“ ဓါတ်ပုံအောက်က ပုသင်ညိုလေးတစ်ကောင် ”
ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် )
( စ - ဆုံး )
မကွေးတိုင်းရှိမထင်မရှား ရွာသေးသေးလေးတစ်ခု ။
“ သင်းသင်းရယ် ညည်းနယ် နားနားနေနေလုပ်စမ်းပါ ကျန်မာရေးကလည်းကောင်းတာမဟုတ်ဘူး
ဒီကြားထဲ အားလေးဘာရေးရှိအောင် နားစမ်းပါဟယ်…..ကျုပ်တစ်ယောက်တည်းလုပ်လည်း
ဒီအလုပ်ကဖြစ်ပါတယ် ”
ရောဂါကြောင့် လူတစ်ကိုယ်လုံးဖျော့လျော့နေပေမယ့် အလုပ်တွေကိုကြုံးလုပ်နေဆဲဖြစ်တဲ့
ဇနီးသည်ကို ယောကျာ်းဖြစ်တဲ့သူ ကိုသာဗျော က ဂရုနာဒေါသောလေးနဲ့ လှမ်းပြောလိုက်တယ် …
“ ကိုသာဗျောရယ်…နှစ်ယောက်လုပ်တော့ နှစ်ဆပြီးတာပေါ့…နှစ်ဆပြီးတော့
နှစ်ဆစာငွေရတာပေါ့….ပြည့်စုံတဲ့ဘ၀တွေမဟုတ်တော့ နားချင်တိုင်းနားရင်
ထမင်းငတ်ကုန်မှာပေါ့ ကိုသာဗျာရယ်….သားအကြီးကောင်ကလည်း
အထက်တန်းရောက်နေပြီး အငယ်မလေးကလည်းကျောင်းနေနေရပြီ….
ကလေးတွေအမြန်ကြီး အမြန်ဘွဲ့တွေ့ရပြီးအလုပ်ကောင်းကောင်း လစာကောင်းကောင်းလေးတွေ
ရမှ ကျွန်မ စိတ်ချလက်ချ နားတော့မယ်…အဟွတ်အဟွတ်…အဟွတ်အဟွတ်
ကျွတ်ကျွတ်ကျွှတ်ကျွှတ် ”
ဝေဒနာကို အံတင်းခံရင်း သားသမီးဇောနဲ့အလုပ်လုပ်ရင်းပြန်ပြောလိုက်တဲ့
ဇနီးသည် မသင်းကြိုင်စကားကြောင့် ကိုသာဗောတစ်ချက်တွေဝေသွားပြီး
“ သားသမီးတွေက ညည်းပြောသလို လိမ္မာရင်ကောင်းသား
ပညာမစုံဘဲကြင်ယာစုံပြီး မိဘကိုပြန်ကြည့်မယ်နေနေသာသာ မိဘက
အသက်ကြီးမှ အိုကြီးအိုမနဲ့ မြေးမြစ်တွေအထိ ပြန်လုပ်ကျွေးနေရရင်တောင်
မချောင်ဘူးမိန်းမရေ ညည်းသားအကြီးကောင်အကြောင်းညည်းမသိပါဘူး..
