“ လှေကလေးကို လှော်မည် ”
“ လှေကလေးကို လှော်မည် ”
ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် )
( စ - ဆုံး )
စိတ်ကျန်းမာရေးဆေးရုံတွင်….
“ ဆရာ.. ဒါက ဆရာတွေ့ချင်နေတဲ့ လူနာတွေပါပဲ ”
တာဝန်ကျ ဆရာမလေးညွှန်ပြတဲ့အရပ်ကို ကျွန်တော်တစ်ချက်ကြည့်လိုက်တော့
တစ်နေရာစီကို စိုက်ကြည့်နေရင်း ကြောင်စီစီဖြစ်နေတဲ့ လူ လေးယောက်ကို တွေ့လိုက်တယ်
“ ဆရာမ … ဒီ..ဒီလူနာတွေက ”
“ ဟုတ်တယ် ဆရာ ဒီလူနာတွေက ကျွန်မပြောတဲ့လူနာတွေပဲ ”
“ ဒါဆို သူတို့က အပြင်မှာ တကယ်ရှိကြတာအမှန်ပဲပေါ့ ”
“ အမှန်ပေါ့ဆရာရယ် ဒီဇာတ်လမ်းက ယုံတမ်းမဟုတ်ဘူး ”
“ နေ..နေ..နေပါဦးဆရာမ … ဒီလူတွေက
ဆရာမပြောတဲ့အဖြစ်အပျက်ထဲမှာ တကယ်ပါခဲ့တဲ့သူတွေ
ကိုယ်တိုင်ကြုံခဲ့တဲ့သူတွေမှန်း ကျွန်တော်ဘယ်လို
လက်ခံယုံကြည်ရမှာလဲဗျ..ဆရာမဆီမှာ သက်သေပြစရာရော
ရှိလို့လား… ”
“ ဆရာကတော့ လုပ်ပြီ… ”
“ ဟားးဟားးဟားး မဟုတ်ဘူးဆရာမ စိတ်မရှိပါနဲ့ခင်ဗျာ
ကျွန်တော်က ဖြစ်ရပ်မှန်တွေပဲ အရေးများတော့ နောက်ကြောင်းဇာတ်အိမ်
မခိုင်လုံတာမျိုးတို့ … တကယ်မဖြစ်ခဲ့ဘဲနဲ့ ဖြစ်ခဲ့သလို ပရိသတ်ကို
လိမ်ညာမိတာမျိုးတို့ မလုပ်ချင်လို့ပါဗျာ… ၊ ငွေရ ပြီးရော ပုံစံမျိုးနဲ့
ကျွန်တော့် အနုပညာကို မဖြုန်းတီးချင်ဘူးဗျ … ”
“ ဟုတ်ပါပြီ ဆရာရယ်..ဆရာ့စိတ်ထားကိုသိပြီးသားပါ..
ကျွန်မဘက်ကလည်း မခိုင်လုံးဘဲနဲ့ ဆရာ့ကို ကုန်ကြမ်းပေးဖို့
မဖိတ်ပါဘူးဆရာ… ၊ ဟော့ဒီဖိုင်လေးကိုဆရာတစ်ချက်လောက်ကြည့်ပေးပါ ”
ဆရာမလေး ကမ်းပေးတဲ့ ဖိုင်တွဲလေးကို
ကျွန်တော် အမြန်လေး လှန်လှောကြည့်လိုက်မိတော့
ဖိုင်ထဲမှာ ဆရာမလေး လက်ညိုးထိုးပြတဲ့ လူ လေးယောက်..
တစ်ယောက်ချင်းစီရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်တွေနဲ့
တစ်ယောက်ချင်းစီကို စတွေ့ခါစက ပုံတွေကရိုက်ထားတဲ့
ပုံတစ်ချို့ကိုလည်း တွေ့လိုက်ရတယ် …
အဖြစ်အပျက်ကို မျက်မြင်တွေ့ခဲ့ကြတဲ့သူတွေတစ်ချိုက မှတ်ချက်တွေနဲ့အတူ
ရပ်ရွာ ၊ သက်ဆိုင်ရာ လူကြီးတွေ လက်မှတ် ထောက်ခံချက်တွေအပြင် ၊
ဒီဘက်က လက်ခံထားတဲ့ ဆေးရုံရဲ့ ဆေးရုံတာဝန်ရှိ လူကြီးတွေ
လတ်မှတ်ကအစ စုံစုံလင်လင်ပါနေတာကို တွေ့လိုက်ရတယ်
ဖိုင်တွဲလေးကို တစ်ချက်ကြည့်လိုက်
ဆရာမ လေးကို ပြန်ကြည့်လိုက်နဲ့ ကျွန်တော် အံ့သြနေတုန်း
ဆရာမလေးက
“ ဆရာ သိပ်အံ့သြသွားလားဆရာ ”
“ ဟုတ်ကဲ့ဗျ ကျွန်တော် တော်တော်လေး အံ့သြသင့်သွားမိတာ
အမှန်ပဲ… ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့နိုင်ငံက လူကြီးပိုင်းတွေကအစ
