြာလို့ထင်တယ် ကျွန်တော့်ညီ ဖိုးသားတောင်
အတော်လေးအရပ်ရှည်လာတယ် ၊ ဒါနဲ့ ဖိုးသားဝတ်ထားတဲ့အကျီ င်္ကို
ကျွန်တော်ရင်းရင်းနီးနီးမြင်ဖူးသလိုပဲ…. ၊ ဟာ….
ဒါ…ဒါ……… ။

#END

ကြိုးစားပါဦးမည် …
~ မိုးစွေ ~
စာပြီးချိန် - 28.2.2019 ( 1 : 21 Am )

Credit

Comments

Popular Posts