ဒီကောင်သာ သိတတ်ရင်… ”
ကိုသာဗျောစကားမဆုံးခင်မှာပဲ မသင်းကြိုင်က ချက်ချင်းခွန်းတုန့်ပြန်လိုက်တယ်
“ တော်တော့ ကိုသာဗျော…အဟွတ်အဟွတ်…ကျွန်မသားလေးကို
အပြစ်မတင်ပါနဲ့ ဒီကလေးက ငယ်သေးလို့ပါ ဟိုနေ့ကဆို အမေရေချိုးဖို့ဆိုပြီး
ရေတွေကြိုဖြည့်ပေးထားတာပဲကြည့်…ဘယ်လောက်အလိုက်သိ..လိမ္မာတယ်ဆိုတာ…
ကျန်တာကတော့ ယောကျာ်းလေးပဲလေအသောက်အစားလေးနည်းနည်းပါးပါးတော့ရှိမှာပေါ့
ရှင်တောင် မသောက်လို့လား…အဟွတ်အဟွတ် ”
ကမ္ဘာ့စိတ်ပညာရှင်ဆရာကြီးတွေဖြေရှင်းချက်အတိုင်း
လူတွေရဲ့မသိစိတ်တွေအကြောင်းထဲမှာ အမေက သားဖြစ်သူအပ်ါအချစ်ပိုတတ်သလို
အဖေက သမီးတွေအပေါ်အချစ်ပိုတတ်တာ သဘာဝတရားဖြစ်နေတာကို
မသင်းကြိုင်က သက်သေပြနေသလိုပဲ…သူ့သားလင်းကျော်အတွက်ဆိုရင်
တစ်ကမ္ဘာလုံးနဲ့တစ်ယောက် ခံပြီးစစ်ပွဲနွဲမယ်ဆိုတဲ့ အမေမျိုး…. ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မိုးဥတုကိုကျော်လွန်ပြီးနောက်ရာသီလေးက ရွာဘက်မှာမို့
အအေးကဲနေသလို…..
“ ကိုသာဗျော… ကျွန်မသားလေအိမ်ပြန်မလာသေးဘူးလား
ညနက်လိုက်တာာနော်…. ”
“ ညည်းနဲ့ဟယ် ငါလည်းစိတ်ဆင်းရဲ့ပါတယ် ကိုယ်ကနေကောင်းတာမဟုတ်ဘူး
ကလေးတွေကို လိုက်ပူမနေစမ်းပါနဲ့ ငါသိပါတယ်ဟ…ညည်းကိုယ့်ကျန်းမာရေးသာကိုယ်ဂရုစိုက်ပြီးနေ ”
လူကရောဂါကျွမ်းပြီး အိပ်ယာထဲလှဲနေပေမယ့် သားဖြစ်သူအပေါ် အချစ်စိတ်ပိုလွတ်သူမို့
စိတ်က မပြတ်နိုင်ဘဲရှိနေသေးတယ် …
“ ကျွန်မသားလေး ဒီတစ်နှစ်ပြီးရင် တက္ကသိုလ်ကျောင်းသားကြီးဖြစ်တော့မှာနော် ”
ရောဂါက ခန္ဓာကိုယ်ကို ဖျက်ဆီးနေပေမယ့် မိခင်တစ်ယောက်ရဲ့မေတ္တာ ပီတိ ဓါတ်တွေကိုတော့
ဘယ်လိုမှ သက်ရောက်မှုမစွမ်းနိုင်ရှာဘူး…. ၊
“ မိန်းမရယ်….ကိုယ်သာကျန်းမာအောင်ကြိုးစားစမ်းပါ…
ငါပြောတယ်..ရောဂါမကျွမ်းခင် ပျောက်အောင်ကုသပါ ကုသပါ ဆေးရုံတက်ပါဆိုတာကို
နားမထောင်ဘူး…သူ့ဆေးဖိုးကိုနှမြောနေတယ်…. ”
“ ဆေးဖိုးနှမြောတာ မဟုတ်ဘူးတော်ရေ…. သားနဲ့သမီးအတွက်
ကျောင်းစရိတ်တွေ ၊ အိမ်စရိတ်တွေ ထိခိုက်သွားမှာစိုးလို့ ကျုပ်မကုပဲနေနေတာပါတော် ”
မိသားစုအပေါ် သံယောဇဉ်တွယ်လွန်းတဲ့ဇနီးသည်အတွက်
မမျှော်လင့်ဘဲ ကျလာတဲ့မျက်ရည်စတွေကို ကိုသာဗျာ မသိမသာ ပွတ်သပ်လိုက်ရင်း
မျက်နာလွဲထားမိလိုက်တယ် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မသင်းကြိုင်ရဲ့ရောဂါအခြေအနေက မကုဘဲပေခံလေလေ