ဒီဖြစ်စဉ်ကို အရေးတယူနဲ့ ထောက်ခံပေးထားကြတယ် ၊ ဒီလို သဘာဝလွန်အဖြစ်မပျက်မျိုးကို
အခုလိုမျိုး အရေးတယူလုပ်ပေးထားတာ တစ်ခါမှမမြင်ခဲ့ဖူးဘူးဗျ ”
“ ဟုတ်တယ် ဆရာ… ဒီကိစ္စက သာမန် ကြားဖူးနေကျ
အဖြစ်မျိုးဆိုပေမယ့် အုပ်ချုပ်ရေးပိုင်းက လူတွေအထိ လက်ခံလောက်တဲ့
ကိစ္စဖြစ်သွားခဲ့တယ်… ၊ မီဒီယာတွေလောက်အထိ လူသိမများခဲ့အောင်လည်း
တိုးတိုးတိတ်တိတ် ဖြေရှင်းသွားခဲ့ကြတာပဲ… ”
“ ဒါနဲ့ ကျွန်တော် ဖြတ်မေးဦးမယ် ဆရာမ ”
“ ဟုတ်ကဲ့ ဆရာ မေးပါရှင့် ”
“ ဟိုဟာလေ ဆရာမ… ဒီအဖြစ်ကိုဂဃနဏ ပြန်ပြောနိုင်လောက်တဲ့အထိ
တိတိကျကျဖြစ်နေတာကတစ်ကြောင်း… ၊ အဖြစ်အပျက်မှာ ပါဝင်တဲ့သူတွေကို
ကျွန်တော်ကြည့်လိုက်တော့ အသိစိတ်ရှိတဲ့အဆင့်မှာပဲမြင်နေရတယ် ၊
သူတို့ဘာဖြစ်ခဲ့တယ်ဆိုတာ ပြန်ပြောပြနိုင်လောက်တဲ့အထိ ဥာဏ်ရည်မရှိတော့ဘူးလို့
သတိထားမိတာက တစ်ကြောင်းကြောင့် ကျွန်တော့်စိတ်ထဲ နည်းနည်း… ”
“ သြော်…ဒါလား ဆရာ .. ဒီလူတွေထဲက
ဒီဘက်က အသက်အကြီးဆုံးလူကို ဖယ်ပြီး
ဘေးက လူသုံးယောက်ကို ကြည့်လိုက် ဆရာတွေ့လား
အဲ့ဒီ့လူ သုံးယောက်က ကျွန်မပြောပြသလို သဘာဝလွန်
အဖြစ်အပျက်ကို ကြုံပြီးပြီးချင်း အသိဥာဏ် အရမ်းမဆိုးရွားခင်က
တစ်လေသံတည်း တစ်မျိုးတည်းကို တူတူပြောခဲ့ကြတယ် ၊
နောက်ပြီး ဒေသခံတွေအနေနဲ့ ယုံကြည်မှုအရ
မျက်စိမှိတ်ပြီး ပြောလို့ရလောက်တဲ့အထိ အာမခံနိုင်တယ် ဆရာ ”
“ ကြိုက်ပြီဗျာ…ကျွန်တော့်အတွက်တော့
ဒီနေ့က ရက်ရာဇာပဲဗျို့ ၊ ကုန်ကြမ်းတစ်ပုဒ်ကောင်းကောင်းရလိုက်တာပဲ
ဆရာမကိုတကယ်ကျေးဇူးတင်ပါတယ်ဗျာ ”
“ မလိုပါဘူးကိုယ့်ဆရာရယ်…ရေးစေချင်လို့ကို
ဖိတ်ပြီး ကုန်ကြမ်းပေးတာပါနော်… ၊ အခုပြတဲ့ ဖိုင်တွဲကလည်း
အပြင်လူကိုပြခွင့်မရှိဘူးဆရာ ၊ ကျွန်မ အလုပ်အပြုတ်ခံပြီး
ဆရာ့ကို အန္တရယ်ကြားက ပြတာပါနော်… ”
“ ဟား.. ဟုတ်ပါပြီဗျာ..အဲ့ဒါကြောင့်
ငါ့ဆရာမ ပိုပိုလှလာတာ ”
“ ၀ါး..တကယ်လား…ပျော်ပြီလေ…
ဒို့ဆရာရေခဲတုံးကြီးမျက်လုံးထဲမှာ ကျွန်မကိုလှတယ်လို့မြင်တယ်ဆိုတော့
ပျော်တာပေါ့လေ ခိခိ ”
ဆရာမလေးရဲ့အပြုံးက အတော်လေးအေးချမ်းပါပေတယ်…… ၊
ကျွန်တော့်ခေါင်းထဲမှာတော့ ဟိုလူလေးယောက်အကြောင်း ဇာတ်လမ်းကို
စာတွေစီဖြစ်နေမိတာအပြင် ကျွန်တော့်ပါးစပ်ကလည်း
ပြန်ပြုံးပြလိုက်မိသလိုပဲ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သိုက် ဆိုတာ တန်ဖိုးကြီး ပစ္စည်းဥစ္စာတွေကို တစ်စုံတစ်ခုရည်ရွယ်ချက်နဲ့ လူသူမသိအောင်
