သက်ရှိပန်းချီကား
ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် )
( စ - ဆုံး )
“ ဒီလူကို ဘယ်သူအရင်စတွေ့တာလဲ
နောက်ပြီး ဒီအခန်းထဲကို ဘယ်သူအရင်ရောက်ပြီး
ဒီအဖြစ်အပျက်ကို သိသွားတာလဲဆိုတာလေး
တစ်စိတ်လောက်ပြောပြပေးပါ ”
ဒုရဲမှူး ‘ ထွန်းသစ် ’ မှ ရန်ကုန်မြို့လည်ရှိ
အလွန်ခန်းနားသော တိုက်ကြီးတစ်ခု၏
ဒုတိယထပ် အခန်းငယ်တစ်ခုအတွင်းမှ
သေဆုံးနေသော သူနှင့် ပတ်သတ်သည့်
အမှုအတွက် မေးမြန်းသင့်သည့် သူများအား
စစ်ဆေးမေးမြန်းနေခြင်းဖြစ်သည် ။
လူသေဆုံးပုံမှာ လွန်စွာ ထူးဆန်းလှသည်
အခန်းမှာ အလုံပတ်အခန်းဖြစ်ပြီး ပိုင်ရှင်မှအပ
အခြားသူများ လူဝင်လူထွက်ပြုရန် မဖြစ်နိုင်ချေ ။
ဝင်ပေါက်တစ်ခုတည်းသာရှိပြီး ထိုတံခါးကို
ဖွင့်ပြီးမှသာ အခန်းထဲသို့ဝင်နိုင်ပေသည် ။
တိုက်ကြီး၏ လုံခြုံရေးမှာလည်း
လူအစောင့်များအပြင် security camera
များတပ်ဆင်ထားသဖြင့် အဆင့်မှီလှသည် ။
ဒုရဲမှူး ‘ ထွန်းသစ် ’ လည်း တိုက်ကြီး၏
လျှောက်လမ်းများနှင့် သေဆုံးသူ
အခန်းတစ်လျှောက်လူသွားလမ်းများ ၏ camera
Record များကို စစ်ဆေးနေလေသည် ။
ထူးခြားမှုတစ်စုံတစ်ရာမျှမမြင် ။
သေဆုံးသူ၏ ဘေးခန်းတွင်နေထိုင်သူများအပြင်
တိုက်တစ်ခုလုံးတွင် တာဝန်ကျ လုံခြုံရေးများအား
စစ်ဆေးမေးမြန်ရာတွင်လည်း မည်သူမျှ
ရေရေရာရာ မသိကြ မဖြေနိုင်ကြပေ ။
ထို့အပြင် သေဆုံးသူနှင့်ပတ်သက်၍
အမည် ‘ ဦး ၀င်းကြိုင် ’ ၊
အသက် ၄၀ ကျော်ခန့်ရှိပြီး ၊ အလုပ်အကိုင် မှာ
ရှေးဟောင်းပစ္စည်း ရောင်းဝယ်ရေးမှ
ပွဲစားတစ်ဦးဖြစ်ပြီး ၊ ၀ါသနာမှာ
ရှေးဟောင်းပစ္စည်းများ စုဆောင်းခြင်းဖြစ်သည် ။
ထိုသူမှာ သူစုဆောင်းထားသည့်ပစ္စည်းများကိုလည်း
အခြားသူများနှင့် လေလံပွဲများတွင်
ဈေးမြှင့်ကာ ရောင်းချနေသူ တစ်ဦးလည်းဖြစ်သည် ။
လူသေမှု ဖြစ်စဉ်မှာ
နံနက်ခင်း ကွယ်လွန်သူ ‘ ဦး ၀င်းကြိုင် ’ ၏
မှာကြားချက်အရ နေ့စဉ် အခန်းဝန်ဆောင်မှုနှင့်
မနက်စာ လာပို့ပေးနေသည့် အမျိုးသမီးလေး
တစ်ဦးရှိသည် ၊ ထို အမျိုးသမီးလေးမှာ
ပုံမှန်အတိုင်း ‘ ဦး ၀င်းကြိုင် ’ ၏အခန်းတံခါးကို
ခေါက်ကြည့်ရာ အထဲမှ တစ်စုံတစ်ရာ ပြန်မပြောသဖြင့်
တံခါးကိုတွန်းကြည့်ရာ တံခါးမှာ ဖွင့်သားဖြစ်နေသည်ကို
မြင်ရသဖြင့် အခန်းတွင်းသို့ဝင်လိုက်ရာ
အခန်းမီးမှာ မှိတ်ထားလေသည် ၊
တံခါးဖွင်ထားရာမှ ၀င်လာသည့် အလင်းရောင်ကြောင့်
အခန်းအ၀တည့်တည့်ရှိ ထိုင်ခုံတစ်ခုတွင်
‘ ဦး ၀င်းကြိုင် ’ မှာ တံခါးဝဘက်အား
ကျောပေးထိုင်နေလျှက် ရှေ့မှ ပန်းချီကားတစ်ချက်ကို
ငြိမ်သပ်စွာ ထိုင်ကြည့်နေသည်ကို မြင်လိုက်ရသည် ။
မနက်စာလာပို့သည့် အမျိုးသမီးငယ်လည်း
‘ ဦး ၀င်းကြိုင် ’ ကို မနက်စာရောက်ပြီဖြစ်ကြောင်း
ပြောရာ ‘ ဦး ၀င်းကြိုင် ’ မှ မည်သည့်တုန့်ပြန်မှုမျှ
ပြန်မပြုသည့်အတွက် ‘ ဦး ၀င်းကြိုင် ’ ၏
ပုခုံးကို အသာထိလိုက်ရင်း ခေါ်ကြည့်လိုက်ရာ
ထိုင်နေသည့် ‘ ဦး ၀င်းကြိုင် ’ မှာ ချက်ချင်း
ဘယ်ဘက်သို့ ဇာတ်ကျိုးကျသွားပြီး
မျက်နာကြီးမှာ ညာဘက်သို့ လှည့်လျက်ဖြစ်သွားလေသည် ။
သူမျက်နာလှည့်လာသည့်ဘက်မှာ
မနက်စာလာပို့သည့် မိန်းမငယ်လေးရှိရာ ဘက်ဖြစ်နေသဖြင့်
မိန်းကလေးမှာ ‘ ဦး ၀င်းကြိုင် ’ ၏
ရုပ်ပျက်ဆင်းပျက်မျက်နာကြီးအား
မြင်လိုက်ပြီးနောက် ငယ်သံပါအောင်အော်ရင်း
ထွက်ပြေးသွားခြင်းဖြစ်သည် ။
မိန်းကလေးမြင်လိုက်ရသည်မှာ
‘ ဦး ၀င်းကြိုင် ’ သည် မျက်လုံးကြီးနှစ်လုံးအလွန်အမင်း
ပြူးထွက်နေလျှက် ပါးစပ်ကြီးများ ပြဲနေပြီး
လျှာတစ်လစ်ကြီးဖြင့် ကြောက်လန့်ဖွယ်ရာ
တစ်စုံတစ်ခုအား မြင်ရ၍ အကြောက်လွန်ပြီး
နှလုံးရပ်ကာ သေဆုံးနေခြင်းဖြစ်သည် ။
အလောင်းအား ခွဲစိတ်စစ်ဆေးရာတွင်လည်း
သေဆုံးချိန်မှာ ည သန်းခေါင်းချိန်ဖြစ်သည်ကို
သိရသဖြင့် မနက်စာလာပို့သည့်
မိန်းကလေးအား သံသယ၀င်နိုင်စရာမရှိ ။
ရက်အတန်ကြာသော် ….