တိုးလာလေလေဖြစ်လာရာကနေ နောက်ဆုံး မသင်းကြိုင်တစ်ယောက်
သူချစ်လှစွာသော မိသားစုလေးနဲ့ ဘ၀ခြားရာတစ်ခြားအရပ်ဆီကို
တစ်ကိုယ်တည်းထွက်သွားလိုက်ရတော့တယ် ၊ မသင်းကြိုင် ကွယ်လွန်ရှာပြီ ။
ပင်ကိုယ်စရိတ်က ပျော်ပျော်နေတတ်ပြီး သားသမီး နဲ့ မိသားစုအပေါ်
ချစ်လွန်လို့ ငွေပိုငွေလျံမရှိလို့ အပင်ပန်းအဆင်းရဲခံပြီးငွေတွေစုဆောင်း ၊
စုဆောင်းထားတဲ့ငွေတွေနဲ့သားသမီးတွေကို လူတန်းစေ့ကျောင်းတက်နိုင်အောင်ထားပေးရင်း
ယောကျာ်းဖြစ်သူနဲ့ မယ်တထမ်း မောင်တရွက် ကူညီဖေးမပေးခဲ့တဲ့သူတစ်ယောက်မို့
ရပ်ရွာတစ်ခုလုံးကပါ ချစ်ကြခင်ကြတာမို့ မသင်းကြိုင်ကွယ်လွန်သွားတော့
အားလုံးက ၀မ်းနည်းကြေကွဲကြရတယ် ။
မသင်းကြိုင်တစ်ယောက်သားသမီးကိုချစ်တဲ့စိတ်တွေ စိတ်မချတဲ့စိတ်တွေနဲ့
ဘ၀ကူးသွားသူမို့ စိုးရိမ်စိတ်တွေ ၊ စွဲလမ်းစိတ်တွေကြောင့် ဘ၀ကူးမလှခဲ့ဘဲ
ပြိတ္တာဘုံသားဘ၀ကိုရောက်သွားခဲ့ရတယ် ၊ ဒီအကြောင်းကိုလည်း
အားလုံးက ရိပ်စားမိပြီးဖြစ်ကြတယ် ၊ ဘာလို့လဲဆိုတော့
အသုဘ စချတဲ့နေ့ကစပြီး ရက်လည်ပြီးနောက်ပိုင်းအထိကို
ဆွေမျိုးတွေထဲမှာ မသင်းကြိုင် စနောက် ခြောက်လန့်တာကို မခံရတဲ့သူ
မရှိသေးဘူးလို့ဆိုရမယ် ။
အဲ့ဒီ့အထဲက အဆိုးဆုံးအဖြစ်က မသင်းကြိုင်ရဲ့ မောင်ဝမ်းကွဲတော်တဲ့
ဖိုးခွေးဆိုတဲ့ ကာလသားလေးတစ်ယောက် မသင်းကြိုင်နာရေးမှာကူညီရင်း
ညဘက်ကြီး သူများတွေ ဖဲကစားလို့ကောင်းနေတုန်း အပေါ့သွားချင်လာတာနဲ့
အိမ်ထဲဝင်ပြီး အိမ်သာဆီကိုတစ်ယောက်တည်းထွက်သွားဖြစ်ခဲ့တယ် ။
ညဉ်လည်းနက် ၊ ပတ်ဝန်းကျင်ကြီးကလည်း တိတ်ဆိတ်နေပြန်တယ်
တစ်ချက်တစ်ချက်တောထဲက ငှက်တစ်ချိုကတစ်လေ အော်မြည်သံကလွဲရင်
အရာရာ ဆိတ်ငြိမ်နေပြန်တယ် ၊ တစ်ခါတစ်လေ တိုက်ခတ်လိုက်တဲ့
လေထဲမှာလည်း ဆောင်းရဲ့အငွေ့အသက်လေးတွေပါလို့ထင်တယ်
ကျောရိုးထဲထိ စိမ့်တက်သွားစေတယ် ။
ဖိုးခွေး အိမ်သာနားကိုရောက်တော့
အိမ်သာကိုဖွင့်မလို့ အိမ်သာတံခါးလက်ကိုင်ကို ကိုင်ထားယုံရှိသေးတယ်
မှောင်မဲနေတဲ့ အိမ်သာထဲက နားကျင်မှုတစ်ခုခုကြောင့် ညည်းလိုက်တဲ့ ညည်းသံကြီးကို
ကြားလိုက်ရတယ်… ကြားကြားချင်း နှလုံးခုန်ရပ်မတပ်လန့်သွားပြီး
အော်ဖို့ကြိုးစားလိုက်သေးတယ်…နောက်တော့မှ အသိစိတ်ပြန်လည်လာပြီး
အထဲမှာ လူရှိတယ်အထင်နဲ့ လှမ်းမေးလိုက်တယ် …
“ အထဲမှာ လူရှိလား ”
တစ်ဖက်က ခဏလောက်ငြိမ်သွားပြီးတော့ မကြာပါဘူး….