သိုဝှက်စုဆောင်းထားတဲ့နေရာလို့အကြမ်းဖျင်းယူဆနိုင်တယ် ၊ သိုက် မျိုးစုံရှိတဲ့အနက် ဘုရားသိုက်နဲ့
အခြားသိုက်တွေရှိတယ်လို့ပဲ အလွယ်ခွဲခြားနိုင်တယ် ၊ ဘုရားသိုက်ဆိုတာ နောက်ပွင့်လာမယ့်
မြတ်စွာဘုရားရှင်အတွက် ရည်စူးလှူဒါန်းထားကြတဲ့ ရတနာပစ္စည်းတွေ စုပုံထားတဲ့နေရာ ၊
အခြားသိုက်တွေကတော့ အများကြီးပဲ နတ်သိုက် ၊ နဂါးသိုက် ၊ ကုလားသိုက် ၊ ကသည်းသိုက် ၊
တရုတ်သိုက် ၊ မြွေသိုက် ၊ ဂျပန်သိုက် ၊ မွန်သိုက် ၊ ရှမ်းသိုက် ၊ အဲ့လိုသိုက်တွေအများကြီးရှိတယ် ၊
တစ်ချို့ အလှူရှင်တွေက တစ်စုံတစ်ခုရည်ရွယ်ချက်နဲ့ သူတို့ပိုင်ဆိုင်ထားတဲ့ ပစ္စည်းတွေကို
မြှုပ်နှံ သိမ်းဆည်းထားရာက အဲ့ဒီပစ္စည်းတွေအပေါ် စွဲလမ်းမိပြီး ကွယ်လွန်သွားကြတဲ့နောက်
သူတို့ဝှက်ထားခဲ့တဲ့ တန်ဖိုးကြီးအရာတွေကို ကာကွယ် စောင့်ရှောက်ရတဲ့ဘ၀ကို ရောက်သွားကြရတယ် ၊
သိုက်စောင့်လို့ တနည်းသုံးနိုင်ပါတယ် ၊ သိုက်စောင့်ဆိုတာကလည်း ခြုံပြီးခေါ်လိုက်တာပေါ့ ၊
များသောအားဖြင့် အပ္ပါယ်ဘုံသားတွေလို့ဆိုနိုင်ပါတယ် ၊ အဲ့လို သိုက်တွေ ရှိတဲ့အရပ်ကို
ညွန်ပြပေးတဲ့ စာတွေ ခေတ်စကားအရဆို ရတနာသိုက်လမ်းညွန် ပုံစံမျိုးလေးတွေကိုလည်း
သိုက်ပိုင်ရှင်တွေက အမှတ်အသားပြုလုပ်ထားတတ်ကြတယ် ၊ အဲ့လိုလမ်းညွန်တွေကို
သိုက်စာလို့ သုံးနှုန်းတယ် ၊ သိုက်တည်ရှိတဲ့နေရာနဲ့ သိုက်စာကို နီးနီးကပ်ကပ် ဘယ်တော့မှ
မထားခဲ့ကြဘူး ၊ အဲ့လို အဲ့လို သိုက်တွေ သိုက်တွေကို လိုက်ရှာပြီး ၀ှက်ထားတဲ့အရာတွေကိုမှ
တူးဖော်ချင်တဲ့ ရတနာမုဆိုးတွေကလည်း အများသား… ၊ သူတို့တွေကိုတော့ သိုက်ဆရာတွေလို့
ခေါ်ဝေါ်ကြတယ် ၊ သိုက်ဆရာမှန်ရင် မန္တာန်အတတ်ပညာတွေ တစ်ခုခုတော့ အနည်းဆုံး
သိကျွမ်းထားကြတယ် ၊ မဟုတ်ရင် မျက်စိနဲ့မမြင်နိုင်တဲ့ သိုက်တွေ ၊ ကြောက်စရာကောင်းတဲ့
သိုက်စောင့်တွေနဲ့ ၊ သိုက်မာယာ….တွေကို ကာကွယ်နိုင်မှာမဟုတ်သလို ရှာဖွေရခတ်ခဲတဲ့
သိုက်စာတွေကို လွယ်လွယ်နဲ့ရနိုင်မှာမဟုတ်ဘူး ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(…..)ခုနှစ် ၊ ရန်ကုန်တိုင်းဒေသကြီး ၊ ကွမ်းခြံကုန်းမြို့နယ်အပိုင် ၊
ပေကုန်းရွာ….. ။
သူ့ခေတ်သူ့အခါက အခုခေတ်ကာလလိုမျိုး လမ်းပန်းဆက်သွယ်ရေး
အကောင်းမဟုတ်သလို ၊ ရန်ကုန်အပိုင်ဆိုပေမယ့် အရမ်းခေါင်တဲ့နေရာမှာ
ပါဝင်တယ်လို့သမုတ်နိုင်တယ် ၊ ရွာဓလေ့ တောဓလေ့ဆန်ဆန်ယဉ်ကျေးမှုလေးတွေ
လွမ်းမိုးခဲ့တဲ့တစ်ချိန်ကလို့ဆိုရမယ် ….
