“ Psycho Story ”
“ Psycho Story ”
ညနေခင်းရဲ့ အလင်းရောင်က ပြတင်းတံခါးကိုကျော်ပြီး
အိမ်ထဲမှာဖြာကျနေတယ် ၊ စိတ်ပျက်ညည်းငွေ့စရာကောင်းလွန်းတဲ့ ခေတ်ဟောင်းသီချင်းတစ်ပုဒ်က
ရေဒီယိုအိုကြီးကနေ နားမချမ်းသာစရာကောင်းလောက်အောင် ဖန်တီးနေသလိုပဲ ၊ အဆိုးဆုံးက
အိမ်ထဲမှာ ရနေတဲ့ အောက်သိုးသိုးအနံ့တွေ …. ၊
“ မောင်ဒီသီချင်းကြိုက်တတ်မှန်း မ သိပါတယ်… ၊ ဘာလဲမောင်
သီချင်းနားထောင်ရတာပျင်းနေပြီလား… ဟုတ်သားပဲ.. မောင်က ဒီအချိန်ဆို
မ ပေါင်ပေါ်မှာ ခေါင်းလေးအုံးပြီး မ စာအုပ်ဖတ်ပြတာကို နားထောင်နေကျ…. ၊
ဒီနေ့ မ…မောင့်အတွက် ထူးခြားစေမယ့် စာအုပ်လေးတစ်အုပ် ရှေးဟောင်းဆိုင်ကနေ
ရှာဝယ်လာခဲ့တယ် မောင့်အကြိုက်ပဲ ၊ မ ဖတ်ပြမယ်နော်…ဇိမ်လေးနဲ့ သေချာနားထောင်…. ”
~~~~~~~~~~~~~~~~~~~~~~~~
နှစ်ပေါင်းဘယ်လောက်ကြာပြီဆိုတာကိုတောင် မဖြေနိုင်တော့တဲ့
နာရီဗီဒိုအိုကြီးက တုန်တုန်ယင်ယင်နဲ့ သူ့အလုပ်ကိုသူဆက်လုပ်နေတုန်းပဲ….. ၊
အိမ်မက်အိုတွေနဲ့ဆေးချယ်ထားတဲ့ အိပ်ခန်းလေးထဲမှာ လူရိပ်နှစ်ခု….
မဖြစ်နိုင်တော့တဲ့မျှော်လင့်ချက်တစ်ချို့ကိုပြန်သိုလှောင်ဖို့အတွက် ကြိုးစားနေကြပုံပဲ
“ ဒီကိစ္စကို မ ဘယ်လိုနားလည်ပေးရမလဲမောင်….ဖြေပါဦး… ၊
မောင့်အပေါ် မ ဒီလောက်ထိနားလည်ပေးထားတာကို မောင်မို့လို့လုပ်ရက်တယ်…. ”
“ မောင်…. မောင်…. မ…မေးနေတယ်လေ… ”
“ ဟား.ဟား.ဟား မောင်က မဖြေဘူးပေါ့….. သိပ်ဆွံ့အသွားပြီပေါ့
ဒီအချိန်မှာ မ ကတော့ အရူးပဲ ဟုတ်တယ် ရူးတယ် ရူးတယ်
ရူးလို့ မောင့်ကို ပုံပြီး အရူးလိုချစ်ခဲ့တာ မောင်သိရဲ့လား
မ ရဲ့ နုပျိုခြင်းတွေကို မောင့်အတွက်ပဲ နှစ်ပေါင်းများစွာ ပုံပေးခဲ့ရတာ
တန်ရဲ့လား… မ ဘက်လေးတစ်ချက်တောင် မောင်မကြည့်ခဲ့ဘူးနော်…
မောင်လုပ်ရက်လိုက်တာ…ဒီမိန်းမက မ ထက် ဘာတွေများသာနေလို့လဲ
မောင်ရယ်…. ”
အဲ့ဒီနောက် နောက်ထပ်အသံကိုလုံးဝထပ်မကြားရတော့
အိမ်အိုလေးကတော့ အထီးကျန်စွာနဲ့ အိပ်စက်နှင့်နေပြီ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“ ကျီ…ကျွီ….ကျွီ… ”
အိမ်ရှေ့က ဒန်းလေးတောင် မစီးတာကြာလို့ထင်တယ် အသံမျိုးစုံထွက်နေလိုက်တာ
စိတ်ပျက်စရာပဲ ၊ ….