“ ဟင်းဟင်းဟင်းဟင်း…………
ဟီးဟီးဟီးဟီး………………
ဟင်း………………
ဟင်း…………….. ”
ဆိုတဲ့ အသက်ရှည်ကြီးဆွဲပြီး လူမမာတစ်ယောက် နာနာကျင်ကျင်နဲ့ညည်းတဲ့
အသံကြီးကိုကြားလိုက်ရပြန်တယ်… ၊ ဖိုးခွေးတစ်ယောက်တည်း ဆောင်းတင်းကြီး
ဇောချွေးတွေပြန်လာပြီး တုန်တုန်ယင်ယင်နဲ့ တံခါးကိုခေါက်ရင်းဆက်မေးလိုက်မိတယ်
“ ဒေါက်ဒေါက်…လူလူ…လူ…ရှိလား… ”
မေးရင်းပဲ တံခါးကို ဆွဲဖွင့်ကြည့်လိုက်မိတော့
အိမ်သာထဲမှာ ဘယ်သူမှ ရှိမနေဘူး….. ၊
အဲ့ဒါနဲ့ ခွေးပုလည်း သူ့စိတ်ကြောင့်ဖြစ်နေတာမှန်းသိလိုက်ပြီး
အခုမှ သက်ပြင်းတစ်ချက်ချနိုင်သွားရင်း ဘာရယ်မဟုတ်ဘဲ
ကျောမလုံသလိုနဲ့ ကျောဘက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာ
သေတုန်းကအခေါင်းထဲထည့်လိုက်တဲ့အတိုင်း အကျီ င်္ ပြောင်းပြန်ကြီးနဲ့
မတ်တပ်ရပ်ပြီးသူ့ကိုကြည့်နေတဲ့ အရီးလေးတော်သူကြီး မသင်းကြိုင်ကို
မျက်နာချင်းနီးနီးကပ်ကပ် မြင်တွေ့လိုက်ရတယ် ၊ မသင်းကြိုင် ရဲ့ မျက်လုံးတွေက
အနက်ရောင်အဆံလေးပျောက်နေပြီ လုံးဝအဖြူရောင်ကြီးတွေ ၊ တစ်ကိုယ်လုံးကလည်း
သွေးမရှိတော့လို့ ဖြူဆုတ်ဆုတ်နဲ့ ၊ အပုတ်နံ့ကလည်းတစ်ထောင်းထောင်း…. ၊
ဘာပြောကောင်းမလဲ မြင်မြင်ချင်းပဲ ဖိုးခွေးလည်း အော်ပြီး ဖဲဝိုင်းတွေရှိတဲ့ အိမ်ထဲကို
ဝင်ပြေးပါလေရော
“ အား…………သ…သ…သရဲ………. ”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရွာမှာ တစ်ခြားရွာတွေထက်ဆင်းရဲကြပေမယ့် အလှူအတန်းရက်ရောပြီး
ဘာသာ သာသနာအပေါ်မှာ ယုံကြည်စိတ် ကိုးစားစိတ်ရှိကြတဲ့ ရွာသူရွာသားတွေကြောင့်
ရွှေရောင်တစ်ဝင်းဝင်းကလေးနဲ့ ရွာဦးစေတီလေး ကို ခြေတန်ရှည်ပြီး ထုထည်ကောင်မွန်တဲ့
သစ်ကောင်းဝါးကောင်းတွေနဲ့ဆောက်ထားတဲ့ ရွာဘုန်းကြီးကျောင်းကို တွဲပြီးမြင်တွေ့နိုင်မှာပါ ။
“ လျှောက်စမ်းပါဦး ဒကာကြီးရ… ကျုပ်ဒီရွာကနေပျောက်သွားတုန်း
ဒကာမကြီး သင်းသင်း ဘာတွေများဖြစ်ရတာလဲကွယ်…. ”