မိုးမလင်းသေးဘူးရွာထဲမှာ တောကြက်ဖကြီးတွေထက်
ဝီရိယကောင်းတဲ့သူတစ်စုကတော့ရွာအပြင်ဘက်မြေစိုက်အရက်ဝိုင်းလေးမှာ
နိုးနှင့်နေကြပြီ …
“ သာအေး…မင်းတို့တွေညကခိုးလာတဲ့ကြက်က
တယ်ချိုသကို…. ဟားးး ”
“ ၀ယ်စားရတာတွေ အလကားရတာတွေထက်
သူများမသိအောင် ကြောက်ကြောက်လန့်လန့်နဲ့ တိတ်တိတ်လေး
ရင်တထိတ်ထိတ်နဲ့ ခိုးပြီးတော့မှ စိတ်ကြိုက် ချက်စားလိုက်ရတဲ့
အရသာက ဘာနဲ့မှမလည်းနိုင်ဘူး အောင်ဘု ရ ဟားးး ”
“ စကားနည်းနည်းပြော များများသောက်စမ်းပါ ရွှေတိုး ရာ
မင်းတို့ကောင်တွေ အပေါက်မလုံတာနဲ့ ငါတို့အကုန် ဘော်ဒါအသွင်းခံနေရပါဦးမယ် ”
“ ဟေ့ကောင် သာအေး မင်းပြောသလို ဘာ….
ဘော်ဒါ..ဟား…..ဘော်ဒါအသွင်းခံရတော့လည်း ပျော်စရာကြီးပေါ့..
မင်းက ဒီမှာ ထမင်းတောင်နပ်မှန်တဲ့ကောင်မှမဟုတ်တာ ဟား ”
“ ဒါနဲ့ မင်းပြောတဲ့ ဘော်ဒါထဲမှာ ဒီလို ရွှေရည် ၊ ရွှေအရက်လေးရော
မရနိုင်ဘူးလားကွာ ဟား ”
“ လခွမ်း ရွှေတိုးနဲ့အောင်ဘု တော်ကြစမ်းကွာ…
ငါအခုစကားအတည်ပြောမလို့ … ၊ မင်းတို့ နှုတ်လုံမှဖြစ်မယ်နော် ”
“ အေးပါကွာ ပြောမယ့်သာပြောစမ်းပါ ”
“ ငါတို့ဘယ်လောက်လုံသလဲဆိုတာ မင်းအသိဆုံးပါသာအေးရာပြောစမ်းပါ ”
“ ကောင်းပြီလေ…ငါပြောပြမယ်…
မင်းတို့ ငါတို့တွေဆိုတာ ရွာထဲမှာ ဆိုးဖော် မိုက်ဖက်တွေ ၊ ရွာရဲ့
အဆင်းရဲဆုံးစာရင်းထဲမှာလည်း ထိပ်ခေါင်တွေပဲ… ငါတို့ဒီတိုင်းဆက်သွယ်ရင်း
တစ်သက်လုံး ဒီလိုပဲဖြစ်ပြီးအသက်ကြီးသွားကြလိမ့်မယ် ”
“ အဲ့တော့ မင်းပြောချင်တာက ”
“ ဟုတ်တယ် ငါတို့ ချမ်းသာချင်ရင် စွန့်စားကြမှဖြစ်မယ် ”
သာအေးစကားကို အောင်ဘုတစ်ယောက် မျက်လုံးပြူးကြီးနဲ့
အလန့်တကြား ထအော်လိုက်တယ်
“ ဘာ… စွန့်စားမယ်ဟုတ်လား ”
အောင်ဘုအော်သံကြောင့်သာအေးက အမြန်အသံတိတ်ဖို့အချက်ပြလိုက်ပြန်တယ်
“ ရှူး…. ဟေ့ယောင် အောင်ဘု အာဗြဲကြီးနဲ့
လျှောက်မအော်စမ်းနဲ့ … ”
သူတို့နှစ်ယောက်အလှုပ်ရှုပ်နေတုန်း ရွှေတိုးကလည်းဝင်ပြောလိုက်သေးတယ်
“ သာအေး…မင်းက စွန့်စားရမယ်ပြောတော့
ငါတို့က ဓါးပြလိုက်တိုက်ကြမှာလား.. ၊ ဒါမှမဟုတ် ရွာထဲက
ဗီဒီယိုရုံထဲက အက်ရှင်ဆိုတဲ့ကားတွေထဲကလိုမျိုး ဖိုက်တင်တွေလုပ်ကြမလို့လား ”
သာအေးကလည်း စိတ်မရှည်တော့သလိုနဲ့
“ မဟုတ်ဘူး…မဟုတ်ဘူး..မင်းတို့ပြောနေကြတဲ့
ပေါက်ကရတွေ တစ်ခုမှမဟုတ်ဘူး… ၊ တိတ်တိတ်လေးခဏနားထောင်စမ်းပါ
ငါပြောပြမယ်…ငါတို့စွန့်စားရမယ်ဆိုတာ … သိုက်သွားတူးကြမှာကွ ”
“ ဟင်… ”
“ ဟုတ်တယ်…မင်းတို့လည်းသိပါတယ်