` လူသေဆုံးမှုဖြင့် ချိတ်ပိတ်ထားသည့်
အခန်းတွင်းသို့ ဒုရဲမှူး ‘ ထွန်းသစ် ’ ပြန်ရောက်လာခဲ့သည် ၊
သူကိုယ်တိုင် တာဝန်ယူထားရသည့် အမှူဖြစ်၍
ထိုအမှူ၏ ဖြစ်ရပ်အမှန်ကို ဖော်ထုတ်ရန်
ရေကုန်ခမ်းကုန် ကြိုးစားရမည်မဟုတ်လား ။
အခန်းငယ်လေးမှာ ခြောက်သွေ့နေပြီး
သေဆုံးသာ ထိုင်ခဲ့သည့် ထိုင်ခုံအလွတ်လေးနှင့်
ထိုထိုင်ခုံရှေ့ရှိ ပန်းချီကားတစ်ချက်ကိုသာ
ဒုရဲမှူး ‘ ထွန်းသစ် ’ အာရုံစိုက်နေမိသည် ။
အထူးသဖြင့် ပန်းချီကား… ။
ပန်းချီကားမှာ နှစ်ပေါင်းအလွန်ကာမြင့်သည့်ဟန်
ရှိပြီး ရှေးဟောင်းလက်ရာတစ်ခုဖြစ်သည် ၊
ထိုပန်းချီကားသည် အင်္ဂလိပ်ခေတ် မြန်မာပြည်
တစ်နေရာရာရှိ ကလေးငယ်တစ်ဦး၏
ဆင်းရဲမွဲတေကာ ဘ၀ပျက်၍ ဒုက္ခတစ်ခုခု
ရောက်နေသဖြစ် ၀မ်းနည်းကာ ငိုကြွေးနေဟန်ကို
ပီပီပြင်ပြင် ရေးခြယ်ထားသည် ။
ပန်းချီကားအတွင်းရှိ ကလေးငယ်မှာ
မိန်းကလေးဖြစ်ပြီး အသက်အားဖြင့် ဆယ့်သုံးနှစ်ခန့်သာ
ရှိလောက်သည် ၊ ဆံပင်များမှာ ရှုပ်ထွေးနေပြီး ၊
အပေါက်များ ၊ အပ်ချည်ဖြင့် ဖာထားသည့် ချုပ်ရိုးရာများစွာနှင့်
ပြည့်နှပ်နေသော အညိုရောင် အ၀တ်အစားကို
ဝတ်ဆင်ထားသည် ။ ကလေးမ၏ မျက်နာတွင်လည်း
သဲများ ၊ ဖုန်များဖြင့် ပေရေနေလျှက်
မျက်ဝန်းအစုံမှ မျက်ရည်များ ပြိုကျနေလေသည် ၊
ထူးခြားချက်မှာ ကလေးမ၏ လက်နှစ်ဖက်မှာ
သူမ၏ အကျီ င်္ အောက်ဘက် အစွန်စများကို
တင်းတင်းဆုတ် ကိုင်ထားလျှက် နှုတ်ခမ်းမျာကို
တင်းထားပုံမှာ တစ်စုံတစ်ရာအား နာကျင်ခံစားရသဖြင့်
မျက်ရည်များကျနေသည့်ကြား ၊ ၀မ်းနည်းသည့်ကြားမှ
အံကိုတင်းထား ၊ စိတ်ကို မလျှော့ပဲ ဒေါသများ နှင့်
နာကျည်းမှုအချို့ ရောထွေးနေပုံဖြစ်သည် ။
မည်သို့ပင်ဆိုစေကာမူ
ပန်းချီဆရာ၏ လက်ရာမှာ အသက်ဝင်လှသည် ။
ထိုခေတ်ထိုကာလမှ ကလေးငယ်တစ်ဦး၏
ခံစားချက်မျိုးစုံဖြစ်နေသည့် ပုံရိပ်အား ကျွမ်းကျင်လှသည့်
ပန်းချီ စုတ်ချက်များဖြင့် ပုံဖော်ထားသည်မှာ
အနုပညာ မြောက်လှသဖြင့် ဒုရဲမှူး ‘ ထွန်းသစ် ’ ပင်
ရင်ထဲတွင် ၀မ်းနည်းလာသလိုလို ၊
သနားလာသလိုလို ခံစားမိလိုက်ရပေသည် ။
သို့သော် ပန်းချီဆရာ၏ အမည်နှင့်
ပန်းချီကားတွင်းမှ ကလေးငယ်တို့မှာ
ဘယ်သူဘယ်ဝါမှန်း မသိရှိခဲ့ရ ။
အမှုတစ်ခုလုံး၏
ဦးတည်ချက်မှာ ထို ပန်းချီကားအပေါ်
သက်ရောက်နေသည့်နယ် ဖြစ်နေသည့်အတွက်
ဒုရဲမှူး ‘ ထွန်းသစ် ’ လည်း ပန်းချီကား၏
သမိုင်းကြောင်းများ ရာဇ၀င်များ ၊
စသည်တို့ကို စုံစမ်းရန်
ထိုပန်းချီကားအား တိုက်ခန်းမှတစ်ဆင့်
ယူဆောင်သွားပြီးနောက် သူ၏ကားထဲသို့
ထည့်လိုက်ကာ လိုင်းခန်းရှိရာသို့
ပြန်လာခဲ့လေသည် ။
လူသေမှုအကြောင်းစိတ်ဝင်စားနေကြသည့်
တိုက်ခန်းမှ လူများက တန်းခန်းအောက်ဘက်တွင်
တစ်ရုန်းရုန်းဖြင့် ဒုရဲမှူး ‘ ထွန်းသစ် ’ မှ ပန်းချီကားအား
သေဆုံဆုံးသူအခန်းမှ သယ်သွားခြင်းကို
အမျိုးမျိုး ထင်ကြေးပေးနေရစ်ခဲ့သည် ။
ဒုရဲမှူး ‘ ထွန်းသစ် ’ တစ်ယောက်
သူနေထိုင်ရာ လိုင်းခန်းအတွင်းသို့ ရောက်ရှိပြီးနောက်
ကားအတွင်းမှ ပန်းချီကားအား သူ၏
အခန်းအတွင်းသယ်ဆောင်လာပြီး
အခန်းတစ်နေရာတွင် ခေတ္တ ထောင်ထားလိုက်သည် ။
ထို့နောက် ကိုယ်လက်သန့်စင်ရန်နှင့်
လန်းဆန်းသွားစေရန် ရေမိုးချိုးလေတော့သည် ။
ဒုရဲမှူး ‘ ထွန်းသစ် ’ ရေချိုးနေချိန်တွင် ရေချိုးခန်းအပြင်မှ
ကလေးတစ်ဦး၏ ငိုသံကို
သဲသဲကွဲကွဲကြားလိုက်ရလေတော့သည် ။
သူနေထိုင်ရာ လိုင်းခန်းမှာ လူပျိုဆောင်ဖြစ်၍
မည်သည့် ကလေးမျှ မရှိသည်မှာသေချာလှသည် ။
အဘယ်ကြောင့်ကလေးငိုသံကြားရသနည်း ။
ဒုရဲမှူး ‘ ထွန်းသစ် ’ လည်း ရေကို
ကမန်းကတန်းချိုးပြီးနောက်
အခန်းတွင်းသို့ချက်ချင်းပြေးသွားပြီး
ငိုသံကြားရသည့်နေရာကိုလိုက်ရှာရင်း
သူ၏မျက်လုံးများသည် အမှတ်မထင်
နံရံကိုမှီကာထောင်ထားသည့် ပန်းချီကားအား
မြင်လိုက်ရင်း ကြောင်သွားပြီး ခေတ္တမျှ
စိုက်ကြည့်နေမိလေသည် ၊
ပန်းချီကားအတွင်းမှ ကလေးငယ် ငိုသံပေလော ။
ထိုအချိန်တွင် ထူခြားစွာ ထိုင်းမှိုင်းသည့်
ရနံ့တစ်ခုကိုရလိုက်လေသည် ၊ သွေးညှီနံ့ လော