“ တင်ပါ့ဘုရား ဦးဇင်းရန်ကုန်ကိုကြွမသွားခင်ကတည်းက
သင်းသင်းတစ်ယောက် ရောဂါဝင်စပြုနေတာ အရှင်ဘုရားအသိပါပဲ…
နောက်တော့ တပည့်တော်တိုက်တွန်းပါတယ်ဘုရား ကုပါကုပါဆိုတာကို
သားသမီးတွေအတွက် ချွေတာရင်းချွေတာရင်းကနေ နောက်ဆုံးလုံးပါးပါးပြီး အခုလိုဖြစ်သွားတဲ့အထိ
ဖြစ်သွားတာပါ နောက်ဆုံး သူကွယ်လွန်သွားသည့်တိုင်အောင် မကျွတ်မလွတ်ဘဲ သူ့ဆွေမျိုးတွေကိုရော
တစ်ချို့ရွာသားတွေကိုပါ လိုက်ပြီးတော့ ခြောက်လန့်တာတွေ မကြာမကြာဖြစ်ပါတယ်ဘုရား
တပည့်တော်တို့အိမ်မှာတော့ သူသားသမီးတွေကြောက်မှာစိုးလို့ထင်တယ်
တစ်ခါမှ ခြောက်တာလန့်တာ အသံပေး ၊ အနံ့ပေးတာ မရှိခဲ့ပါဘူးဘုရား…. ၊
သူကွယ်လွန်ပြီးတော့ အဲ့လိုတွေကြားရတော့ တပည်တော်တို့လည်းစိတ်မကောင်းဘူးဘုရား
သူ့အတွက်ရည်စူးပြီး ကုသိုလ်လည်းမကြာမကြာလုပ်ပေးဖြစ်ပါတယ် ၊ ဘုန်းတော်ကြီးတွေပင့်ပြီး
လတိုင်းလည်းသီးသန့် ရေစက်ချ အမျှဝေတာတွေလုပ်ပါတယ် ဘုရား… ၊ ဒါပေမယ့်
ခြောက်မြဲခြောက် လန့်မြဲလန့်နေဆဲပါ…သူ့ခဗျာ မကျွတ်ရှာသေးဘူးဘုရား… ”
ကိုသာဗျော မျက်ရည်တွေ အူတက်လာပုံရတယ် ၊ ကျောင်းထိုင်ကိုယ်တော်ကလည်း
ဆက်ပြီးမေးပြန်တယ်
“ ဒီလောက်အလှူတွေလုပ်ပေးနေတာ ဒီဒကာမ မကျွတ်ဘူးဆိုတော့
ဘာများမှားနေသလဲ….နေဦး…အလှူလုပ်တော့ ဘယ်နေရာမှာလုပ်ပေးတာလဲ ”
“ တပည့်တော် အိမ်မှာပါ ဘုရား ”
“ ရေစက်ချက် အမျှဝေခါနီးရော ကွယ်လွန်သူကိုနာမည်သေချာခေါ်ပေးရဲ့လား ”
“ တရားပေးတဲ့ ဦးဇင်းကတော့ ဘ၀တစ်ပါးသို့ကူးပြောင်းသွားပြီဖြစ်တဲ့ ဒကာမကြီး သင်းသင်းဆိုပြီး
အမျှဝေဖို့ဖိတ်ပေးပါတယ် ဘုရား ”
ကျောင်းထိုင်ဦးဇင်းနည်းနည်းလောက်တွေဝေသွားသလိုပြုလိုက်ရင်း
“ နေဦး သင်းသင်းလို့ပြောတာလား ”
“ တင်ပါ့ဘုရား ”
“ ဒါကြောင့်များလားမသိဘူး….ဦးဇင်းတိုကအမျှအတန်းဝေတဲ့အခါ
ကွယ်လွန်သူရဲ့ နာမည်အရင်ကိုခေါ်ပေးရတယ်ကွဲ့ သင်းသင်းလို့ခေါ်ရင် ဘယ်တိကျမလဲ
မသင်းကြိုင်လို့သေချာခေါ်ပေးရတယ်… ၊ အစိုးရရုံးတွေမှာ ၀န်ထမ်းတွေကွယ်လွန်တဲ့အခါ