ရွာအနောက်ဘက် သချိ င်္ုင်းထဲမှာ သိုက်တစ်ခုရှိတယ်လို့ရွာက
လူကြီးတွေပြောပြောနေကြတာလေ…
အေး အဲ့ဒါအမှန်ပဲတဲ့..အဲ့ဒီ့သိုက်ကိုသွားတူးကြမှာ… ၊ သိုက်ထဲမှာ
ရတနာတွေအများကြီးရှိတယ်တဲ့… ”
“ ဒါနဲ့ နေစမ်းပါဦး မင်းက အဲ့နားက မြေကြီးတွေအကုန်လိုက်ပတ်တူးနေတော့မှာလား
နေရာကအကျယ်ကြီးဟ..သိုက်နေရာကဘယ်နားမှန်းတောင်သေချာမသိပဲနဲ့ ”
“ မလောနဲ့လေ ကိုယ့်လူ…ဒီမယ်..တို့ရွာသချိ င်္င်းမှာ တရားလာထိုင်နေတတ်တဲ့
အနက်ရောင်ဝမ်းဆက် ၊ အနက်ရောင်ခေါင်းပေါင်းနဲ့ ဘိုးတော်ကိုသိတယ်မို့လား ”
“ အေးသိတယ်လေ….အဲ့ဘိုးတော် ဘာဖြစ်လို့လဲ ”
“ ဘာမှမဖြစ်ပါဘူး…ငါတလောက မျှစ်ချိုးထွက်ရင်း
သချိ င်္င်းကုန်းဘက်ရောက်သွားတော့ အဲ့ဘိုးတော်နဲ့ရင်းနီးသွားပြီး
နောက်ပိုင်းမှာ ငါ့ကိုကမ်းလှမ်းလာတယ် ၊ ရွာမှ ငါစိတ်ချရတဲ့သူ
နှစ်ယောက် သုံးယောက်လောက်ကိုတိတ်တိတ်လေးစုထားပေးပါတဲ့ ၊
သူဘာလုပ်မယ်ဆိုတာ ငါမေးလိုက်တော့ သိုက်သွားတူးမလို့လို့ပြောတယ် ”
“ ဒါဆို … ”
“ ဟုတ်တယ် သိုက်စာက အဲ့ဘိုးတော်လက်ထဲမှာ…နောက်ပြီး
ငါတို့လုံခြုံရေးအတွက်လည်း သူ့ကိုလိုအပ်တယ် … ၊ သူငါတို့ကိုလိုအပ်တယ်ဆိုတာက
မြေကြီးတူးပေးဖို့ပဲကွ…. ”
“ ဟုတ်ပြီလေ…ဒါဆို မင်းဘက်က ငါတို့နှစ်ယောက်ကိုပဲ
ဒီကိစ္စ လာပြောရသေးတာပေါ့လေ…. ”
“ ဒါပေါ့ကွ…ငါ့မှာသူငယ်ချင်းအရင်းချည်းတွေပေါင်းပါတယ်ဆို
မင်းတို့ကိုမခေါ်လို့ဘယ်ဖြစ်လိမ့်မလဲ ဟား… ”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပန်းလေးတွေကြောက်စိတ်နဲ့အတူ အိပ်ငိုက်နေကြတဲ့ ညနက်ကြီးအောက်မှာ…
“ သာအေး ၊ အောင်ဘု ၊ ရွှေတိုး မင်းတို့သုံးယောက် ဟော ငါပေးထားတဲ့ ဆေးလုံးလေးတွေကိုယူထား ကိုယ့်အနားမှာ မဲမဲနဲ့ လှုပ်လှုပ်ရှားရှားမြင်တာနဲ့ အဲ့ဆေးလုံးနဲ့ ထိအောင်ပေါက်လိုက် ကြားလားကွ ”
“ ဟုတ်ကဲ့ပါ ဆရာကြီး မိုးညွှန့် .... ”
သိုက်ဆရာ မိုးညွှန့်လည်း မှာသင့်တာတွေမှာ ပြောသင့်တာတွေ ပြောပြီးတာနဲ့
စည်းဝိုင်းတစ်ဝိုင်းကိုတားလိုက်ပြန်တယ် ၊ စည်းဝိုင်းပတ်ပတ်လည်မှာလည်း သူစီရင်ထားတဲ့
သွေးလိုလို အနီရင့်ရောင်အရည်လေးတွေလိုက်လောင်းချလိုက်သေးတယ် ၊ စည်းတားပြီးတော့
အသင့်ယူလာခဲ့တဲ့ ကန်တော့ပွဲတစ်ခုနဲ့ အင်းအိုက်လက်ဖွဲ့တွေကိုအကုန် ထုတ်ထင်းထားလိုက်တယ် ၊
ပြီးတာနဲ့ အင်းဖယောင်းတိုင်ကြီးကို မီးစညှိလိုက်ပြန်တယ် အင်းဖယောင်းတိုင်ကြီး တရှဲရှဲနဲ့
မီးစတောက်သွားတာပြီးတော့ မကြာဘူး အရပ်လေးမျက်နာက ခြုံတွေထဲက
အရိပ်မဲကြီးတွေ ပြေးလွှားနေကြတာကို လေမတိုက်ပါပဲ သိသိသာသာ မြင်လိုက်ကြရတယ် ၊