ဟောင်းနွမ်းနေသည့် ပန်းချီကားမှ ဆေးနံ့များလေလော
သေချာမသိနိုင်ချေ ။
စဉ်းစားနေသည့် အတွးများအား ရပ်တန့်လိုက်ရင်း
ဒုရဲမှူး ‘ ထွန်းသစ် ’ အိပ်ယာထက်တွင် ကျောခင်းလိုက်ရင်း
နိုးတစ်ဝက် ၊ အိပ်တစ်ဝက် ဖြစ်နေလေသည် ။
ထိုအချိန်တွင် သူရောက်ရှိနေသည့်နေရာမှာ
သူ၏ လိုင်းခန်းမဟုတ်ပဲ မြို့ကြီးတစ်မြို့ဖြစ်နေလေသည် ၊
ထိုမြို့ကြီးအတွင်း လူအများဟိုဟိုဒီဒီ ပြေးလွှားနေကြသည်
မည်သည့်နေရာမှ ပစ်ခတ်နေမှန်းမသိသည့် သေနတ်သံများ
ဗုံးသံများမှာ နားကွဲလုမတက် ကြားနေရလေသည် ။
ဒုရဲမှူး ‘ ထွန်းသစ် ’ လည်း လူအများကြား အသက်လုကာ
ပြေးရင်းလွှားရင်း တစ်နေရာအရောက်တွင်
မီးလောင်နေသည့် အိမ်ကြီးတစ်အိမ်ရှေ့ရှိ
ဗုံးဒဏ်ကြောင့် သေဆုံးသွားကြဟန်ရှိသည့်
လူသေအလောင်းများကိုကြည့်ကာ
ငိုနေသည့် ကလေးငယ်တစ်ဦးကို
မြင်လိုက်ရသည့် ကလေးငယ်မှာ
ဆင်းရဲသည့် မိသားစုမှ ကလေးဖြစ်ပုံရပြီး
မိသားစုများ မျက်စိရှေ့တွင် သေဆုံးသွားကြသဖြင့်
ငိုကြွေးနေပုံရသည် ၊ ထိုမြင်ကွင်းကြောင့်
ဒုရဲမှူး ‘ ထွန်းသစ် ’ လည်း ၀မ်းနည်းသွားပြီး
ကလေးအနားသို့ပြေးသွားလိုက်ချိန်
ထိုကလေးမအနားရောက်လုလုတွင်
ပတ်ဝန်းကျင်တစ်ခုလုံးရှိ လူများ ၊ အသံများ
ပျောက်ကွယ်သွားပြီး အမှောင်ထု ဟင်းလင်းပြင်ကြီး
တစ်ခုထဲတွင် ကလေးမလေးနှင့် ဒုရဲမှူး ‘ ထွန်းသစ် ’
နှစ်ဦးတည်း ရှိနေကြလေသည် ၊
ဒုရဲမှူး ‘ ထွန်းသစ် ’ လည်း ရုတ်တရက်ဖြစ်စဉ်ကြောင့်
ကြောင်သွားပြီးနောက် ကြောက်စိတ်လည်းဝင်လာလေသည် ။
ထိုအချိန်မှာပင် မျက်စိရှေ့မှ ကျောပေးထားသည့်
ကလေးမလေးမှာ ဒုရဲမှူး ‘ ထွန်းသစ် ’ ဘက်သို့ လှည့်လိုက်ပြီး
ကောက်ကျစ်စွာ ပြုံးနေသည့် မျက်နာထားဖြင့်
တစ်ချက်ကြည့်လိုက်သည် ။
မည်သည်ကြောင့်နည်း … ။
ကလေးမလေး၏ မျက်နာကို မြင်လိုက်ရသော
ဒုရဲမှူး ‘ ထွန်းသစ် ’ မှာ လွန်စွာ ကြောက်ရွံ့ တုန်လှုပ်သွားလေသည် ။
ထိုကလေးမလေးမှာ ပန်းချီကားထဲမှ
ကလေးမလေး ဖြစ်နေသောကြောင့်ပင် ။
ထိုစဉ် မျက်စိရှေ့ရှိ ကလေးမမှာ
ဒုရဲမှူး ‘ ထွန်းသစ် ’ ရှိရာသို့ပြေးလာပြီးနောက်
ရယ်မောလျှက် ဒုရဲမှူး ‘ ထွန်းသစ် ’ ၏
လည်ပင်းကို ညှစ်လေတော့သည် ။
လည်ပင်းညှစ်နေသူ
ကလေးမ ၏လက်မှာ
ကလေးပင်ဖြစ်လင့်ကစား
ဗလကြီးသော လူတစ်ဦး၏
လက်ထက်ပင် ပို၍ သန်မာလေသည် ။
တစ်ချိန်တည်းဆိုသလိုပင်
ဒုရဲမှူး ‘ ထွန်းသစ် ’ မျက်လုံးများပြာဝေလာလျှက်
လျှာမှာ လည်ပင်းအစ်လွန်း၍
အပြင်သို့ပင် ထွက်လာလေသည် ။
မည်သို့ပင် ရုန်းကန်ရုန်းကန်
ကလေးငယ်မှာ အပြုံးမပျက်ပေ ။
စင်စစ်မိစ္ဆာပင် ။
ထိုအချိန်တွင် မြေပြင်ပေါ်ပြစ်လှဲကျနေသည့်
ဒုရဲမှူး ‘ ထွန်းသစ် ’ အပေါ်တွင် ခွထိုင်ကာ
လည်ပင်းညှစ်နေသည့် ကလေးမမှာ သူ၏
လက်အနေထားကို ပြောင်းလိုက်ဟန်ဖြင့်
ဒုရဲမှူး ‘ ထွန်းသစ် ’ ၏ လည်ပင်းအောက်ပိုင်းကို
ညှစ်လေတော့သည် ၊ အသေသတ်ရန်ရည်ရွယ်ထားပုံရှိသည် ။
ဒုရဲမှူး ‘ ထွန်းသစ် ’ မှာ မျက်ရည်များ ဝေလာပြီး
ပါးစပ်မှ အမြှုပ်များပင်စီလာလေတော့သည် ။
ထိုစဉ် “ အား………….. ”
ဟူသော အသံနက်ကြီးဖြင့် ဒုရဲမှူး ‘ ထွန်းသစ် ’ အား
လည်ပင်းညှစ်နေသည့် ကလေးမ လွင့်ဝင်ပျောက်ကွယ်
သွားလေသည် ။
“ အဟွတ်..အဟွတ် ”
ရုန်းကန်နေရာမှ မျက်စိနှစ်လုံးပွင့်လာလေသည် ။
အိပ်ယာမှ နိုးနိုးချင်းတွင် ဒုရဲမှူး ‘ ထွန်းသစ် ’
ကြောက်လန့်နေလေသည် ၊ လည်ပင်းမှာလည်း
အမှန်တကယ် ညှစ်ခံရသလို ခံစားနေရပြီး
အသက်ရှူပင် သိပ်မ၀ချင်တော့ ၊ အမှတ်မထင်
သူ၏ လည်ပင်းကို ပြန်စမ်းမိရာ လည်ပင်းတွင်
မကြာမှီက ဆရာတော်ဘုရားတစ်ဦး
ပေးခဲ့သည့် အန္တရယ်ကင်း ပရိတ်ကြိုးအား
စမ်းပြီးလေသည် ၊ ထို့နောက် ဖြစ်စဉ်အစုံအလင်အား
ရိပ်စားမိလျှက် ကုတင်ခြေရင်း နံရံတွင်
ထောင်ထားသည့် ပန်းချီကားအားမရဲတရဲ
လှမ်းကြည့်နေမိကာ မျက်မှောင်ကြုတ်ထားလျှက်
အလွန်အမင်း စိတ်လှုပ်ရှားသည့်ဟန်ဖြင့်
စကားတစ်ခွန်း ရေရွတ်လိုက်မိသည် ။
“ ဒီပန်းချီကားက လူသတ်တရားခံပဲ ၊
လူတွေရဲ့ သနားတတ်တဲ့စိတ်ကို အသုံးချပြီး
လူတွေကို သတ်နိုင်တဲ့ သတ်မဲ့ပစ္စည်းတစ်ခုပဲ ….