အမိန့်စာပြန်ရင် မှတ်ပုံတင်ထဲကနာမည်အတိုင်းအတိအကျပြန်ပေးရတာမျိုးပေါ့လေ ”
ဦးဇင်းစကားကြောင့် ကိုသာဗျောတစ်ယောက် အားတက်သွားရင်း
“ ဒါဆို ဒီအပတ်ထဲ ဦးဇင်း တပည့်တော်တို့အိမ်ကိုကြွပြီး
မသင်းကြိုင်အတွက် ရေစက်ချ အမျှဝေပေးပါဦးဘုရား ၊ သြော်…ဦးဇင်းကို
တပည့်တော် ထူးဆန်းတာ တစ်ခုပြောရဦးမယ် ”
“ ဟေ..ဘာများလဲကွယ် ”
“ မသင်းကြိုင်အကြောင်းပါပဲဘုရား မသင်းကြိုင်ကွယ်လွန်သွားပြီး
ရက်လည်ပြီးနောက်ပိုင်းမှာ တပည့်တော် သူ့ပစ္စည်းလေးတွေသိမ်းနေရင်း
မထင်မှတ်ဘဲ သူ့အိပ်ယာခေါင်းရင်းနားမှာ သူ့သားကြီး ရှင်ပြုတုန်းက
မင်းလောင်း(မောင်ရင်လောင်း)ပုံစုံလေးနဲ့ ထီးဖြူဆောင်းပြီးရိုက်ထားတဲ့ပုံလေးရှိတယ်ဘုရား
အဲ့ဒီပုံလေးက ဘယ်သူမှောက်ထားတယ်မသိဘူး…မှောက်လျက်လေးဖြစ်နေတယ် ၊
ဒါကိုတပည့်တော်မြင်တော့ အဲ့ပုံလေးကို ကိုင်မကြည့်လိုက်တုန်း
ပုံလေးအောက်မှာ လက်တစ်ထွာလောက်ရှိတဲ့ ပုသင်ညို မဲမဲ ခြောက်ခြောက်လေးတစ်ကောင်ကို
တွေ့လိုက်တယ်ဘုရား..အဲ့ဒါနဲ့တပည့်တော်လည်း သူနေချင်နေပါစေဆိုပြီး
အဲ့ဓါတ်ပုံကို သူ့ကိုယ်ပေါ်ပြန်အုပ်ပေးထားလိုက်တယ် ၊ နောက်တစ်လလောက်ကြာတော့
အဲ့ဓါတ်ပုံကိုပြန်မကြည့်ပြန်တော့လည်း အဲ့ဒီ့ ပုသင်ညိုခြောက်လေးက ဓါတ်ပုံအောက်မှာ
ငြိမ်ငြိမ်လေးရှိနေသေးတယ်ဘုရား… ၊ ဘယ်မှလည်းမသွား ၊ ဘာမှလည်းမစားဘူး ၊
တပည့်တော်စိတ်ထဲ မသင်းကြိုင်…သူ့သားကိုချစ်တဲ့စိတ်နဲ့ နေနေတာလို့ထင်တာနဲ့
စိတ်မကောင်းဖြစ်မိသေးတယ် ၊ အခုဆို အဲ့ဒီအကောင်လေး တပည့်တော်တို့အိမ်က
သားကြီးဓါတ်ပုံအောက်မှာနေနေတာ ၆လကျော်သွားပြီဘုရား ”
“ အလို ဒီလိုအဖြစ်မျိုးအပြင်မှာတကယ်ရှိတာလား…
ဒကာကြီးတင်မဟုတ်ဘူး ဦးဇင်းကိုယ်တိုင်တောင်တွေးမိတယ်
ဦးဇင်းလေ့လာဖူးတာ သရဲ ၊ တစ္ဆေ ၊ နာနာဘာဝတွေက တိရစ္ဆာန်အဖြစ်
ဖန်တီးနေထိုင်တဲ့အခါ ဆိတ်တို့ ၊ ခွေးတို့ ၊ နွားတို့ ၊ သမင်တို့ ၊ ပုသင်ညို တို့ စသဖြင့်