အပင်ကြီးငယ်တွေကလည်း သိသိသာသာ ယိမ်းထိုးနေကြတယ်
“ ဝေါ…..၀ရော….. ”
သာအေး ၊ ရွှေတိုး ၊ အောင်ဘုတို့နားကိုလည်း မကြာမကြာ အရိပ်မဲကြီးတွေက
ကပ်ကပ်လာခဲ့တယ် အဲ့လိုကပ်လာတာနဲ့ သာအေး ၊ ရွှေတိုး ၊ အောင်ဘုတို့ကလည်း
ချက်ချင်း လက်ထဲကဆေးလုံးတွေနဲ့ပေါက်လိုက်တာပဲ… သူတိုကဆေးလုံးနဲ့ပစ်လိုက်လို့
ထိသွားတဲ့ အရိပ်မဲကြီးတွေဆို ချက်ချင်း မီးလောင်ထားတဲ့ ပုသင်ညိုမဲမဲညိုညိုလေးတွေအဖြစ်ကို
ထူးထူးခြားခြား ပြောင်းသွားကြတာကို အတိုင်းအသားမြင်လိုက်ရတယ် ၊ ပတ်ဝန်းကျင်တစ်ခုလုံး
တစ်ဝုန်းဝုန်း နဲ့ မုန်တိုင်းတိုက်နေသလားတောင်မှတ်ရလောက်တဲ့အထိပဲ ၊ ကြောက်စရာအသံတွေကလည်း
ကျော်ထဲအေးစိမ့်သွားလောက်တဲ့အထိပဲ ပတ်ပတ်လည်းက အုတ်ဂူတွေကလည်း
အခုပဲ ပွင့်ထွက်လာတွေမလို ငလျင်လှုပ်သလိုမျိုး ယမ်းခါနေကြတယ်…. ၊
အဲ့လိုမျိုးဖြစ်နေတာ မိနစ်ပိုင်းလောက်ပဲကြာမယ်ထင်တယ် ၊
သိုက်ဆရာ မိုးညွှန့်က သူ့လက်ထဲက အင်းပြားတစ်ချက်ကို မြေပြင်တစ်နေရာဆီ
အားနဲကလှမ်းပစ်လိုက်ပါလေရော… ၊ သူပစ်လိုက်တာနဲ့ အဲ့ဒီ့ မြေပြင်ကြီးမှာ
အတော်လေးပြင်းထန်တဲ့ မိုင်းတစ်လုံး ပေါက်သွားသလို ဖြစ်သွားပါလေရော ။
“ ၀ုန်း… ”
အသံနဲ့အတူ ပတ်ဝန်းကျင်က ချောက်ချားစရာအဖြစ်အပျက်တွေကလည်း
ချက်ချင်း တိတ်ဆိတ်သွားကြတယ် ၊ သူတို့မဟုတ်သလိုပဲ… ၊ ခုနကပုံစံနဲကဘာမျှကို
မဆိုင်တာ ၊ တစ်ဆက်တည်းမှာ ကြားလိုက်ရတဲ့ သိုက်ဆရာ မိုးညွှန့် ရဲ့
အောင်မြင်ကျော်ကြားတဲ့ အသံကြီးကလည်း ညဉ်ငှက်အသံနဲ့ခွဲခြားရခတ်လောက်တယ်
“ အောင်ပြီ ၊ အောင်ပြီ ၊ အောင်ပြီ ကွ ဟားဟားဟား ”
သိုက်ဆရာ မိုးညွှန့်က ကြုံးဝါးနေရင်း သူ့တပည့်တွေဘက်ကို
လှည့်လိုက်ပြီး စကားလှမ်းပြောရင်း သူအင်းပြားနဲ့ ပစ်လိုက်တဲ့နေရာကို
ညွှန်ပြလိုက်တယ်
“ ဒီနေရာပဲကွာ…ငါတို့အောင်ပြီဟေ့ ၊ သိုက်စောင့်တွေကို ငါချုပ်ထားတယ် ၊
မင်းတို့ ငါ့အင်းပြားကျနေတဲ့ ဟော..ဟိုနေရာကို မြန်မြန်တူးကြတော့ဟေ့… ”
သာအေး ၊ ရွှေတိုး ၊ အောင်ဘုတို့လည်း အားရပါးရ ပြေးတူးကြပါလေရော…
အချိန် ခဏလောက်ကြာတော့ ရှေးဟောင်းလက်ရာနဲ့ အလျား အနံ နှစ်ပေကျော်ကျော်လောက်ရှိတဲ့
သစ်သား သေတ္တာကြီးတစ်ခုကိုရခဲ့ကြတယ် ၊ သေတ္တာကြီးကိုမြင်တာနဲ့ သိုက်ဆရာ မိုးညွှန့်တစ်ယောက်
ကမူးရှူးထိုးပြေးလာတယ်
“ ဟေ့ဟေ့…ဒီပစ္စည်းတွေက တို့တွေအစကသတ်မှတ်ထားသလို
နှစ်ပုံခွဲမယ် ငါတစ်ဝက်ယူမယ် ကျန်တဲ့တစ်ဝက်ကို မင်းတို့သုံးယောက် ခွဲယူကြ
ဟုတ်ပြီလား ”