မဟုတ်ဘူး.. ဒါ..ဒါ ….. သက်ရှိပန်းချီကား ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
‘ မလှမေ ’ မှာ လူလတ်ပိုင်းအရွယ်ရှိပြီး
လက်ရှိ သူမ လုပ်ကိုင်နေသည့် ကုမ္ပဏီမှ
တာဝန်ကြီးသည့် အပိုင်းများအား
တာဝန်ယူထားရသူတစ်ယောက်ပင် ။
အိမ်ထောင်ကျပြီးသည်မှာ
များစွာ မကြာလှသော်လည်း ၊ အမျိုးသား၏
ဝင်ငွေတစ်ခုတည်းကို အားကိုးပြီး
အိမ်တွင်းပုန်းလုပ်နေသည်ကို
မနှစ်မြို့သူ ပီပီ မိမိတတ်ကျွမ်းသော
ပညာအရည်အချင်းဖြင့် မြို့ပြမှ
နာမည်ကြီး ဆောက်လုပ်ရေး
ကုမ္ပဏီကြီး တစ်ခု ၏ ရာထူးကြီးပိုင်း တွင်
ဝင်ရောက်လုပ်ကိုင်နေခြင်းဖြစ်သည် ။
လုပ်ငန်းကျွမ်းကျင်မှုအပိုင်း ၊
တာဝန်ယူမှုအပိုင်း ၊ စနစ်ကျမှု ၊
စီမံမှု စသည်တို့တွင် ‘ မလှမေ ’ သည်
အပြစ်ပြောစရာမရှိလောက်အောင်
တော်လှသဖြင့် သူ၏
ကုမပ္ပဏီ သူဌေးအပါအ၀င်
လူကြီးများက ‘ မလှမေ ’ ကိုသာ
အားကိုး၍ မျက်နာလွဲထားကြရသည် ။
တစ်နေ့တွင် ‘ မလှမေ ’ တို့
ကုမ္ပဏီမှ မြို့၏တစ်နေရာရှိ တိုက်မြင့် ကွန်ဒို
တစ်ခုအတွင်းပိုင်းအား
တာဝန်ယူ ပြင်ဆင်ထားသည့်
လုပ်ငန်းတစ်ခုပြီးစီသွားသဖြင့်
‘ မလှမေ ’ သွားရောက်စစ်ဆေးဖို့ရာ
တာဝန်ကျလာလေသည် ။
တစ်နေကုန် စာရင်းဇယားများဖြင့်
အလုပ်ရှူပ်နေရာမှ သူ့အား တာဝန်ပေးသည့်
အလုပ်ကို ညနေစောင်းမှ လုပ်ရန်
‘ မလှမေ ’ အစီအစဉ် ဆွဲထားလေသည် ။
ဤသို့ဖြင့် မကြာမှီအချိန်တွင်
ညနေစောင်းသို့ရောက်ခဲ့လေသည် ။
‘ မလှမေ ’ လည်း သူမ၏
ကားကလေးဖြင့် လုပန်းငန်းဖွင်ရှိရာသို့
မောင်းထွက်လာခဲ့သည် ။
လုပ်ငန်းခွင် စစ်ဆေးရမည့်
နေရာသို့ရောက်သောအခါ
‘ မလှမေ ’ သူ စစ်ဆေးရမည့်
တိုက်ကြီး အား အကဲခတ်လိုက်လေသည် ။
တိုက်ကြီးမှာ အပြင်ပန်းအမြင်အရ
သစ်လွင်လျှက်ရှိသော်လည်း အတွင်းပိုင်းတွင်
လွန်စွာ ရှေးဆန်သည့် ရနံ့များ
လှိုင်နေပြီး တိုက်ထဲဝင်လိုက်သည်နှင့်
လူရောစိတ်ပါ ထိုင်းမှိုင်းသွားသလို
ခံစားလိုက်ရသည် ။
တိုက်အတွင်းမှ သူမအလာကို
စောင့်မျှော်နေရင်း လုပ်လက်စ
လုပ်ငန်းများကို အချောသပ်နေကြသည့်
အလုပ်သမားများ အလုပ်သမားခေါင်များနှင့်
ရုံးမှ အကြီးအကဲများက ‘ မလှမေ ’ အား
ကြိုဆိုကြရင်း လုန်ငန်ခွင်ကို နှံ့စပ်ရန်
လိုက်လံပြသလေသည် ။
‘ မလှမေ ’ လည်း
အလုပ်ကို စိတ်ဝင်တစား
လိုက်လံ ကြည့်ရှုရင်း လုပ်ငန်းခွင်မှ
ပြီးစီးသွားသည့် နေရာများ၏လိုအပ်ချက်များ ၊
ပြန်ပြင်ရမည့် နေရာများ ၊
စနစ်မကျမှုများ ၊ အရည်အသွေးမမှီသည့်
နေရာများအား စစ်ဆေးနေရင်း
အချိန်ကုန်မှန်းမသိကုန်လာခဲ့လေသည် ။
အလုပ်သိမ်း ရုံးဆင်းချိန်ကို
ရောက်သည်ကို သူမသတိထားမိသည်နှင့်
လုပန်ငန်းခွင်မှ အလုပ်သမားများ တာဝန်ခံများ
အားလုံးကို အလုပ်ဆင်းစေရန်ပြောဆိုပြီး
ထို တိုက်ကြီးတစ်ခုတွင် သူမတစ်ကိုယ်တည်း
အလုပ်များကို အပြီးသတ်ရန်ကြိုးစားနေလေသည် ။
ယခင်ကတည်းက အလုပ်လောဘရှိသည်က
တစ်ကြောင်း ၊ ဒီနေ့ကိစ္စ ဒီနေ့ အပြီး လုပ်တတ်သည်က
တစ်ကြောင်းကြောင့် ‘ မလှမေ ’ တစ်ယောက်
ညမိုးချုပ်လာချိန်တိုင်အောင်ပင် အိမ်မပြန်ဖြစ်သေး ။
တိုက်ကြီး ၏ လှေခါးထစ်များမှ
တဆင့် တိုက်၏ အထပ်များ တစ်ထပ်ပြီး
တစ်ထပ် လိုက်၍ စစ်ဆေးနေလေသည် ။
တိုက်ခန်းတွင် နေထိုင်ကြသူအချို့ပင်
သူတို့၏ အလုပ်များမှ တဖွဲဖွဲ ပြန်ရောက်လာကြလေပြီ ။
‘ မလှမေ ’ လည်း လုပ်ငန်းများအား
တစ်နေရာပြီးတစ်နေရာ စေ့စပ်အောင် စစ်ဆေးပြီးနောက်
နောက်ဆုံး မြေညီထပ်နှင့် များစွာ မကွာလှသည့်
ပထမထပ်နှင့် ဒုတိယထပ်သာ စစ်ဆေးရန်ကျန်လေတော့သည် ။
ဒုတိယထပ်သို့အရောက်တွင် တိုက်ခန်း လှေကားမီးမှာ
မတပ်ဆင်ရသေးသဖြင့် မှောင်မဲနေလေသည် ။
‘ မလှမေ ’ လည်း သတိကြီးစွာထားရင်း လှေကားကို
ဖုန်း ဓါတ်မီးဖြင့် ထိုးကာ တစ်ထစ်ချင်းဆင်းလာခဲ့သည် ။
သူဆင်းလာသည့် လှေကားအဆုံးအရောက်တွင်
ထိုစဉ်
မျက်နာချင်းဆိုင်ရှိ ဓါတ်လှေကားမှာ
အပေါ်မှ တစ်စုံတစ်ယောက်