“ မောင်ရော… မ နဲ့အတူတူ ဒန်းယှဉ်စီးရတာ ပျော်ရဲ့လား
မောင့်ကြည့်ရတာ မလန်းဘူးမောင်ရယ်… မောင်နေမကောင်းဘူးလား….
မ စိုးရိမ်လိုက်တာ… ဟင်…!!!! မောင်
ဘာလို့ ဒန်းပေါ်ကနေ ခုန်ချတာလဲ…..မောင်ရယ် ငြိမ်ငြိမ်နေတာမဟုတ်ဘူး…..
ကဲအခုတော့ ဗွက်တွေပေနေပြီ လာလာ မရေချိုးပေးမယ်..
မ ကလေးလေး ဟီးဟီးဟီးဟီး ”
ရွံ့ဗွက်တွေအပြည့်နဲ့ ခြေရာလေးတွေက
အိမ်ထဲကို တသီတတန်းကြီး ဆက်သွားလို့….. ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“ မဟုတ်ဘူး မောင်မှားတယ်…. အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူအနားမှာ
တစ်သက်လုံး ဟော့ဒီ့လိုလေး ဖက်တွယ်နေခြင်းပဲတဲ့….ဟုတ်တယ်လေ…
ချစ်လို့လွှတ်ပေးလိုက်တာပါဆို အလကား မ ကတော့ ချစ်လို့ကိုမလွှတ်ပေးနိုင်တာ…. ”
အဝေးတစ်နေရာကိုလှမ်းကြည့်နေတဲ့မျက်ဝန်းတွေက မျက်ရည်စတစ်ချို့ပါနေမှာပါ
“ မောင်ရယ်….စိတ်ကူးနဲ့တောင် ခဏလေးဝေးသွားဖို့ မ …မတွေးရဲ့ဘူး…
မောင်သာ ထားသွားခဲ့မယ်ဆို..မ…မ…ဟူး….တော်ပါပြီ….မောင်က ဘယ်လို့လုပ်ထားသွားမှာလဲ
ဟုတ်တယ်နော်မောင် …. မ အနားမှာပဲ တစ်သက်လုံးနေ…. မလည်း မောင့်အနားမှာပဲ
တစ်သက်လုံးနေမှာ…သေသွားရင်တောင် Shutter ကားထဲကလို သရဲမဘ၀နဲ့ သရဲကြောက်တတ်တဲ့မောင်ရဲ့
ဂုတ်မှာ အမြဲတွယ်ကပ်နေချင်တာ….ဟီးဟီးဟီးဟီး…မ ကလေးလေး သရဲဆိုတဲ့အသံကြားတာနဲ့
လန့်သွားလိုက်တာ ကြည့်စမ်းပါဦး…. ”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မွန်းကြပ်စရာကောင်းလှတဲ့ အုပ်နံရံတစ်ခုကို လူတစ်ယောက်အသားလေးဝင်လို့ရတဲ့
အပေါက်တစ်ခုဖြစ်နေအောင် လုပ်ထားရင်း အဲ့ဒီအပေါက်ဝကနေ တိုးတိုးလေး….