ပုံစံပြာင်းတတ်ကြတယ်လို့ သိထားတယ်ကွဲ့…တကယ်ဟုတ်ချင်မှလည်း
ဟုတ်မှာပါလေ….ဒီအပတ်ထဲ ဦဇင်းဒကာကြီးတို့အိမ်ကိုကြွလာပြီးတော့
ဒကာမကြီးအတွက် နာမည်ခေါ် အမျှပေးဝေပေးမယ် ၊ အဲ့လိုလုပ်ပြီးနောက်မှာ
ဒကာမကြီးတကယ်ကျွတ်သွားပြီ အခြောက်အလန့်လည်းမရှိတော့ဘူး ၊
ဓါတ်ပုံအောက်က ပုသင်ညိုလေးကလည်း မရှိတော့ဘူးဆိုပြီး တိုက်ဆိုင်လာရင်တော့
ဦးဇင်းတို့ လက်ခံရတော့မှာပဲ….. ”
“ တင်ပါ့ဘုရား…ဒီထက် မသင်းကြိုင် ခြောက်လန့်တာတွေထဲက
တော်တော်လေးကြမ်းတာ တစ်ခုရှိသေးတယ်ဘုရား …
တပည့်တော်တို့နဲ့ သုံးအိမ်ကျော်ကွာတဲ့ မသင်းကြိုင်တို့နဲ့ ဆွေးမျိုးနိးစပ်တော်တဲ့
အရီးလေးစိန်ခင်တို့အိမ်မှာ ဖြစ်သွားတာ ဖြစ်ပုံကတော်တော်ဆန်းတယ်ဘုရား
ညကြီးမိုးချုပ် အားလုံးအိပ်တော့မယ်ဆိုပြီးပြင်နေတုန်း အပုတ်နံ့ကြီးဆိုးဆိုးရွားရွားရလာတယ်
ပြီးတော့ ညည်းသံကြီးကိုဆက်တိုက်ကြားလာရတယ် အဲ့အချိန်မှာ သူတို့တစ်အိမ်သားလုံး
လန့်ဖြန့်ကုန်ကြပြီး ခြံတံခါးဝနားကိုကြည့်နေတုန်း ခြံဝင်းမဟုတ်ဘဲ အိမ်ထဲကိုဝင်ရတဲ့
အိမ်အ၀င်အ၀နားကနေ မသင်းကြိုင်ရဲ့ လက်ဖြူဖြူကြီးတစ်ဖက်က အိမ်တံခါးက ခွေးတွေဘာတွေ
ဝင်မှာစိုးလို့ ကာထားတဲ့ ၀ါးကပ်ကို ဆွဲဆွဲခါနေတာတဲ့….ညည်းသံကြီးကလည်းဆက်တိုက်ဆိုသလိုပဲ
ထူးဆန်းတာက အိမ်ထဲတော့ လုံးဝ ၀င်မရဘူးတဲ့ အဲ့ဒီ့ လက်ဖြူဖြူကြီးကိုလည်း
တစ်အိမ်သားလုံးသေချာပေါက် ထင်းထင်းကြီး မြင်လိုက်ရတာပါပဲဘုရား ”
“ ဒကာမကြီး မသင်းကြိုင် ….မသင်းကြိုင်….သနားပါတယ်ကွယ်…
သူ့ခမျာ ဒီလိုဘ၀ကြီးမှာ ဘယ်လောက်ဒုက္ခရောက်နေရှာမလဲမသိဘူး…
လူတွေကသာခြောက်လန့်တယ်ထင်နေကြတာ…ဦးဇင်းအမြင်အရတော့
သူ့ဆွေမျိုးတွေကို သူအကူအညီလိုက်တောင်းနေတာဖြစ်မှာပါ… ”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရွာကလေးရဲ့ နံနက်ခင်းနေနုနွေးလေးက ထရံပေါက်ကြဲကြဲတွေကြားထဲက
အိမ်ထဲကို တိုးဝင်ဖို့ကြိုးစားနေကြတယ်…အိမ်ကလေးထဲမှာတော့ အလှူပစ္စည်းလေးတွေနဲ့အတူ