ဆင်းလာပြီး သူမရောက်နေသည့် ဒုတိယထပ်
အရောက်တွင် ဓါတ်လှေကားထဲမှ တစ်စုံတစ်ယောက်
ဆင်းရန်အတွက် ခလုပ်နှိပ်လိုက်သကဲ့သို့
ဓါတ်လှေကား တံခါးနှစ်ချက်မှာ ပွင့်သွားလေသည် ။
သို့ပေမယ့် ဓါတ်လှေကားထဲတွင် လူတစ်ယောက်မှ
ပါမလာချေ ။
တစ်ဆက်တညးဆိုသလို ဓါတ်လှေကား တံခါး
ပွင့်လာပြီးနောက် သူမရောက်နေသည့် လှေကားမီးမှာ
လျှပ်စီးလတ် သည့်နယ် မှိတ်တုပ်မှိတ်တုပ် ဖြစ်နေလေသည် ။
ထို့နောက် ချက်ချင်း ပြန်၍ မှောင်မဲသွားလေသည် ။
မီးပြန်မှိတ်သွားသည့်အချိန်တွင် သူမလက်ထဲရှိ
ဖုန်းမီးမှာလည်း ထူးဆန်းစွာ မှိတ်သွားလေသည် ။
ပတ်ဝန်းကျင်တစ်ခုလုံးမှောင်မဲလို့ …..
လူမပါပဲ တံခါးပွင့်နေသည့်
ဓါတ်လှေကားနှင့် သူမ နှစ်ယောက်တည်း
မကြောက်တက်သူဖြစ်လင်ကစား
တစ်ကိုယ်တည်းမို့ ခြောက်ခြားမိလေသည် ။
တစ်ချိန်တည်းဆိုသလိုပင် ….
“ တီ………..တီ……..တီ……. ”
သူမဖုန်းမှ Ringtone အသံထွက်လာလေသည် ၊
ရုတ်တရက်ဖြစ်လာသောကြောင့် ‘ မလှမေ ’
လန့်သွားပြီး
တစ်ကိုယ်လုံး နတ်ပူးသလို တုန်သွားမိလေသည် ။
ဖုန်းကြည့်လိုက်သောအခါ
အမျိုးသားဆီမှ ဖုန်းဖြစ်နေလေသည် ။
‘ မလှမေ ’ဖုန်းကို ကိုင်လိုက်ရင်း
“ ဟဲလို မောင် ”
တစ်ဖက်မှလည်း
“ အေး ဟဲလို မေ
မေ မပြန်လာသေးလို့ စိတ်ပူလို့
လှမ်းဆက်လိုက်တာ အလုပ်ရှုပ်နေတုန်းလား မေ
မောင်လာကြိုရမလား ”
“ ဟုတ်တယ်မောင်ရေ
အခုထိအလုပ်က မပြီးသေးဘူး
သိပ်မကြာတော့ဘူး မောင်
နောက်နာရီဝက်ဆိုရင် ပြီးပါပြီ
မောင် မလာနဲ့ ထမင်းစားထားနှင့်တော့
မေ့ကို စောင့်မနေနဲ့ ”
“ မဟုတ်တာမေရာ
တူတူစားကြတာပေါ့ မောင်လည်း
မဆာသေးဘူး မေ့ကိုစောင့်နေမယ် ”
“ ဟုတ်ပြီ မောင်
ဒါပဲနော် ခဏနေ တွေ့မယ် Bye ”
( မ…လာ….နဲ့…. )
ဖုန်းချရန် ‘ မလှမေ ’ ပြင်နေစဉ်
ဖုန်းထဲမှ သူမ၏ အမျိုးသားအသံမဟုတ်သည့်
လေသံသဖွယ်
အသံတစ်မျိုးကို ကြားလိုက်ရသည် ။
‘ မလှမေ ’ လည်း ခေတ္တမျှုငြိမ်သပ်မိရင်း
သေချာနာထောင်မိသည် …
သို့ပေမယ့် တစ်ဖက်မှလူ ဖုန်းချသွားသည့်တိုင်
ဖုန်းထဲမှ ထိုစကားကိုပင်
လေသံဖြင့် ထပ်ခါထပ်ခါ ပြောနေပြန်သည် ။
ဖုန်းလိုင်းပူးနေတာဖြစ်မယ်ဟု
စိတ်တင်းကာ ‘ မလှမေ ’ ဖုန်းကို ချလိုက်လေသည် ။
ထိုအချိန်တွင် ဆန်းကြယ်စွာ
ဖုန်းမလာမှီအတန်ကြာက သူ့ဘာသာသူ
ပိတ်သွားသည့် ဖုန်းဓါတ်မီးမှ ‘ မလှမေ ’
မဖွင့်ပါပဲ ပြန်လင်းလာလေသည် ။
‘ မလှမေ ’ကြောက်ကြောက်ဖြင့်
မှောင်နေသည့် ပတ်ဝန်းကျင်နှင့်
လူသွားစင်္ကြန်တစ်လျှောက်ကို
ဟိုဟိုဒီဒီ မီးဖြင့် လိုက်ထိုးကြည့်နေမိသည် ။
မည်သည့် လှုပ်ရှားမှုမှ မတွေ့ရချေ ။
ဒုတိယထပ်မှ
အလုပ်ကို အဆုံးသတ်ရင်း
ပထမထပ်သို့ ဆင်းရန်ပြင်နေစဉ်
သူမ နောက်ကျောရှိ အခန်းမှ
အသံတစ်ခု ကြားလိုက်ရသည်
“ ဒေါက် .. ဒေါက် ”
“ ဒေါက် .. ဒေါက် ”
အခန်းတွင်းမှ တံခါးခေါက်သံဖြစ်သည် ။
အခန်းတံခါးအား ဖုန်းမီးဖြင့်ကြည့်လိုက်ရာ
တံခါးမှာ အပြင်မှ သော့ခတ်ထားပုံရှိသည် ။
အခန်းတွင်း လူကျန်ခဲ့သည်ကို သတိမပြုမိပဲ
တစ်စုံတစ်ယောက်က တံခါးအား သော့ခတ်သွားသည်
အထင်ဖြင့် အခန်းထဲမှ တံခါးခေါက်နေသူအား
စိတ်ပူသွားလေသည် ။
‘ မလှမေ ’ ထို အခန်းနားကပ်လျှက်
အသံပြုလိုက်သည် ။
“ လူရှိလား… ”
ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက်
အခန်းတွင်းမှ …
“ ဒေါက်..ဒေါက် ”
ဟု တံခါးပြန်ခေါက်သံကြားလိုက်ရလေသည် ။
တစ်ပြိင်တည်းဆိုသလိုပင် ‘ မလှမေ ’ လည်း
အခန်းတွင်းမှကျန်ရစ်သူအား ကယ်ရန်အတွက်
တိုက်ကြီး၏ မြေနီထပ်သို့ ပြေးဆင်းလိုက်ရင်း
မြေနီထပ်အတေရာက်တွင် တိုက်အ၀တွင်စောင့်နေသာ
လုံခြုံရေး လေးဦးအားတွေ့ပြီး အကျိုးအကြောင်းပြေား
လိုက်ရာ လုံခြုံရေးများက …
“ အစ်မလေး ကျွန်တော်ပြောတာနားထောင်
အဲ့ဒီအခန်းက လူမနေတာကြာလှပြီ …
အရင်ပိုင်ရှင် မရှိတော့ကတည်းက
နောက်ဝယ်မယ့်သူမရှိတာနဲ့ သော့ခတ်ထားတာ
အခုချိန်ထိပဲ ”
‘ မလှမေ ’ မှာ လုံခြုံရေးများ၏
စကားကို လက်မခံပဲ ..