“ မောင် ဒီထဲမှာဆို မောင့်ကို ဘယ်သူမှ ရှာတွေ့မှာ မဟုတ်တော့ဘူး…
မောင် အေးအေးဆေးဆေးအိပ်နော်…ဘာမှမကြောက်နဲ့ မ တံခါးလည်းပိတ်ပေးထားမယ်
တံခါးအပြင်ဘက်မှာ မ စောင့်အိပ်ပေးမယ်နော်…မ အိပ်နေတုန်း မောင့်ကို သူများခိုးသွားမှာစိုးလို့
ဒီထဲမှာ ထည့်သိပ်ရတာ မောင်နားလည်ပေးပါနော်…မ..မောင့်ကိုသိပ်ချစ်တယ်…. ”
နံရံထဲကို အပြည့်ထည့်ပြီးနောက် နံရံလျှိုပေါက်လေးကို
သံးထပ်သားပြားလေးနဲ့အသာလေး မသိမသာ ပြန်ကာထားလိုက်တယ်….
အဝေးကကြည့်မယ်ဆို အိမ်နံရံတစ်ခုလို့ပဲထင်မိမှာပါ… ၊ နံရံအနောက်မှာ
လူတစ်ယောက်ဆံ့နိုင်တဲ့ အခေါင်းပေါက်ကြီးတစ်ခုရှိမယ်လို့ ဘယ်သူမှထင်မိမှာမဟုတ်ဘူး ၊
အပေါက်ကလေးကို ပိတ်လိုက်ပြီးမှ …..
“ မောင် အထဲမှာ နွေးတယ်နော်…လုံခြုံတယ် မောင့်အသားတွေအရမ်းအေးနေတာ
ဒီထဲမှာဆို မောင်နေပြန်ကောင်းလာမှာပါ….. ”

အူးကြောင်ကြောင်နိုင်တဲ့ထမင်းဝိုင်းတစ်ခုဆိုလည်းမမှားနိုင်ဘူး…..
ထမင်းစားပွဲပေါ်မှာ ထွန်းထားတဲ့ဖယောင်းတိုင်ကြီးက Romantic လုံးဝ မဆန်သလို
ဖုန်တွေပေနေတဲ့ ပန်းကန်တွေ ၊ အပြည့်နီးပါး ထည့်ထားတဲ့ ၀ိုင်ခွက်တွေနဲ့…..
အိမ်ကြီးတစ်ခုလုံးကိုအမှောင်ချထားသေးတယ် ၊
“ မောင်….. ဒီနေ့က မ တို့ ဆယ်နှစ်ပြည့် Anniversary လေ…. ၊
မောင်သတိမရပေမယ့် မ က ဘယ်မေ့ရပါ့မလဲ…. ပထမဆုံးနေ့ကမြင်မြင်ချင်း
မ စွဲလမ်းမိတဲ့ မောင်ဆံပင်နက်နက်လေးတွေ ၊ မျက်ခုံးလေးတွေ ၊ နှုတ်ခမ်းထူထူလေး…. ၊
နောက်ပြီး မောင်ပေးခဲ့တဲ့ပန်းပွင့်လေး… ၊ မောင်ပြောခဲ့တဲ့ မ ကို ဘယ်လိုချစ်ပါတယ်ဆိုတဲ့
စကားတွေ….ဟူး…..မ လေ…မောင့်ကိုသိပ်ချစ်တာပဲ ”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကဗျာမဆန်တဲ့နေ့စွဲတွေက မနေ့ကအတိုင်းကွက်တိကျနေလောက်အောင်
ညည်းငွေ့ပျင်းရိစရာကောင်းနေတယ် ၊ တစ်ခါတစ်လေ ပြက္ခဒိန်အစုတ်ကြီးကိုတောင်
မီးရှို့လိုက်ချင်သေးတယ် ၊ သက္ကရာဇ်အိုတွေအမြန်ကုန်သွားပါစေဆိုတဲ့စိတ်နဲ့……
“ မောင်ရယ်… မ ကို ဘာလို့ လမ်းခွဲမယ်လို့ ပြောထွက်ရတာလဲဟင်…. ”
ညှင်ညှင်သာသာလေးပြောနေတဲ့အသံဆိုပေမယ့် နျာကင်မှုကြောင့်
တုန်ယင်နေတာအသိအသာကြီး….