ရွာဦးကျောင်းဆရာတော်ကြီးက ကွယ်လွန်သူ မသင်းကြိုင်အတွက်ရည်စူးပြီး
အမျှအတန်းပေးဝေဖို့ဟန်ပြင်နေတယ်…
“ ကွယ်လွန်သူ ဒကာမကြီး မသင်းကြိုင်နှင့်တကွ ၃၁တစ်ဘုံသားအားလုံး
ကြားကြားသမျှ အမျှအမျှအမျှ ယူတော်မူကြပါကုန်သော် သာဓု သာဓု သာဓု ၊
ဒကာမကြီး မသင်းကြိုင်နှင့်တကွ ၃၁တစ်ဘုံသားအားလုံး
ကြားကြားသမျှ အမျှအမျှအမျှ ယူတော်မူကြပါကုန်သော် သာဓု သာဓု သာဓု ၊
ဒကာမကြီး မသင်းကြိုင်နှင့်တကွ ၃၁တစ်ဘုံသားအားလုံး
ကြားကြားသမျှ အမျှအမျှအမျှ ယူတော်မူကြပါကုန်သော် သာဓု သာဓု သာဓု ”
ဆရာတော်နဲ့အတူ တရားနာသူတွေအားလုံးက ရေစက်ချ အမျှအတန်းပေးဝေပြီးနောက်မှာ
ဆရာတော်က သူ့အနားကိုလာဖို့ ကိုသာဗျောကို လှမ်းခေါ်လိုက်ပြီး တိုးတိုးလေးမေးလိုက်တယ်
“ ဒကာကြီး ဦးဇင်းစကြွခါစက မြင်ထားတဲ့ ဟိုဓါတ်ပုံအောက်က ပုသင်ညိုအမဲခြောက်လေးရော
ရှိသေးလားသွားကြည့်စမ်း ”
ကိုသာဗျောကလည်း မသိမသာ သွားကြည့်လိုက်ရင်း မျက်လုံးပြူးမျက်စံပြူးအံ့သြတကြီးနဲ့
ဦးဇင်းကိုပြန်လာပြောတယ်….
“ ထူးဆန်းတယ် ဘုန်းဘုန်း အဲ့ဒီ့ အကောင်လေး လုံးဝမရှိတော့ဘူး…
ခြောက်လကျော်လုံးလုံး သူ့သားဓါတ်ပုံအောက်မှာ အစာမစားမလှုပ်မရှား အသက်လေးပဲရှုနေပြီး
ဝဋ်ကြွေးခံ အစွဲအလန်းကြီးတဲ့ ပုသင်ညိုအရောင်ဆောင်ထားတဲ့ သင်းသင်း…. ၊ ဆွေမျိုးတွေဆီမှာ
သွားသွား ခြောက်လန့်နေတတ်တဲ့သင်းသင်း အခုတော့ ကျွတ်လွတ်သွားရှာပြီပေါ့ ….အဟီး…. ”
ကိုသာဗျော ဒီတစ်ခါကျတဲ့မျက်ရည်တွေကတော့ ဇနီးသည်အတွက် ၀မ်းသာလို့ကျတဲ့မျက်ရည်တွေ
ဖြစ်နေမှာ အမှန်ပါပဲ….. ။
သင်းသင်း(ခေါ်) မသင်းကြိုင်တစ်ယောက် တကယ်ရော သူ့သားသမီးတွေအပေါ်
စိတ်ပြတ်သွားနိုင်ရဲ့လား… ၊ တကယ်ရော ကျွတ်လွတ်သွားပြီလား… ၊ ဒါမှမဟုတ်
တစ်နေရာရာမှာများ ဆက်ရှိနေလေဦးမလားဆိုတာကတော့………….. ။
ကြိုးစားပါဦးမည် …
~ မိုးစွေ ~
စာပြီးချိန် - 08.5.2019 ( 01 : 16 Am )
Credit



Comments
Post a Comment