“ မဟုတ်ဘူးနောက် အဲ့ဒီ
ဒုတိယထပ်ကြီးက မှောင်မနြေတာ မီးလဲမရဘူး
နောက်ပြီး အဲ့အခန်းက တံခါးခောက်ပြီး
အကူအညီတောင်းနေတာ ၊ ကျွန်မကိုယ်တိုင်
နားနဲ့ကြားယုံတင်မကဘူး သေချာအောင်မေးပြီးမှ
ရှင်တို့ကို လာအကူအညီတောင်းတာ ”
ထိုစကားကို လုံးခြုံရေးများထဲမှ
တစ်ဦးက …
“ ဟင်.. ဒုတိယထပ်က မီးမပျက်ပါဘူး
ဟိုမှာကြည့်ပါလား လင်းထိန်နေတာပဲ ၊
အစ်မ ကျွန်တော်တို့ကို နောက်နေတာလား ”
‘ မလှမေ ’ လည်း လုံခြုံလေးကောင်လေး၏
ပြောစကားကြောင့် တိုက်ကြီး၏ ဒုတိယထပ်အား
အောက်မှ လှမ်းကြည့်လိုက်ရာ မီးများထိန်ထိန်လင်းနေသည်ကို
တွေ့လိုက်ရသဖြင့် ဇဝေဇ၀ါဖြစ်သွားလေသည် ၊
သိုကသော် သူအရူးဟု အထင်မခံနိုင် ၊
သော့ပိတ်ထားသော အခန်းထဲမှ တံခါးခေါက်နေသည်မှာ
အခန်းထဲရှိ တစ်စုံတစ်ယောက် အခန်းပြင်ထွက်လိုကြောင်း ၊
အကူအညီလိုနေကြာင်း သေချာလှသောကြောင့် …
“ ဟယ်…ဟုတ်ပ ခုန က မှောင်မဲနေတာပါ ၊
ဘာပဲဖြစ်ဖြစ် ဟို အခန်းထဲကလူတော့
အငူအညီလိုနေမှာ သေချာတယ် ၊ လာခဲ့ကြပါ
ကျွန်မပြောတာယုံပါ … ”
လုံခြုံလေးများသည်လည်း ‘ မလှမေ ’ အား
စိတ်ကျေနပ်စေရန် ‘ မလှမေ ’ ပြောသည့်စကားအား
အင်တင်တင်ဖြင့် မလိုက်ချင်လိုက်ချင်လုပ်ကာ
နောက်ဆုံး လိုက်သွားခဲ့ကြသည် ။
ဒုတိရထပ်သို့ရောက်သောအခါ
ဦးစွာ မီးထိန်ထိန်လင်းနေသည်ကို ‘ မလှမေ ’
တအံ့တသြမြင်လိုက်ရသည် ။
ဒုတိယထပ်ရှိ အပြင်မှ တံခါးသော့ခတ်ထားသည့်
အခန်းရှေ့အရောက်တွင် ‘ မလှမေ ’ က…
“ ဒီအခန်းပါပဲရှင် ကျွန်မ မလိမ်ဘူး
မယုံရင် ဖွင့်ကြည့် .. ”
မယုံသင်္ကအကြည့်များဖြင့်
လုံခြုံရေးများမှာ ‘ မလှမေ ’ အား
ကြည့်လျှက် သော့တစ်ချောင်းကိုထုတ်ကာ
တံခါးသော့အားဖွင့်လိုက်လေသည် ။
“ ချောက်.. ”
တံခါးမှာ လွယ်လင့်တကူ ပွင်လာပြီးနောက်
အခန်းမှာ ပတ်ထားတာကြာဟန်ရှိသဖြင့်
ဆိုးရွားသည့် အဟောင်းနံ့များ ဖုန်နံ့များ လှိုင်ခနဲ
ထွက်လာလေသည် ။ ထိုအချိန်တွင် လုံခြုံရေး
တစ်ဦးမှ အခန်းမီအား ဖွင်လိုက်လေသောအခါ
အခန်းတစ်ခုလုံး လင်းထိန်သွားလေသည် ။
‘ မလှမေ ’ နှင့် လုံခြုံရေးများ အခန်းအတွင်းသို့
ပြေးဝင်သွားပြီး တံခါးပေါက်များကိုစစ်ရာ
မည်သည့် တံခါးပေါက်မျှမရှိပဲ ၀င်ပေါက်တစ်ပေါက်တည်းသာ
ရှိကြောငိးသလိုက်ရသည့် ထို့အတူ အခန်းတွင်း
သက်ရှိတစ်စုံတစ်ရာမျှ မရှိပဲ နံရံတွင်ချိတ်တွားသည့်
ပန်းချီကားတစ်ချက်သာ ရှိနေလေသည် ။
ထိုပန်းချီကား၏ ပုံမှာ
စစ်အတွင်းမှ ငိုနေသည့် ကလေးမလေးတစ်ဦးပုံကို
အနုပညာမြောက်အောင် ရေးချယ်ထားခြင်းဖြစ်ပြီး
ထိုပန်းချိအားမြင်လိုက်သည်နှင့် ‘ မလှမေ ’ ရင်ထဲတွင်
စိတ်မကောင်းသလိုလို ၊ ကြောက်လန့်သလိုလို
ခံစားလိုက်ရသည် ။
ထိုစဉ် လုံခြုံရေးများက
“ ကဲ ကဲ ဒီမယ် အစ်မ
ကျွန်တော်တို့ကို သက်သက် စနောက်နေတာလား
ဘယ်မလဲ အစ်မပြောတဲ့သူ ... ဘာမှလည်းမမြင်ဘူး
ဒီအခန်းက ပိတ်ထားတာကြာလှပြီ ….