“ ဟုတ်ပါပြီ ဆရာကြီး ”
“ ကဲ မင်းမှာသစ္စာ လူမှာ ကတိတဲ့နော်
ကဲကဲဖွင့်လိုက်တော့…. ”
“ ဟင်… ”
“ ဟာ… ”
“ ဘာကြီးလဲဟ … ”
သေတ္တာထဲမှာ ရွှေအတိပြီးနေတဲ့ လောင်းလှေသေးသေးလေးတစ်စင်း နဲ့
အဖိုးတွက်ဖို့ခတ်ခဲတဲ့ တန်ဖိုးကြီး ရွှေ ၊ ငွေ ၊ ကျောက်မျက်ရတနာတွေ
မနည်းမနောထွက်လာတယ် ၊ ရွှေငွေတွေထက် လောင်းလှေလေးက
ထူးထူးခြားခြား ဆန်းကျယ်နေတယ် ၊ အောင်ဘုတစ်ယောက်
လောင်းလှေလေးကို သဘောကျလွန်းလို့ သေသေချာချာကိုင်တွယ်ကြည့်နေမိတယ် ၊
ဂရုတစိုက်ကြည့်မိမှ လက်ရာတော်တော်ကောင်းတာကိုတွေ့လိုရတယ် … ၊
လောင်းလှေအပေါ်မှာ လူသုံးယောက် ရှေးခေတ်ဟန်လေးတွေနဲ့ …
လှေတစ်ဖက် ထိပ်မှာတစ်ယောက်က လှေလှော်တော့မယ့်ပုံစံနဲ့
လှော်တတ်ကို ကိုင်မြှောက်ထားတဲ့ပုံ ၊ ကျန်တဲ့တစ်ယောက်က နောက်တစ်ဖက်ထိပ်မှာ ပဲ့ကိုင်နေတဲ့ပုံနဲ့
နောက်ဆုံးတစ်ယောက်က လှေရဲ့ဝမ်းဗိုက်နေရာအလယ်မှာ ၊ အလယ်ကလူရဲ့ထူးခြားချက်က
မောင်းလေးတစ်ခုကိုကိုင်ထားပြီး နောက်လက်တစ်ဖက်ကမောင်းတီးတဲ့ မောင်းတံကို
ကိုင်ပြီး မောင်းတီးမလိုဟန်ပြင်နေတဲ့ပုံစံလေး………အောင်ဘုက လောင်းလှေလေးကို
စိတ်ဝင်တစားကြည့်နေတာကိုမြင်တော့ ရွှေတိုးက ရောက်လာတယ် ပြီးတော့ သူလည်း
လောင်းလှေလေးကို သေချာကြည့်ပြန်တယ် သေချာကြည့်ပြီးတော့ အလယ်ကလူကို
အားမလိုအားမရဖြစ်နေမိပြီး ထပြောလိုက်တယ်
“ ဟာကွာ…အလယ်ကကောင်ကလည်း ဘာလုပ်နေမှန်းမသိဘူး ၊
မောင်းတီးမှာဖြစ် တီးတာမဟုတ်ဘူး ” တဲ့….
ရွှေတိုး စကားအဆုံးမှာပဲ လက်ထဲက အရုပ်လောင်းလှေပေါ်က
အလယ်မှာထိုင်နေတဲ့ မောင်းတီးဖို့ရွယ်နေတဲ့သူက မောင်းကိုတီးချလိုက်တာ
“ ဒူ…….. ” ဆိုတဲ့ နားစည်ကွဲမတက် အသံအကျယ်ကြီးထွက်လာပြီးတော့
လှေပေါ်မှာ ကျန်တဲ့ အရုပ်နှစ်ခုကလည်း သူတို့ဆိုင်ရာလှေလျော်တာတွေ ပဲ့ကိုင်တာတွေကို
လုပ်နေပါလေရော…. ၊ တစ်ချိန်တည်းမှာပဲ သိုက်ဆရာ မိုးညွှန့် ဘာမှလုပ်ချိန်တောင်မရလိုက်ရှာဘူး ၊
မိုးညွှန် နဲ့ ရွှေတိုး ၊ အောင်ဘု ၊ သာအေး တို့ လူစုတွေ အကုန် မတ်တပ်ရပ်နေရင်းကနေ
မြေပြင်ကြီးထဲ ကျွံဝင်သွားကြပြီး မြေကြီးတွေက နွံတွေလိုဖြစ်သွားပြီး နွံတွေကနေ
တဖြည်းဖြည်း ရေပြင်ကျယ်ကြီးဖြစ်သွားပြန်တယ် … သူတို့တွေ တူးထားကြတဲ့
ရွှေ ၊ ငွေ ၊ကျောက်သံပတ္တမြားတွေလည်း အကုန်လုံး ရေထဲမှာ
နစ်မြုပ်ကုန်တယ် ၊ လူတွေလည်းရေအောက်မရောက်အောင်
အသက်လုပြီး နီးစပ်မယ့် ကမ်းနားကိုအသားကုန် ကူးခပ်နေကြတယ် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တစ်ဖက်မှာတော့…..