“ မောင် အဲ့လို ထားသွားခဲ့ရင် မ ရူးသွားလိမ့်မယ်…မောင်တကယ်
ထားခဲ့တော့မှာလား…မ…ကို…တစ်ယောက်တည်း မနေတတ်အောင် ချစ်ပြခဲ့ပြီးမှ
အခုတော့ အရူးဖြစ်အောင် လုပ်ရက်လေသလားမောင်ရယ်…..ဟာ…
မောင်….ဒီလက်ကိုဘာလို့လွှတ်ချလိုက်တာလဲ…မောင်တရားလွန်နေပြီနော်…
မ …မောင့်ကို သစ္စာရှိရှိနဲ့ နှလုံးသားတစ်ခုလုံးပုံပြီးချစ်ခဲ့တာပါ….မောင်မို့လို့လုပ်ရက်တယ်
မောင်….မသွားရဘူး…မ ကို ထားပြီး မောင်ဘယ်မှမသွားရဘူး….မောင်……. အား…… ”
ပြောပြောဆိုဆိုနဲ့ လက်ထဲမှာ ခိုးဝှက်ကိုင်ထားတဲ့ ကပ်ကြေးကို မြှောက်ကိုင်လိုက်ရင်း
အချွန်နဲ့အတူ အရှိန်ပြင်ပြင်းလေးနဲ့ ကမ္ဘာမြေကြီးဆွဲအားအတိုင်း
အလိုက်သင့်လေး…… ။

မြိုခိုးများဝေနေသည့် ဆောင်းတွင်းမို့ အနက်ရောင်ဆွယ်တာလေးနဲ့အတူတူ
စာအုပ်လေးတစ်အုပ်ကိုပိုက်ထားရင်း လက်ထဲက ဘိုရုပ်လေးတစ်ရုပ်နဲ့ ကစားနေတဲ့
ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ယောက်ကို အခန်းဝနားက
အဒေါ်ကြီးတစ်ယောက်က လှမ်းအော်လိုက်တယ်
“ ဟဲ့သမီး ကက်ကြေးကြီးနဲ့ မဆော့ရဘူးလေ…ထိုးမိကုန်ရင်ဘယ်လိုလုပ်မလဲ…
သမီးရင်ဘက်ထဲက အရုပ်ကို ထိုးမလို့လား…မလုပ်ပါနဲ့ သမီးလေးရယ်…အရုပ်ကိုပျက်စီးအောင်မလုပ်ပါနဲ့
သမီးလေးက ဒီအရုပ်လေးကို သိပ်ချစ်တာမဟုတ်လား……သမီးလေးကပ်ကြေးနဲ့ အရုပ်ကိုထိုးလို့ အရုပ်လေး
မထိပဲ သမီးလေး ရင်ဘက်ထိသွားရင် သမီးလေး သေသွားမှာပေါ့…ဒဏ်ရာတွေရနေမယ်
ကက်ကြေးချထားနော့် လိမ္မာတယ် ”
မိန်းကလေးက မရယ်မပြုံးရုပ်ကလေးနဲ့ မျက်လုံးအသေကြီးတွေကို ရွေ့ဖို့ကြိုးစားရင်း
လက်ထဲက ကပ်ကြေးကို ချလိုက်ပြီးတော့ အခန်းထဲကနေ အခန်းထောင့်တစ်နေရာကို ထွက်သွားတယ် ၊
လက်ထဲကအရုပ်ကလေးကိုတော့ လုံးဝ မချဘူး ရင်ထဲမှာပဲ တယုတယ ပွေ့ထားရင်းနဲ့ပေါ့… ၊
အခန်းထောင့်တစ်နေရာရောက်တော့ ဟောင်းနွမ်းနေတဲ့ နံရံလေးကို ဖွဖွလေးပွတ်ရင်း
တိုးတိုးလေးတစ်ခွန်းပြောလိုက်တယ်….
“ မောင် အရမ်းချမ်းနေလား နေလို့ရောကောင်းရဲ့လား…… ”
#END
မိုးစွေ
(28.4.2019-2:51AM)
Credit

Comments
Post a Comment