လူတော့ရှိမှာမဟုတ်ဘူး သရဲပဲရှိလိမ့်မယ် .. ”
ဆိုပြီး ရွဲ့စောင်းကာ ပြောသွားကြရင်း
‘ မလှမေ ’ နှင့်အတူ အခန်းပြင်ထွက်ကာ
အခန်းတံခါးကို ပြန်ပိတ်ကာ သော့ခတ်ကြလေသည် ။
‘ မလှမေ ’ ၏ နားထဲတွင် လုံခြုံရေးတစ်ဦး
ပြောသည့် “ လူတော့ရှိမှာမဟုတ်ဘူး သရဲပဲရှိလိမ့်မယ် ”
ဟူသော စကားကိုသာ တွင်တွင်ပြန်ကြားရင်း
ကြက်သီးများထနေမိ ကာ အိမ်သို့ပင် အမြန်ပြန်လာဖြစ်ခဲ့သည် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မကြာမီတွင် ထို ပိတ်ထားသည့် အခန်းအား
လပေးစနစ်ဖြင့် မြန်မာပြည်ရှိ တရုတ်လူမျိုးတစ်ဦး
ငှားရမ်းနေထိုင်လေသည် ။
ထိုသူမှာ ဓါတ်ပုံဝါသနာအိုးကြီးဖြစ်ပြီး
မြန်မာပြည်အနှံ့ ခရီးထွက်ကာ ဓါတ်ပုံရိုက်ကူးနေသူဖြစ်သည်။
ယခုအခန်းအား ငှားပြီးနောက်
သူ စိတ်ကြိုက် တစ်မြို့လုံး ပတ်ကာ
ဓါတ်ပုံရိုက်ရန် ရည်ရွယ်ထားသူဖြစ်သည် ။
များသောအားဖြင့် ငှားရမ်းထားသည့်
အခန်းအား အိပ်ချိန်မှသာ ပြန်လာလေ့ရှိသည် ။
တစ်ညတွင် သာမာန်ထက်
လမင်းကြီးက ပြည့်ဝလွန်းနေသည်ကို
ထို တရုတ်ကြီး မြင်ကာ သဘောတွေ့ပြီး
ကောင်းကင်ကြီးအား ဓါတ်ပုံရိုက်ကားဖြစ်သည် ။
ထိုကနောက် ရိုက်ထားသည့် ပုံများအား
ကင်မရာမှတစ်ဆင့် တစ်ပုံစီ ပြန်ကြည့်ရင်း
စိတ်ကြိုက်ရွေးနေမိသည် ။
နံဘေးရှိ ၀ီစကီတစ်ခွက်အား အရသာခံ
သောက်ရင်း ဓါတ်ပုံများကြည့်နေစဉ်
သူ၏နာခေါင်းထဲတွင် ရနံ့တစ်မျိုးရလိုက်လေသည် ၊
သွေးညှီနံ့သဖွယ် အဟောင်းပစ္စည်း နံ့သဖွယ်
ရောထွေးလျှက်ရှိရာ အနံ့ရရာ နေရာကို
ဟိုဟို ဒီဒီ လိုက်ကြည့်မိရာ နံရံထက်မှ
လွန်စွာ အနုပညာမြောက်လှသည့်
ကလေးငယ်တစ်ဦးငိုနေဟန် ပန်းချီကားသို့
အမှတ်တမဲ ကြည့်လိုက်မိသည် ။
သူထိုအခန်းအား ငှားဖြစ်ပုံမှာလည်း
ဓါတ်ပုံဆရာပီပီ ပန်းချီကား၏ အသက်ဝင်မှုကို
နှစ်ခြိုက်သဖြစ် ငှားဖြစ်ခဲ့ခြင်းဖြစ်သည် ။
ထိုအချိန်မှာပင် တရုတ်ကြီး
ကြည့်နေသည့် ပန်းချီကားမှာ
လရောင်ထိုးနေသည့်နယ် အလင်းရောင်
ကျလာလေသည် ၊ တရုတ်ကြီးသည်လည်း
အလင်းဝင်ပေါက်မရှိပဲ ပန်းခန်ကားပေါ် လရိပ်
ကျနေသည့်အဖြစ်အား အံ့သြကြီးပြီးနောက်
သူ၏လက်စွဲတော် ကင်မရာအား ကိုင်ပြီး
ပန်းချီကားကို တစ်ဖြတ်ဖြတ်ရိုက်လေတော့သည် ။
ပထမတစ်ချက်ရိုက်ပြီး
ဒုတိယအကြိမ် ရိုက်ရန် ကင်မရာထဲမှ ပန်းချီကားသို့
အကြည့်တွင် ပန်းချီကားထဲမှ ကောင်မလေး
ပျောက်ချင်းမလှပျောက်နေပြီးနောက်
ပန်းချီကား၏ ဘေးဘက် အပြင်တွင်
လူတစ်ယောက်ကဲ့သို့ရပ်နေသည်ကို
မြင်လိုက်ရသည် ။
တရုတ်ကြီးလည်း အနည်းငယ်
တုန်တက်ကာ လန့်သွားပြီး
ကစ်မရာနှင့် မျက်စိကို ခွာလိုက်မိသည် ။
မူးနေသည်အထင်ဖြင့် မျက်စိကို
လက်ဖြင့် ပွတ်ကာ ပန်းချီကားအား
သေချာပြန်ကြည့်လိုက်သောအခါ
ပန်းချီကားတွင် ကလေးမလေး ရှိနေပြန်သည် ။
ထို့ကြောင့် တရုတ်ကြီးလည်း
ကင်မရာကိုပြန်ကိုက်လိုက်ပြီး
ပန်းချီကားကို ပြန်ချိန်လိုက်ရာ
ပန်းချီကားထဲမှ ကလေးမလေးမှာ
အပ်ြငကိုရောက်နေပြီးနောက်
မီးရဲရဲတောက်နေသည့် မျက်လုံးများဖြင့်
သူ့အား အစိမ်းလိုက်
စားမည့်ဟန် ၀ါးမည့်ဟန်ဖြင့် ကြည့်နေသည်ကို
ကြက်သီးထဖွယ်မြင်လိုက်ရသည် ။
လွန်စွာ ကြောက်မက်ဖွယ်ကောင်းသည့်
မြင်ကွင်းကြောင့် တရုတ်ကြီးသည်လည်း
ချက်ချင်း ကင်မရာကိုကိုင်ကာ
နောက်လှည့်မကြည့်တော့ပဲ အခန်းတံခါးကိုဖွင့်
အော်ဟစ်အကူအညီတောင်းရင်း
သက်ရှိပန်းချီကား၏
တစ်ညတာပြီးဆုံးသွားခဲ့လေသည် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တရုတ်ကြီးနောက်တွင် ထိုအခန်းအား
ရှေးဟောင်းပစ္စည်းစုဆောင်းသည့် အခန်းအဖြစ်
လုပ်ရန်အတွက် ရှေးဟောင်းပစ္စည်း ၀ါသနာရှင်
‘ ဦး ၀င်းကြိုင် ’ ရောက်လာပြန်သည် ။
‘ ဦး ၀င်းကြိုင် ’ မှာ တစ်ကိုယ်တည်းနေတတ်သူပီပီ
သမိုင်းစာအုပ်များဖတ်ရင်း ထိုအခန်းတွင်း