“ ဟေ့…မိုးမလင်းတလင်း ဒီအချိန်ကြီး ရွာ သချိ င်္င်းဘက်က မောင်းတီးလိုက်တဲ့ အသံ
ကြားလိုက်ရတယ် ဒါ ထူးခြားတယ် လူစုကြဟေ့ ဘာဖြစ်တယ်ဆိုတာ
သွားကြည့်ကြမယ် တော်တော်ကျယ်တယ်နော် ”
ရွာလူကြီးနဲ့ရွာခံ လူငယ်လူရွယ်တွေစုပေါင်းပြီး
လက်နက်တွေ မီးတုတ်တွေကိုယ်စီကိုင်ရင်း သွားကြည့်ကြတော့
သူတို့မြင်လိုက်ရတာက ရွာသချိ င်္င်း မြေပြင်မှာ ရေကုန်ရေခမ်း
ရေထဲမှာ ကူးနေကြသလို အသက်လုပြီး ရေကူးသလိုကူးခပ်နေကြတဲ့
မိုးညွှန် နဲ့ ရွှေတိုး ၊ အောင်ဘု ၊ သာအေး တို့ လေးယောက်ကို အံသြတကြီး
မြင်လိုက်ကြရတယ် ၊ အားလုံးက အသားတွေ ကွဲပြဲ စုတ်ပြတ်နေကြပြီးတော့
သွေးတွေ ဖုံတွေ အလိမ့်လိမ့်နဲ့ ဒဏ်ရာတွေနဲ့ လူရုပ်တောင် မပေါ်လောက်တဲ့အထိ
ဖြစ်နေကြတယ် ၊ ပါးစပ်ကလည်း ကယောင်တမ်းတွေ အော်ဟစ်နေကြတယ် ၊
ဒီလေးယောက်ကို ရွာကိုအမြန်ပြန်သယ်ပြီး ဆေးဝါးကုသပေးကြပေမယ့်
မသက်သာကြပဲ ပါးစပ်က သိုက်နဲ့ပတ်သတ်တာတွေ .. ရွှေငွေကိစ္စတွေကိုပဲ
တတွတ်တွတ် ပြောနေကြတယ် …သတိနည်းနည်းလည်လာလိုက် လူကောင်းလိုမျိုး
အဖြစ်အပျက်အမှန်တွေကို ပြောပြလိုက်…ပြန်ပြီးသတိလွှတ်သွားလိုက် ဂမူးရှူးထိုး
အော်ဟစ်လိုက်နဲ့ …………. ၊
နောက်ဆုံး ဆရာလည်း စုံ ၊ ဘယ်လိုမှ ကုသမရတဲ့အဆုံး
ရန်ကုန်တက်ပြီးတော့ စိတ်ကျန်းမာရေးဆေးရုံမှာ တင်ထားလိုက်ရတဲ့
အဆင့်ကို ရောက်ခဲ့ကြရတယ်…. ။
ဘယ်အရာမှ လွယ်လွယ်ကူကူမရနိုင်တဲ့ လောကကြီးမှာ
အလွယ်လမ်းလိုက်ကြတဲ့ ရွှေတိုး ၊ အောင်ဘု ၊ သာအေးတို့သုံးယောက် ၊
သူတစ်ပါးပစ္စည်းဥစ္စာကို အချောင်လိုချင်တဲ့ မိုးညွှန် ၊ …. မိုးညွှန် လမ်းမှားကိုပြခဲ့လို့
ဒုက္ခရောက်ခဲ့ကြတဲ့ ရွှေတိုး ၊ အောင်ဘု ၊ သာအေး ဆရာတင်မှားခဲ့ကြတယ် ၊
ပါးစပ်စည်းမစောင့်တဲ့ ရွှေတိုး ကြောင့် မြင်သာမြင်ရ မကြင်လိုက်ရတဲ့အဖြစ်နဲ့
သူတို့တွေ သိုက်တူးကြတဲ့ အဖြစ်လေးက ဇာတ်သိမ်းသွားခဲ့ကြတယ် … ၊
အဲ့ဒီရွာငယ်လေးက သချိ င်္ုင်းထဲမှာ သိုက် တကယ်ရှိတာအမှန်ပဲလား ၊
အမှန်ဆိုရင်ရော … သူတစ်ပါးတွေစုဆောင်းထားတဲ့ သိုက်ကပစ္စည်းတွေကို
သွားယူဖို့စဉ်းစားမိမှာလား ၊ အသက်ထက် ရွှေ ၊ ငွေတွေကများအရေးကြီးနေမလား ၊
တကယ်လို့ မိုးညွှန့်တို့တွေ့ခဲ့ကြတဲ့ သေတ္တာလေးထဲက လောင်းလှေလေးကို
မြင်ခဲ့မယ်ဆိုရင်ရော……. ။
ကြိုးစားပါဦးမည် …
~ မိုးစွေ ~
စာပြီးချိန် - 4.03.2019 ( 2 : 10 Am )
Credit

Comments
Post a Comment