ရှေးဟောင်းပစ္စည်းများ၏ သမိုင်းကို လေ့လာဖြစ်သည် ။
နံနက်အစောဆုံးပိုင်းတွင် ‘ ဦး ၀င်းကြိုင် ’
ထိုအခန်းသို့ရောက်နေတတ်ပြီး
အခန်းဝန်ဆောင်မှုအတွက် နံနက်စာလာပို့ပေးသည့်
ကောင်မလေးတစ်ဦးကို
နံနက်တိုင်း နံနံစာ လာပို့ပေးရန်
လပေးစနစ်ဖြင့် ငှားထားလေသည် ။
ညအချိန်တွင် မူ မြိုကထဲရှိ သူနေထိုင်ရာ အိမ်သို့
ပြန်ကာ အိပ်လေ့ရှိသည် ။
‘ ဦး ၀င်းကြိုင် ’ ၀ယ်ယူထားသည့်အခန်း
ယခင် တရုတ်ကြီး ငှားခဲ့သည့် အခန်း မှာ
‘ ဦး ၀င်းကြိုင် ’ အတွက် ပစ္စည်းလှောင်သည့်နေရာ
အလုပ်လုပ်သည့်နေရာဟုဆိုရပေမည် ။
တစ်ညတွင် ‘ ဦး ၀င်းကြိုင် ’
ရှေးဟောင်းပစ္စည်း ပေစာတစ်ခု၏
ဆိုလိုရင်းအား နားလည်စေရန်ကြိုးစားရင်း
အချိန်ကုန်မှန်းမသိ ကုန်သွားကာ
ညနက်ခဲ့လေသည် ။
တစ်ကိုယ်တည်းသမားမို့
အလုပ်ခန်းတွင် အိပ်လျှင်လည်း
ပြသနာမရှိချေ ။
ထို့ကြောင့် ဒီညဖို့ ‘ ဦး ၀င်းကြိုင် ’
ယခုအခန်းလေးထဲတွင် အိပ်စက်ရန်ကြိုးစားမိလေသည် ။
ထိုသို့စိတ်ကူနေချိန်တွင်
အခန်းတွင်းမှ ငိုသံကြားလိုက်ရသည် ။
မိန်းကလေးတစ်ဦး၏
ငိုသံပင် ၊ အသက်ငယ်မည့်ပုံရှိသည် ။
ထူးခြားသည့် ငိုသံ ရှိုက်သံများကြောင့်
‘ ဦး ၀င်းကြိုင် ’ လည်း ဟိုဟိုဒီဒီ
လိုက်ရှာနေမိသည် ၊ ထိုစဉ် ‘ ဦး ၀င်းကြိုင် ’
တစ်စုံတစ်ရာအား သတိထားမိလိုက်သည် ၊
အခန်းနံရံတွင်ချိတ်ထားသည့် ပန်းချီကားတွင်းမှ
ကလေးမလေး ငိုနေသည့်ပုံပင်မဟုတ်လော ။
စူးစမ်းတတ်သူပီပီ
ထိုပန်းချီကားအား သူကထိုင်ခုံရှေ့တွင်
ထားလျှက် အကျအန စိတ်ကြိုက်
ထိုင်ကြည့်နေမိသည် ။
ထိုစဉ် မျက်စိရှေ့ရှိ ပန်းချီကားမှ
ငိုသံကို သဲသဲကွဲကွဲကြားလိုက်ရလေသည် ။
‘ ဦး ၀င်းကြိုင် ’ ရုတ်တရက် လန့်သွားပြီး
ပန်းချီကားအား စိုက်ကြည့်နေချိတွင်
ပန်းချီကားတွင်းမှကလေးမလေး မျက်ရည်ကျနေသည့်
နေရာမှ မျက်ရည်သဖွယ်ရေစက်များ တစ်စက်ပြီးတစ်စက်
ကျလာလေသည် ။ မျက်စိရှေ့မှ ထူးခြားသည့်
ဖြစ်စဉ်များကြောင့် ကြောင်တောင်တောင်ဖြစ်ကာ
‘ ဦး ၀င်းကြိုင် ’ တစ်ယောက်
မျက်လုံးများပြူးလျှက် ပန်းချီကားကိုသာ
ထိတ်လန့်တကြား စိုက်ကြည့်နေမိသည် ။
တစ်ချိန်တည်းမှာပင်
ပန်းချီကားထဲမှ ငိုနေသည့်
ကလေးမလေး၏မျက်နာမှာ ချက်ချင်း
ပြုံးရွှင်သွားပြီးနောက် ရယ်မောရင်
သူ၏ အကျီ င်္အစွန်းနှစ်ဖတ်အား
ဆုန်ကိုင်ထားသည့် လက်များမှာ
ပန်းချီကားထဲမှ ထွက်လာပြီးနောက်
‘ ဦး ၀င်းကြိုင် ’ ၏ လည်ပင်းကို
အားကုန်ညှစ်လေတော့သည် …. ။
~~~~~~~~~~~~~~~~~~~~~~~~~~~~
သာယာလှပသည့် နံနက်ခင်းအား
အသုဘ တစ်ခုဖြင့် အစချီခဲ့ရသည် …. ။
“ အား…………….. ”
‘ ဦး ၀င်းကြိုင် ’ ၏
အခန်းသို့ နံနက်စာလာပို့သည့်
ကောင်မလေး၏ ငယ်သံပါအောင်အော်သည့်အသံပင် ။
ထိုအသံကြောင့် လူအများနိုးထလာကြပြီး
‘ ဦး ၀င်းကြိုင် ’ သေဆုံးကြောင်းသိကာ
ရဲစခန်းအားဖုန်းဆက်ထားကြလေသည် ။
မကြာမှီတွင် (…) အပိုင် (…) ဌာနမှ
အမှုစစ် ဒုရဲမှူး တစ်ဦးရောက်လာပြီး
ဖြစ်ကြောင်းကုန်စင် စစ်ဆေးမေးမြန်းပြီးနောက်
သေဆုံးသူအား ရင်ခွဲစစ်ဆေးရန်
မှူခင်းဆရာဝန်ထံပိုက်လိုက်ကြသည် ။
ရက်အတန်အကြာတွင်ထို ဒုရဲမှူး လေး
အခင်းဖြစ်ပွားခဲ့သည့် အခန်းအတွင်းရောက်လာပြီးနောက်
အခန်းတွင်းမှ သေဆုံးသူ ၏ မျက်နာချင်းဆိုင်တွင်
ရှိနေခဲ့သည့် ပန်းချီကားတစ်ချက် အား
သေချာကြည့်ရှု စစ်ဆေးနေလေသည် ။
ထိုပန်းချီကားတွင်
ကလေးမလေးတစ်ဦးမှာ ငိုနေပြီး တစ်စုံတစ်ရာကို
နာကျည်းချက်ဖြင့် အံကျိတ်ကာ လက်နှစ်ဖက်မှာလည်း
အကျီ င်္၏ အစွန်းနှစ်ခုအား တင်းတင်းဆုတ်ကိုင်ထားသည့်
ပုံဖြစ်သည် ။
ဤကဲ့သို့ လွန်စွာ လက်ရာမြောက်လှသော
ရှေးဟောင်း ပန်းချီကားတစ်ချက်အား
ဒုရဲမှူးလေးမှာ သူ၏ကားကလေးဖြင့်
သယ်ဆောင်သွားလေတော့သည် ။
#END
~ မိုးစွေ ~
စာပြီးချိန် - 10.10.2017 ( 12 : 49 Am )
Credit



Comments
Post a Comment